Saturday, April 11, 2009

နအဖရဲ့ ခါးပိုက်ဆောင်တပ် အပိုင်း(၂)

ဗိုလ်ထက်မင်း /ဧပြီလ(၁၀) ရက်၊ ၂၀၀၉အပိုင်း (၁) မှာ တင်ပြခဲ့သလို မာနယ်ပလော ဌာနချုပ်ကို အတူတိုက်ခိုက်ခဲ့တဲ့ အချိန်ကတည်းက ဒီကေဘီအေနဲ့ ဗိုလ်ရွှေမန်းတို့ဟာ ရင်းနှီးခဲ့ကြပါတယ်။ တဖန် ဗိုလ်ရွှေမန်း တပ်မ (၁၁) တပ်မမှူးဘ၀နဲ့ မြိုင်ကြီးငူ ဧရိယာ စစ်ဆင်ရေး ပြန်ဝင်လာကာ ထိုင်းကို ဒီကေဘီအေအား မဟာဗျူဟာအရ စစ်ကစားခိုင်းဖို့ ကြီးကြပ် Control လုပ်ခဲ့ရပြန်တာကြောင့် ရင်းနှီးမှု အတိုင်းအတာ ပိုမိုနက်ရှိုင်းခဲ့ပါတယ်။ဗိုလ်ရွှေမန်း နတခ တိုင်းမှူးအဖြစ် ပုသိမ်သို့ ပြောင်းသွားတာ တောင် ဒီကေဘီအေခေါင်းဆောင်တွေဟာ ရန်ကုန်မှတဆင့် ပုသိမ်သို့ တကူးတက သွားရောက်ကာ လည်ပတ်ခဲ့ကြပါသေး တယ်။ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီ ၀န်ကြီးချုပ် ချွန်လီပိုင် လက်ထက်မှာ နှစ်နိုင်ငံ နယ်စပ်ရှိ တောင်ကုန်းပိုင်ဆိုင်မှု အငြင်းပွားကာ တိုက်ပွဲများ ဖြစ်နေပြီး ထိုင်း F - 16 ဂျက် တိုက်လေယာဉ်က ၀င်ရောက်ပစ်ခတ်မှုနဲ့ ထိုင်း အမှတ် (၃) စစ်တိုင်းမှူး ဗိုလ်ချုပ် ၀ပ်တနာတို့ရဲ့  အလျှော့မပေးမှုတို့ကြောင့် နှစ်နိုင်ငံ တင်းမာမှု ဖြစ်နေခဲ့ပါတယ်။ တခါ စွမ်းအားမြှင့် ကျောင်းသားစစ်သည်တော်များ မြန်မာသံရုံးကို ၀င်ရောက်စီးနင်းတဲ့ ကိစ္စအပေါ်မှာလည်း ထိုင်းနိုင်ငံက အရေးမယူခဲ့တဲ့အတွက် နအဖက ဒေါသဖြစ်ကာ ဒီကေဘီအေကို အသုံးချပါတော့တယ်။စစ်ရုံး (ကကကြည်း) ကို ရောက်လာတဲ့ ဒီကေဘီအေက ဗိုလ်ကျော်သန်းတို့ အဖွဲ့ကို အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးက “ကောင်လေးတွေ ဒီကေဘီအေလိုချင်တာ အကုန်ပေးလိုက်” လို့ ကကကြည်း (တာဝန်) ကို အမိန့်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီကေဘီအေကို လက်နက်ခဲယမ်းများအပြင် ဖိနပ်၊ ၀တ်စုံ၊ ကျောပိုးအိတ်တို့ကို ထုတ်ပေးပြီး ဒီကေဘီအေ အင်အားနည်းလို့ ရှိရင် စစ်တပ်မှ စစ်သားများကို ဒီကေဘီအေ၀တ်စုံဖြင့် လဲလှယ်အသွင်ပြောင်း ၀တ်ခိုင်းပြီး ဒီကေဘီအေတပ်အနေနဲ့ ထိုင်းနိုင်ငံထဲသို့ ၀င်တိုက်ခိုင်းခဲ့ပါတော့တယ်။တင့်ကားများကို ရှမ်းပြည်နယ် ကျိုင်းတုံအထိ ပို့ပြီး ကရင်ပြည်နယ်တွင်လည်း အမြောက်တပ်မများနဲ့ လေကြောင်း ကာကွယ်ရေး (Air Defense) ဌာနချုပ်များ တိုးချဲ့ ဖွင့်လှစ်ပြန်ရာ လိုက်လံနေရာချပေးနေတဲ့ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးနဲ့ ရတခ တိုင်းမှူး ဗိုလ်ချုပ် သီဟသူရစစ်မောင်နဲ့အဖွဲ့ ရဟတ်ယာဉ် ပျက်ကျတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ နအဖက ၀ယ်ယူထားတဲ့ တရုတ် F - 7 ဂျက်တိုက် လေယာဉ်တွေဟာ ထိုင်းနိုင်ငံမှ အသုံးပြုနေတဲ့ F - 16 ဂျက်တိုက် လေယာဉ်တွေကို စွမ်းရည် မယှဉ်နိုင်တာမို့ ဗိုလ်မောင်အေးလည်း ရုရှားသို့ ဖုတ်ပူမီးတိုက် အကူအညီ တောင်းခဲ့ရပါတယ်။ဒီနေရာမှာ တရုတ်နိုင်ငံမှ ရရှိထားတဲ့ တိုက်လေယာဉ်၊ တင့်ကား၊ စစ်ရေယာဉ် အပါအ၀င် စစ်လက်နက်ပစ္စည်း တွေဟာ အရည်အသွေး ညံ့ဖျင်းတာကြောင့် ပြည်ပစစ်လိုမျိုး ကြုံတွေ့လာခဲ့ပါလျှင် အားကိုးလို့ မရတော့ကြောင်း စစ်တပ်မှ အရာရှိများ သိလာရပါတယ်။ လက်အောက်ခံ အရာရှိတွေမှသည် ဗိုလ်ချုပ်အဆင့်ထိ တရုတ်နိုင်ငံမှ လက်နက်များအပေါ် ၀ယ်ယူနေမှုအား မနှစ်မြို့ကြဘဲ သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။တပ်မတော် (ကြည်း၊ လေ) ခြေလျင်၊ တင့်၊ အမြောက် လေ့ကျင့်ခန်းကြီးတွင် တရုတ်နိုင်ငံမှ ၀ယ်ယူထားတဲ့ F - 7 ဂျက်တိုက်လေယာဉ်တွေဟာ မြေပြင်ရှိ ရန်သူ ပစ်မှတ်ကို ပစ်ခတ်နိုင်ဖို့ အနိမ့်ကို ပြန်ဆင်းပြီးမှ ပစ်ခတ်လို့ရတဲ့ အတွက် လေယာဉ် အန္တရာယ်များလှကြောင်း ဗိုလ်ချုပ်တချို့က ဝေဖန်ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံက F - 16 ဂျက်တိုက်လေယာဉ်တွေကို တန်ပြန်ဖို့ နအဖက F - 7 ဂျက်တိုက်လေယာဉ်တွေကို အမိန့်ပေးတဲ့အခါမှာ နမ့်ဆန် လေတပ်စခန်းမှ နယ်စပ်အထိ အသွားအပြန် ဆီမလုံ လောက်တဲ့အပြင် စီးချင်းထိုး စွမ်းရည်မှာ ညံ့ဖျင်းနေတာကြောင့် လက်တုံ့ပြန်မှု မရှိနိုင်တာကို တွေ့ရပါတယ်။နအဖဟာ နိုင်ငံတကာလို မဟုတ်ဘဲ လူ (ပိုင်းလော့) ထက် လေယာဉ်ကို တန်ဖိုးထားတာကြောင့် F - 7 လေယာဉ် လေ့ကျင့်ရင်း မကြာခဏ ပျက်ကျ သေဆုံးသွားတဲ့ လေယာဉ်မှူးများရဲ့  အဖြစ်ဟာ ရင်နာစရာကောင်းလှပါတယ်။ ရုရှားကလည်း နာမည်ကျော် ဘက်စုံသုံး SU - 27 ဆူကွိုင်း ဂျက်တိုက်လေယာဉ်ကြီးကို ရန်ကုန်မှာ နမူနာပြ ပျံသန်း ကြော်ငြာခဲ့ပေမယ့် ဈေးကြီးတာကြောင့် MIG - 29 ကိုသာ အကြွေးစနစ်နဲ့ နအဖဟာ ၀ယ်ယူခဲ့ရပါတယ်။နအဖဟာ ထိုင်းနိုင်ငံနဲ့ စစ်ရေးအရ ယှဉ်ရာမှာ F - 16 အမေရိကန်ရဲ့  ခေတ်မီ ဂျက်တိုက်လေယာဉ်ကို ယှဉ်နိုင်ဖို့ ရုရှားနိုင်ငံမှ MIG - 29 ဂျက်တိုက်လေယာဉ် (၁၀) စီးကို အပူတပြင်း ၀ယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ F - 16 ဂျက်တိုက် လေယာဉ်တွေကို ကြားဖြတ် ချေမှုန်းနိုင်ဖို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစခန်းတွေနဲ့ ရေဒါစခန်းတွေကို တနင်္သာရီတိုင်းမှာ ရုရှားအကူအညီနဲ့ ဖြန့်ကြက် နေရာချခဲ့ပါတယ်။နအဖရဲ့  Strategy Plan အရ ဒီကေဘီအေကို ဦးစွာ စစ်ကစားခိုင်းမှာဖြစ်ပြီး ထိုင်းက ဒီကေဘီအေကို ဖိအားပေး ထိုးစစ်ဆင်လာခဲ့ရင် နအဖက အင်အားကြီးမားစွာနဲ့ တုံ့ပြန်သွားရန် စီစဉ်ထားပါတယ်။ နအဖရဲ့  ခါးပိုက်ထဲမှာ ဆောင်ထားတဲ့ ဒီကေဘီအေကို အရေးကြုံရင် ထိုးကျွေးဖို့ ကြံစည်ထားတာမို့ နအဖရဲ့  အောက်လမ်းနည်းကို တိုင်းရင်းသားတွေ သတိထားဖို့ လိုပါတယ်။တကြိမ်မှာတော့ အင်အား (၇၀၀) ခန့် အထိရှိတဲ့ ဒီကေဘီအေတွေဟာ ထိုင်းရဲကင်း စခန်းနဲ့ ဒုက္ခသည်စခန်းတွေကို ၀င်ရောက် ပစ်ခတ်ဖျက်ဆီးလို့ ထိုင်းထောက်လှမ်းရေး အမျိုးသားလုံခြုံရေးကောင်စီက လာရောက်တိုင်ကြားခဲ့ ပါတယ်။ ကကလှမ်းက မသိလိုက်တဲ့ပုံစံ အချိုးမျိုးနဲ့ ဒီကောင်လေးတွေကိုခေါ်ပြီး ထိန်းသိမ်းပေးလိုက်ပါမယ်ဆိုကာ ဒီကေဘီအေကို အနီးကပ်ကိုင်တွယ်နေတဲ့ ဗိုလ်ရွှေမန်းအား လက်သိပ်ထိုးပြောပြီး မီးနီပြ ပြန်ခေါ်ခိုင်းခဲ့ပါတယ်။ယခုအချိန်ထိ ဒီကေဘီအေဟာ ထိုင်းနိုင်ငံ အုန်းဖန်မြို့အနီး ထိုင်းကျေးရွာ တရွာမှ ရွာလူကြီးနဲ့ ရွာသားတချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကာ ရိုက်နှက်ပြီးမှ ပြန်လွှတ်တဲ့ဖြစ်စဉ် ဖြစ်ပွားနေပါတယ်။ တပ်မဟာ (၆) ကေအန်ယူ တပ်ဖွဲ့များကို ဒီကေဘီအေက တိုက်ခိုက်နေတာဟာလည်း နအဖရဲ့ ဖိအားပေးခိုင်းစေချက်သာ ဖြစ်ပါတယ်။ယခုတလော ထိုင်းနိုင်ငံက ကေအန်ယူကို ဖိအားပေးတာနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ နအဖဟာ ဒီကေဘီအေကို နောက်ကွယ်က ကြိုးကိုင်ပြီး ထိုင်းနိုင်ငံအား နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာအရ အသာစီးရယူဖို့ ကြိုးစားနေပါတယ်။စစ်ရုံးမှာ စစ်အာဏာရှင်တွေ ပြောနေကျ စကားတွေကို တင်ပြရရင် ယိုးဒယားတွေကို နိုင်ချင်ရင် ဂတ်စ်လိုင်းနဲ့ နယ်စပ်တံခါးတွေ ပိတ်လိုက်ရုံနဲ့ နှိပ်ကွပ်လို့ရကြောင်း၊ သမိုင်းအဆက်ဆက် အလောင်းဘုရား သက်သေထူပြီး ငယ်နိုင်တွေသာ ဖြစ်ကြောင်း၊ သူတို့ F - 16 ရန်ကုန်ရောက်နိုင်ပေမယ့် ငါတို့ စစ်သားတွေ၊ ဒီကေဘီအေတွေ ချင်းမိုင်ကို အသာလေး ရောက်နိုင်ကြောင်း၊ စီမံချက်တွေလည်း ရေးဆွဲထားပြီးဖြစ်ကြောင်း စသဖြင့် အမြဲပြော တတ်ပါတယ်။ဒါကြောင့် နအဖဟာ ကေအန်ယူကို အင်အားထိန်းချုပ်လို့ရအောင် ဒီကေဘီအေကို ထားသလို ထိုင်းနိုင်ငံကို မဟာဗျူဟာအရ နိုင်ငံရေး၊ စစ်ရေး ခြိမ်းခြောက် ဖိအားပေးလို့ရအောင် Buffer ကြားခံအဖြစ် အသုံးချခြင်း ဖြစ်ပါတယ်။ဒါကြောင့် ဒီကေဘီအေကို နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ တဖက်လှည့် ပရိယာယ်ဆင်ကာ ထားမယ်လို့လည်း သိရှိရပါတယ်။ ယခင်ကလည်း လက်အောက်ခံတပ်အဖြစ် တရားဝင် မထားခြင်းဟာ ထိုင်းက ထောက်ပြလာရင် အပြည်ပြည်ဆိုင်ရာ နှစ်နိုင်ငံ နယ်စပ် ကျူးကျော်မှု ဥပဒေအရ ငြင်းရခက်သွားမှာ ဖြစ်တာကြောင့် ကကကြည်းရဲ့ အရန်အင်အားသဘော ခါးပိုက်ဆောင်တပ်အဖြစ် လျှို့ဝှက်ထားရှိတာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
Posted by အဲခေါင်သောင့်

No comments: