Wednesday, June 24, 2009

ထိုင်းကို ပုတ်ခတ်သည့်ဆောင်းပါး ဖော်ပြရန် ဂျာနယ်များကို ဖိအားပေး

Monday, 22 June 2009 16:50 အောင်သက်ဝိုင်း

ထိုင်းနိုင်ငံအား ဝေဖန် ပုတ်ခတ်ရေးသားထားသော ဆောင်းပါးများနှင့် အမေရိကန် သံတမန်အဖွဲ့က KNU (ကရင် အမျိုးသား အစည်းအရုံး) ကို ကူညီနေသည်ဆိုသော သတင်းများအား ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် စာပေစိစစ်ရေး က ဖိအားပေး ဖော်ပြခိုင်းကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အမှုဆင်ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဝေဖန်ခဲ့သော ထိုင်းအစိုးရအား “ယိုးဒယားအစိုးရ” ဟုခေါ်ဆို သုံးနှုန်းထားသည့် မိမြတ်မွန်မွန် ရေးသားထားသော “နှစ်သစ်ကူးသင်္ကြန်ကာလ ထိုင်းနိုင်ငံရောက်ရှိစဉ် အကြမ်းဖက်မှုများနှင့် နိုင်ငံရေး ဖြစ်စဉ်များ” အကြောင်း ဆောင်းပါးကို ယခုတပတ်ထုတ်ဂျာနယ်များ၌ ဖိအားပေး ထည့်သွင်းခိုင်းသည်ဟု စာနယ်ဇင်းအသိုင်းအဝန်းမှ ကြားသိရသည်။“ထိုင်းမှာ အနီရောင်၊ အ၀ါရောင် ဆန္ဒပြမှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ကြ၊ လေဆိပ်တွေပိတ်၊ ကားတွေမီးရှို့၊ လူတွေသေ၊ ရိုက်ကြနှက်ကြ တုန်းကတောင် မြန်မာနိုင်ငံက သူများ ပြည်တွင်းရေး ၀င်ရောက်မစွက်ဖက်ဘူး။ အခုအချိန်မှာ ကိုယ့်ပြဿနာကိုယ်မရှင်းဘဲ မြန်မာ့အရေးဝင်ရှုပ်တာရှက်ဖို့ကောင်းတယ်ဆိုတဲ့ သဘောမျိုး ရေးထားတဲ့ ဆောင်းပါးပါ” ဟု သတင်းဂျာနယ် အမှုဆောင်အယ်ဒီတာတဦးက ပြောသည်။ထို့အပြင် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့သော “ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်များအဖွဲ့ မဲလ ဒုက္ခသည်စခန်းနှင့် နယ်စပ်တလျှောက် စစ်ပွဲကြောင့် ထွက်ပြေးလာသော ကရင်သူပုန်ဆွေမျိုးများအား တွေ့ဆုံကူညီ” ဆိုသော သတင်းကိုလည်း ဂျာနယ်များအားလုံးတွင် ဖော်ပြခိုင်းသည်ဟု သိရသည်။အဆိုပါသတင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံတမန်အဖွဲ့က ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တာ့ခ် ခရိုင်၊ သာဆောင်ယမ်းမြို့နယ်၊ မဲလကရင် ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး ဒုက္ခသည်ဟု ခေါ်ဆိုသူများကို တွေ့ဆုံ အားပေး ကူညီနေကြောင်း၊ ထိုဒုက္ခသည်ဆိုသူများသည် ဒုက္ခသည်အမည်ခံ KNU သူပုန်များ၏ ဆွေမျိုးများ သာဖြစ်ကြောင်း ရေးသားထားသည်။ထို့ပြင် ယခု KNU နှင့်ဖြစ်ပွားနေသော စစ်ပွဲ မှာလည်း အစိုးရနှင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ DKBA နှင့် KNU တို့ ဖြစ်ပွားသော တိုက်ပွဲသာ ဖြစ်ပြီး မြန်မာ့ တပ်မတော်က လုံးဝပါဝင်ခြင်း မရှိဟုလည်း အစိုးရက တရားဝင် ငြင်းဆိုသည်။စာပေစိစစ်ရေးသည် ပြည်တွင်းသတင်းများ သာမက ပြည်ပသတင်းများကိုလည်း ဖြုတ်ပယ်မှုများပြုလုပ်နေရာ ယခုနောက်ပိုင်း မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နှင့် ပတ်သက်သည့် သတင်းများကို ရေးသားခွင့် မပြုကြောင်း သိရသည်။“အီရန်က ဆန္ဒပြပွဲတွေ၊ အစိုးရနှိမ်နင်းလို့ လူတွေသေကြေတယ်ဆိုတာတွေ ရေးခွင့် မရှိဘူး။ မြောက်ကိုရီးယားကို အာဏာရှင်နိုင်ငံလို့ သုံးနှုန်းတာမျိုးတွေ၊ မြောက်ကိုရီးယား ပြည်သူတွေ ငတ်ပြတ် နေတယ်ဆိုတာ မျိုးတွေ ရေးခွင့်ပိတ်တယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင်လည်း အမေရိကန် ၀င်ရောက် ကျူးကျော်ထားသော အီရတ်၊ အာဖဂန်နစ္စတန်နိုင်ငံများ၌ မတည်မငြိမ်ဖြစ်ကာ ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန် စစ်သားများနှင့် ပြည်သူများ သေဆုံးနေကြောင်း၊ အမေရိကန်ထောက်ခံသော ပါကစ္စတန်နိုင်ငံတွင်လည်း ယင်းသို့ ဖြစ်ရပ်များ ကြုံတွေ့နေရကြောင်း စသည့်သတင်းများကို သေဆုံးသူများ၏ ဓာတ်ပုံများနှင့် နေ့စဉ် ဖော်ပြနေသည်။“အစိုးရက သူတို့ ၀ါဒဖြန့်ဖို့ ကိုပဲ အာရုံထားပြီး စာနယ်ဇင်း ကျင့်ဝတ်ဆိုတာကို ဂရုမစိုက်ဘူး။ ဇွန်လ ၂၁ ရက်နေ့ ကြေးမုံ သတင်းစာမှာပါတဲ့ အီရတ်နိုင်ငံ ကာဘာလာမြို့ တိုက်ပွဲမှာ သေဆုံးနေတဲ့ သွေးသံရဲရဲ အလောင်း ပုံတွေကို ဖော်ပြထားတာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ လုံးဝမညီဘူး” ဟု ၀ါရင့် သတင်းသမားတဦးက ပြောသည်။

No comments: