Wednesday, April 8, 2009

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို ကေအင်ယူ လက်ခံ

ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 08 2009 17 :26 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရူမ်းမှတဆင့် မြန်မာစစ်အစိုးရက ကမ်းလှမ်းသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကရင်အမျိုးသား အစည်းအရုံးက ယခုတပတ် တနင်္လာနေ့က လက်ခံလိုက်ပြီ ဖြစ်သည်။ ကမ်းလှမ်းချက်နှင့် စပ်လျဉ်း၍ တနင်္လာနေ့က ဘန်ကောက်မြို့တွင် တနာရီကျော်ကြာ ပြုလုပ်ခဲ့သော အလွတ်သဘော ဆွေးနွေးပွဲတွင် KNU က လက်ခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ “နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတာကြောင့် စစ်အစိုးရက ကမ်းလှမ်းလာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျနော်တို့ လက်ခံလိုက်တဲ့အကြောင်း သူတို့ကို (ထိုင်းတွေကို) ပြောလိုက်ပါပြီ” ဟု ကေအင်ယူ ဒုဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက မဇ္ဈိမကို ယနေ့ ပြောသည်။ သို့သော် ဆွေးနွေးပွဲကျင်းပမည့် နေ့ရက်နှင့် နေရာကိုမူ သတ်မှတ်ခြင်း မပြုရသေးပါ။ ဒေးဗစ်တာကပေါ ဦးဆောင်၍ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ပါဝင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် KNU နှင့် စစ်အစိုးရအကြား ဝင်ရောက် ညှိနှိုင်းပေးနေသည့် ဝန်ကြီး ကဆစ် (Kasit Piromya) နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အခြားအရာရှိများကို တွေ့ဆုံခဲ့ကြသည်။ အစည်းအဝေးအတွင်း ကဆစ်က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသန်းစိန် ပြောဆိုလိုက်သည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် KNU နှင့် ဆွေးနွေးလိုပါကြောင်း စစ်အစိုးရ၏ မှာကြားချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ “အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် သိန်းစိန်က ကျနော်တို့နဲ့ ဆွေးနွေးလိုတယ်ဆိုတဲ့အကြောင်း သူတို့ (ထိုင်းတွေ) က ကျနော်တို့ကို ပြောပြပါတယ်။ မစ္စတာ ကဆစ်က ဒီကိစ္စမှာ သူက ကူညီဆောင်ရွက်ပေးသူအဖြစ် ပါဝင်မယ့်အကြောင်းလည်း ပြောပါတယ်” ဟု စောဒေးဗစ်တာကပေါက ပြောသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရေးအတွက် KNU ကို ဖျောင်းဖျနားချပေးဖို့အရေး ပြီးခဲ့သည့်လက သွားရောက်ခဲ့သော သူ၏ ၂ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာဝန်ကြီးချုပ်က မစ္စတာကဆစ်ကို အကူအညီတောင်းခဲ့သည်။ “စစ်အစိုးရက ပြဿဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းချင်တယ်ဆိုရင် ကျနော်တို့ကလည်း ဆွေးနွေးဖို့ အဆင်သင့် ရှိပါတယ်” ဟု စောဒေးဗစ်တာကပေါက ပြောဆိုပြီး၊ KNU အနေဖြင့် ရှေးဦးစွာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် စစ်အစိုးရကို ဆက်လက်တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သူက ဆိုသည်။ ဤအတောအတွင်း ထိုင်း-မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်အတွင်း ယင်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို KNU ၏ ခွဲထွက်အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) က အသစ်တဖန် ထိုးစစ်ဆင်နေမှုများကို မြန်မာစစ်တပ်က ကူညီနေသည်ဟု စောဒေးဗစ်တာကပေါက စွပ်စွဲပြောကြားသည်။ ယင်းထိုးစစ်များကို KNLA တပ်ရင်းများက ပြောက်ကျားနည်းဗျူဟာ သုံး၍ ပြန်လည်တုံ့ပြန်လျက်ရှိသည်။ “ကော့ကရိတ်ခရိုင်ထဲမှာ DKBA စစ်တပ်က ကျနော်တို့ကို တိုက်ခိုက်နေတာကို မြန်မာစစ်တပ်က ကျောထောက်နောက်ခံ ပြုပေးထားပါတယ်။ ကျနော်တို့ကလည်း ပြောက်ကျား စစ်ရေးနည်းပရိယာယ်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်” ဟု သူက ပြောသည်။ “ကျနော်တို့ (KNU နဲ့ စစ်အစိုးရ) ဟာ တဖက်နဲ့ တဖက် စကားပြောနေတုန်း တိုက်လည်း တိုက်နေကြတာပဲ” ဟု သူက ဆက်ပြောသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို ၁၉၄၈ ခုနှစ်တွင် စတင်လိုက်ကတည်းက KNU သည် မြန်မာစစ်အစိုးရနှင့် ယခင်က ၅ ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်သည်။ ၂ဝဝ၄ ခုနှစ်အတွင်းက ယခင်မြို့တော်ဟောင်း ရန်ကုန်တွင် ကျင်းပသော နောက်ဆုံးအကျော့ ဆွေးနွေးပွဲများအတွင်း ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် KNU ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးမြတို့ နှစ်ဖက်အကြား ‘လူကြီးလူကောင်း သဘောတူညီချက်’ ဟု လူသိများသော အပစ်အခတ် ရပ်စဲရေး နှုတ်ကတိကို ရရှိခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှ သန့်စင်ဖယ်ရှားခဲ့အပြီးတွင် အဆိုပါ ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့သည်။ ငြိမ်းချမ်းရေး ကြိုးပန်းမှုများနှင့် စပ်လျဉ်း၍ ယခင်လက ထုတ်ပြန်ခဲ့သော KNU ၏ ကြေညာချက်တွင် “အာဏာရယူထားသော စစ်အစိုးရဘက်မှ ရိုးသားမှု မရှိခြင်းကြောင့် KNU နှင့် မြန်မာစစ်အစိုးရ အဆက်ဆက် အကြား အစဉ်တစိုက် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရသည်” ဟု ရေးသားထားသည်။ ယခုလ ၄ ရက်နေ့ထုတ် မြန်မာနိုင်ငံ၏ နိုင်ငံတော်ပိုင် သတင်းစာ ‘မြန်မာ့အလင်း’ တွင် ကွယ်လွန်သူ KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးစောဗိုလ်မြ၏ သား နေစိုးမြ သည် ကရင်သူပုန် ၇၁ ဦးကို ခေါင်းဆောင်ကာ စစ်အစိုးရဘက်သို့ မတ်လ ၃ဝ ရက်နေ့က ကူးပြောင်းဝင်ရောက်ခဲ့သည်ဟု ရေးသားထားသည်။ သို့သော် စောဒေးဗစ်တာကပေါကမူ အဆိုပါ စစ်အစိုးရဘက်သို့ ကူးပြောင်းခိုဝင်သွားသော ကရင်စစ်သား ၇၁ ဦး ဆိုသည်မှာ ၄ ဦးသာ KNLA တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ ကျန်သူများမှာ အရပ်သားများသာ ဖြစ်သည်ဟု ပြောသည်။ ဤသို့ ကရင် ၇၁ ဦး KNU မှ ခွဲထွက်သွားရခြင်းမှာ မြန်မာစစ်အစိုးရ အထူးသဖြင့် ဗိုလ်မှူးချုပ် စောဌေးမောင် ခေါင်းဆောင်သည့် DKBA အဖွဲ့က ငွေနှင့် ဖျားယောင်း၍ ဖြစ်ရသည်ဟုလည်း သူက ဆက်ပြောသည်။ “ဒီလိုခြစားနေတဲ့ မကောင်းတဲ့သူတွေ ကူးပြောင်းသွားတာ KNU အတွက် ပိုတောင် ကောင်းပါသေးတယ်” ဟုလည်း သူက ဆက်ပြောသွားသည်။

No comments: