Thursday, April 23, 2009

စစ်အစိုးရက KNU ကို ဖိအားပေးနေ

Monday, 20 April 2009 18:50 သန်းထိုက်ဦး

မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်စခန်းတခုကို သိမ်းပိုက်ရန် ကြိုးစား နေကြောင်း သိရှိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ KNU လက် အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ စခန်း တခုကို နအဖတပ်များ နှင့် DKBA တပ်ဖွဲ့များက ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့ အထိ ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ “အခုထိ နအဖနဲ့ DKBA တပ်တွေ ပြန်မဆုတ်သေးဘူး၊ ဝေါ်လေခီး စခန်းကို ရအောင်တိုက်မယ်လို့ ပြောတယ်”ဟု KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။ ယင်းတိုက်ပွဲသည် လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က KNU အဖွဲ့အား ငြိမ်းချမ်းရေးအတွက် နားချပေးရန် ပြောဆိုခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ယခု လဆန်းပိုင်းတွင်လည်း ထိုင်းအာဏာပိုင်များမှ KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ကို ဘန်ကောက်မြို့ တနေရာတွင် ခေါ်ယူ၍ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။တချိန်တည်းတွင်ပင် KNU ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ(ကွယ်လွန်) ၏သား ဗိုလ်ကြီး စောနေစိုးမြက လည်း စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရနှင့် အတူ ပူးတွဲလုပ်ဆောင် သွားမည်ဖြစ်ပြီး KNU တွင်ဆက်လက်ကျန်ရှိနေသောအဖွဲ့ဝင်များအနေဖြင့်လည်း ကရင် ပြည်နယ် အေးချမ်း သာယာတိုးတက်ရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း ပြောကြားထားသည်။ ဧပြီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ ညပိုင်းက ထုတ်လွှင့်သွားသည့် စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် စောနေစိုးမြက ကရင်ဘာသာစကားဖြင့် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။အဆိုပါ တွေ့ဆုံမေးမြန်းခန်းကို စစ်အစိုးရပိုင် မီဒီယာများတွင် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ထုတ်လွှင့်ပြသ သွားခြင်းဖြစ်သည်။ ယခုကဲ့သို့ စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူခြင်းမှာ KNU ခေါင်းဆောင် ၄င်း၏ဖခင် ချမှတ်ထားသော လမ်းစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊အဆိုပါငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးလေး တော်စပ်သူ ဗိုလ်ထိန် မောင်က လုပ်ဆောင်ခဲ့ရာ ဗိုလ်ထိန်မောင်နှင့်အဖွဲ့ဝင်များ ဖိနှိပ်ချူပ်ခြယ်ခြင်းမရှိ လွတ်လပ်စွာသွားလာနိုင် ခြင်း၊ အေးချမ်း စွာဖြင့် စားဝတ်နေရေး အပါအ၀င်ဖွံ့ဖြိုးတိုးတက်လာသော အခြေအနေအရပ်ရပ်ကို ကိုယ်တိုင် သိမြင်တွေ့ကြုံ လာရသည့်အတွက် စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူလိုက်ခြင်းဖြစ်ကြောင်း စောနေစိုးမြ ကပြောဆိုသည်။ လက်ရှိ KNU ဗဟိုဌာနချုပ်သည် နိုင်ငံရေးကို ကစားစရာဟု သတ်မှတ်ပြီး ဆုံးဖြတ်ချက်လည်း တိတိကျကျ မရှိ သည့်အတွက် သေချာစွာစဉ်းစားပြီးငြိမ်းချမ်းရေးလမ်းစဉ်သို့ ပြန်လာစေချင်ကြောင်း၊ KNU လက်ရှိ ခေါင်း ဆောင် များတွင် ကရင်များပါသလို ကရင်မဟုတ်သူများလည်း ပါဝင်နေပြီး ကရင်ပြည်နယ် အရေးထက် ၄င်းတို့ ကောင်း စားရေးကို ဦးတည်လုပ်ဆောင်နေသည်ဟု ၄င်းကဆက်လက်ပြောသည်။ နှစ်ပေါင်း ၆၀ ကြာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် အကြီးဆုံးသော တိုင်းရင်းသားအဖွဲ့အစည်း KNU မှ ဗိုလ်ကြီးစောနေစိုးမြသည် တပ်သား အင်အား ၁၀၀ ကျော် ၏ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်း မီးကျောက်များနှင့်တကွကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး ကျေးရွာတွင် စစ်အစိုးရနှင့်ငြိမ်းချမ်းရေးရယူ ထားသော ဗိုလ်ထိန်မောင်အဖွဲ့နှင့် ၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လာရောက်ပူးပေါင်းခဲ့သည်ဟု စစ်အစိုးရ မီဒီယာများတွင် အကျယ်တ၀င့် ဖော်ပြခဲ့သည်။

No comments: