Sunday, December 21, 2008

ကေအန်ယူနှင့် ဗမာစစ်တပ်တို့ တိုက်ခိုက်မှုအပြီး ဒေသခံများ ထိန်းသိမ်းခံရ

Thursday, December 18, 2008
Wed 17 Dec 2008, လရီမွန်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အနောက်ဘက်ကမ်း ထီးပေါ့ကလိုကျေးရွာအနီးတွင် ကေအန်ယူနှင့် ဗ မာစစ်တပ်တို့ ခြုံခိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တွင် ဒေသခံများကို ကေအန်ယူနှင့် အဆက်အသွယ်ရှိသည်ဟူသော သံသယဖြင့် ဗမာစစ်တပ်မှ ထိန်းသိမ်းခဲ့သည်။

အထိန်းသိမ်းခံရသူများမှာ တိုက်ပွဲဖြစ်ပွားခဲ့သော ထီးပေါ့ကလို ကျေးရွာဥက္ကဋ္ဌနှင့်အတူ ရွာသားနှစ်ဦးကို စစ်ပွဲဖြစ်ပွားခဲ့သည့်နေ့မှစ၍ ၃ ရက်ခန့် ထိန်းသိမ်းခံထားခဲ့သည်။

"စစ်တပ်က ဥက္ကဌ ဦးဝင်းသိန်းနဲ့ တခြားရွာသားနှစ်ယောက်ကို ကေအန်ယူနဲ့ အဆက်အသွယ် ရှိတယ်ထင်လို့ ခေါ်သွားခဲ့တာ၊ ပထမနေ့မှာ မိသားစုတွေ သွားတွေ့ပေမယ့် သူတို့က တွေ့ခွင့်မပေးဘူး၊ ဒါပေမယ့် သုံးရက်လောက် အထိန်းအသိမ်းခံပြီးတော့ ပြန်လွတ်လာကြ တယ်'' ဟု ထီးပေါ့ကလို ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်မှ ဖမ်းဆီးထားသူများကို ငွေကြေးတောင်းယူခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း မရှိသော်လည်း ထိုကဲ့သို့ တိုက်ပွဲသည် ကျေးရွာအနားတွင် ဖြစ်ပွားခဲ့ရာ ဒေသခံများသည် စစ်ပွဲကို ကြောက်ရွံ့ နေကြရသည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့် ဒေသခံပြည်သူများမှာ ဗမာစစ်တပ်ကို ပို၍ ကြောက်လန့်လာနေကြသည်ဟု ထိုဒေသခံက ဆက်ပြောသည်။

၎င်းတိုက်ပွဲသည် ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီတွင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ကေအန်ယူ) မှ တပ်ရင်း ၁၆၊ တပ်ခွဲ ၁ ၏ တပ်စိပ်တစ်စိပ်သည် ဗ မာစစ်တပ် ခလရ ၂၃၊ ခမရ ၂၈၃၊ ခမရ ၂၈၄ တို့ကို ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ဒူးပလာယာခရိုင်မှ ဗိုလ်ကြီး ထက်နေက လက်ခံရရှိသော ကြေးနန်းစာအတိုင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

"အဲဒီ တိုက်ပွဲမှာ ဗ မာဘက်က ၄ ယောက်ကျပြီး ကေအန်ယူဘက်မှာတော့ အကျအဆုံး မရှိဘူး၊ သူတို့ဘက်က ထပ်တက်လာရင်တော့ တိုက်ပွဲက ထပ်ဖြစ်ဖို့တော့ ရှိတယ်" ဟု ၎င်းက ဆက်ပြောသည်။

သို့သော် သေဆုံးသွားသည့် ဗမာစစ်သား တစ်ဦးနှင့် ဒဏ်ရာရ သွားခဲ့သူ နှစ်ဦးအား သယ်ဆောင်သွားသည်ကို တွေ့ခဲ့သည်ဟု မျက်မြင်ဒေသခံတစ်ဦးက ဆိုသည်။ ၄င်းတိုက်ပွဲသည် ထီးပေါ့ကလိုရွာဝင်ဝနားတွင် ဖြစ်ပွားခဲ့သည်။

ယခုဗမာစစ်တပ်သည် ကြာအင်းဆိပ်ကြီး ဒေသတစ်ဝိုက်တွင် တပ်စွဲထားပြီး ပြန်လည် ထိုးစစ်ဆင်ရန် ရှိသေးသည်ဟု ကေအန်ယူတို့ က သတင်းရရှိထားသော်လည်း ၎င်းတို့ဘက်မှ တစ်စုံတစ်ရာလှုပ်ရှားမှု မရှိသေးပါ။

No comments: