Thursday, June 18, 2009

ကရင်ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များစွာပါဝင်

Wednesday, 17 June 2009 15:18 သန်းထိုက်ဦး

မြန်မာ စစ်အစိုးရ၏ ထိုးစစ်ဆင် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်လာသော ကရင် ဒုက္ခသည် များထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၂၀ ခန့် နှင့် အသက် (၁၃) နှစ်အောက် ကလေးငယ် ၈၀၀ ခန့် ပါဝင်ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး(KWO) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်အစိုးရ၏ ထိုးစစ်ကြေင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာသော ကရင်ဒုက္ခသည် ၄၀၀၀ ခန့်ထဲမှ တာ့ခ် ခရိုင် ထဆောင်ယန်း ဒေသတွင် ဒုက္ခသည်တချို့ကို ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - AP)အဆိုပါ ထုတ်ပြန်ကြေညာချက်အရ နို့စို့အရွယ် ကလေးငယ်များစွာ ပါဝင်ကြောင်းလည်း သိရသည်။

KWO မှ ပြောရေးဆိုခွင့်ရှိသူ နော်ဘလူးမင်းနိုက်ဇန်က “လူတွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးလာနေကြတာ ခြေကုန်လက်ပမ်းကျကုန်ပြီ၊ နှစ်ရက်သား ကလေးငယ်ကို သယ်ပိုးပြေးလွှားခဲ့ရတဲ့ မိခင်တဦးရဲ့ ရင်ဆိုင်ဖြတ် သန်းမှုကို တွေ့ရတော့ ၀မ်းနည်းမိသလို၊ နအဖနဲ့ DKBA တို့ရဲ့ တိုက်ခိုက်မှုကိုလည်း ဒေါသဖြစ်မိတယ်”ဟု ဆို သည်။

ထို့အပြင် မိုးရာသီဖြစ်နေသဖြင့် လူဦးရေများပြားလှသည့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး နှင့် ခိုလှုံနေထိုင် ရေးတို့အတွက် KWO အဖွဲ့အစည်းအနေနှင့် လွန်စွာမှ စိုးရိမ်ပူပန်မိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။ ကရင်ဒုက္ခသည်အများစုသည် မိမိတို့၏ နေရပ်သို့ပြန်ကြရန် စိုးရိမ်ကြောက်ရွံ့နေကြောင်းလည်း နော်ဘလူးမင်းနိုက်ဇန် က ပြောပြသည်။“DKBA ကိုလည်းကြောက်တယ်၊ နအဖ စစ်သားတွေကိုလည်းကြောက်တယ်၊ တွေ့ရင်ပေါ်တာဆွဲတယ်၊ပေါ်တာ မလိုက်ရင် ပိုက်ဆံပေးရတယ်၊ဘာမှမရှိတော့ မပြန်ရဲကြဘူး၊ဒီမှာပဲ ဆက်နေ၊ မနေရင်လည်း တခြားတနေရာကို ပြောင်းပေးရင် နေမယ်လို့တော့ ပြောကြတယ်”ဟု သူက ဆိုသည်။

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ(၇) မှတပ် စခန်းများကို ဇွန်လဆန်းပိုင်းမှစတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲများကြောင့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။ထိုသို့ မြန်မာ စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ဒေသခံပြည်သူများမှာ နေရပ်ကို ထပ်မံစွန့်ခွာမှုများနှင့် ရင်ဆိုင်ကြုံ တွေ့ နေရသည့်အပေါ် တိုက်ပွဲများ ချက်ချင်းရပ်တန့်သွားရေး နိုင်ငံတကာမှ ပိုမို၍ ဖိအားပေးလာစေရန်အတွက် KWO အဖွဲ့အစည်းအနေဖြင့် တောင်းဆိုထားခြင်းဖြစ်သည်။

KWO အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်းများနှင့် ပြည်တွင်းမှ ဌာနေမဲ့ ဒုက္ခသည် များအတွက် ဖွံ့ဖြိုးရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊လုပ်ဆောင်ပေးနေသည့် လူမှုအခြေစိုက် အဖွဲ့အစည်းတခုဖြစ် သည်။ ယင်းဒုက္ခသည်များကို ကရင်ဒုက္ခသည်များကော်မတီ (KRC) နှင့် ထိုင်း- မြန်မာနယ်စပ်တလျှောက်ကူညီစောင့် ရှောက် ရေး ညွန့်ပေါင်းအသင်း (TBBC) တို့က ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။ မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA တပ်ရင်း ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များ သည် KNLA တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း ၂၁ ကို သိမ်းပိုက်နိုင်ခဲ့သည့် အပြင် တပ်ရင်း ၂၂ နှင့် ၁၀၁ တပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

No comments: