Friday, December 26, 2008

ဤအိမ်ပေါ်တွင် ကောင်းချီးမင်္ဂလာ ရောက်စေသောဝ်”


Wednesday, 24 December 2008 18:53 အေးချမ်းမြေ့

မညီမညာ နှုတ်ဆက်သံ လေးများကြောင့် သန်လျှင်မြို့မှ လပ်ကီး လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဒေါ်ညို တယောက် ဆိုင်ရှေ့သို့ ထွက်ကြည့်လိုက်ရာ ခပ်နွမ်းနွမ်း အဝတ်အစား ကလေးများ နှင့် ၁၀ နှစ်မှ ၁၄ နှစ်ခန့်အရွယ်ထိ ကလေးငယ် ၇ ယောက်၊ ၈ ယောက်က ခရစ္စမတ်သီချင်းများကို မပီမသ သီဆိုနေသည်ကို တွေ့လိုက် ရသည်။
ထိုကလေးများထဲတွင် ဒေါ်ညိုနှင့် မျက်မှန်းတန်းမိနေသော ကလေးငယ် ၃ ယောက်ခန့် ပါသည်။ ထိုကလေးများက ဒေါ်ညို့လက်ဖက်ရည်ဆိုင်တွင် သောက်ရေသန့် ဘူးလွတ်များ လာတောင်းနေကျ ကလေးများဖြစ်သည်။ သူတို့က အမှိုက်ထဲမှ ပြန်လည်ရောင်းချနိုင်မည့် ပစ္စည်းများကို ရှာဖွေကာ ပလတ်စတစ်၊ စက္ကူ၊ ပုလင်း စသည့် ပစ္စည်းဟောင်းကောက်သော ဒိုင်များတွင် ပြန်သွင်းကြသည်။
“ဒီကလေးတွေ ဆိုင်ရှေ့ သီချင်းလာဆိုတော့ ကျမ ရုတ်တရက် အံ့သြသွားတယ်” ဟု ဒေါ်ညိုကပြောသည်။ ဒေါ်ညိုက ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သော်လည်း သူ့လက်ဖက်ရည် ဆိုင်တွင် ထိုင်နေကျ ဖောက်သည် ခရစ်ယာန်ဘာသာဝင်များ ရှိသောကြောင့် ထိုအဖွဲ့များက ကြိုတင် ပြောကာ ခရစ္စမတ် သီချင်းများ လာဆိုနေကျဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ သီချင်းလာဆိုသော ခရစ္စယာန်အဖွဲ့ သုံးဖွဲ့၊ လေးဖွဲ့ရှိသော်လည်း ယခုကဲ့သို့ အမှိုက်ကောက်သော ကလေးများ အုပ်စုဖွဲ့ကာ သီချင်းလာဆိုခြင်းမျိုးကို ပထမဦးဆုံး ကြုံတွေ့ရခြင်းဖြစ်ကြောင်း သူက ဆက်ပြော သည်။
“သူတို့ကိုမေးကြည့်တော့ အလုပ်မရှိကြတော့လို့တဲ့။ သူတို့ ပစ္စည်းသွင်းနေကျ ဆိုင်တွေ ပိတ်ကုန်ကြလို့ ခုလို သီချင်းဆိုပြီး ပိုက်ဆံ လိုက်တောင်းတာလို့ ပြောပြတယ်” ဟု ဒေါ်ညိုက ဆိုသည်။
ဒီဇင်ဘာလ မတိုင်ခင်ကတည်းက ခရစ္စမတ်တေးသံများကို ဟိုမှာ၊ သည်မှာ ကြားနေရသည်။ ခရစ္စယာန် ဘုရားကျောင်းပေါင်းစုံမှ လူငယ်များက ခရစ္စမတ် ဓမ္မတေးများကို ဘုရားကျောင်း အသင်းဝင်များ နေအိမ်တွင် လိုက်လံသီဆိုကြသည်။ ထိုသို့ သီဆိုသည့်အခါတိုင်း အိမ်ရှင်များက စားစရာများဖြင့် ဧည့်ဝတ် ပြုကြသည့်ပြင် ဘုရားကျောင်းအတွက် အလှူငွေများ ထည့်ဝင်ကြသည်။
တချို့ မိဘမဲ့ ကလေးစောင့်ရှောက်သည့်အဖွဲ့၊ မျက်မမြင်များ စောင့်ရှောက်သည့် အဖွဲ့ စသည့် ခရစ်ယာန်အဖွဲ့အစည်း များသည်လည်း ခရစ္စမတ် အချိန်အခါ မတိုင်မီ အသိ မိတ်ဆွေများ နေအိမ်သို့ သီချင်းများ လိုက်လံ သီဆိုကာ မိမိတို့ အဖွဲ့အစည်းအတွက် အလှူငွေ ကောက်ခံကြသည်။
ထိုသို့ အလှူငွေကောက်ခံရန် သီချင်းလိုက်လံသီဆိုခြင်း ပြုရာတွင် အသိအကျွမ်း အိမ်များသို့ ကြိုတင် အကြောင်းကြားကာ သွားရောက် သီဆိုကြခြင်းဖြစ်သည်။
“ကျနော်တို့ အဖွဲ့တွေလည်း ရင်းနှီးတဲ့ အိမ်တွေမှာ သီချင်းလိုက်ဆိုပြီး အလှူငွေခံမယ်။ ရတဲ့ငွေက နာဂစ် မုန်တိုင်းဒဏ် ခံရတဲ့သူတွေကို သွားပေးဖို့ အတွက်ပါ” ဟု အိုင်စီ တေးဂီတမှ ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောပြသည်။
ခရစ္စမတ်သည် ယေရှု ခရစ်တော် မွေးဖွားခြင်း အထိမ်းအမှတ်ပွဲဖြစ်ပြီး ခရစ္စမတ်၏ အဓိပ္ပာယ်မှာ ဝေငှခြင်း၊ ပေးကမ်းခြင်း ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာတဦးက ပြောပြသည်။“ခရစ္စမတ်ဆိုတာ ခရစ်တော်က သူ့ကိုယ်သူ ဒီလောကကြီးကို လာပေးဆပ်တယ် ဆိုတဲ့အဓိပ္ပာယ်ပဲ။ ဒါကြောင့် တဦးနဲ့ တဦး ပေးကြကမ်းကြမှ ခရစ္စမတ်ရဲ့အဓိပ္ပာယ် ပြည့်ဝမယ်” ဟု ၎င်းက ဆိုသည်။
ယခင်က မျက်မမြင် ၂ ဦး ၃ ဦးနှင့်အတူ လူ ၆ ယောက် ၇ ယောက်စုလျှက် ဂစ်တာတီး သီချင်းသီဆိုကာ အလှူငွေ လိုက်လံ ကောက်ခံသည့် အဖွဲ့များ တွေ့ဖူးသော်လည်း ယခု နှစ်တွင် ထိုကဲ့သို့သော အဖွဲ့များအပြင် ဆင်းရဲသည့်သူများ စု၍ သီချင်းလိုက်လံ သီဆိုခြင်း များ ပိုမိုများပြားလာသည်ဟု သန်လျင်မြို့နေ ခရစ်ယာန် ဘာသာဝင်တဦးက ဆိုသည်။
ဘုရားကျောင်း သို့မဟုတ် အဖွဲ့အစည်း တခုခုမှ သီချင်းလိုက်လံ သီဆိုလျှင် အလှူငွေများ ထည့်ဝင်ကြ သော်လည်း ထိုကဲ့သို့ အဖွဲ့အစည်းမဟုတ်ဘဲ ပိုက်ဆံ လိုက်လံ တောင်းခံ သူများကိုမူ အများစုက မပေးချင်ကြကြောင်း သူက ဆက်ပြောသည်။
“ကျနော်တို့ ခရစ်ယာန်ဘာသာဝင်တွေတောင် အဲလို ပိုက်ဆံတောင်းဖို့ သီချင်းလိုက်ဆိုတာမျိုးကို မပေးချင်ကြဘူး” ဟု သူက ဆိုသည်။
ဒေါ်ညိုကတော့ သူ့ဆိုင်တွင် သီချင်းလာဆိုသူများကို တတ်နိုင်သလောက် ဧည့်ခံသည်ဟု ပြောပြသည်။ ထိုသို့ သီချင်းလာဆိုသည်ကို ဒေါ်ညိုက နိမိတ်ကောင်းသည်ဟု ယူဆသည်။
ပလတ်စတစ်ကောက်သည့် ကလေးများ သီချင်းလာဆိုသည်နှင့် ပတ်သက်၍ ၎င်းက “ကလေးတွေက သီချင်းလည်း ကောင်းကောင်းမရပါဘူး။ ဒီလိုပဲ ဆိုချင်ရာဆိုကြတာ။ ဒါပေမယ့် သနားစရာကောင်းလို့ မုန့်ဖိုးပေးလိုက်တယ်” ဟု ပြောပြသည်။

No comments: