Friday, June 19, 2009

KNU က တပ်မဟာ ၇ မှ စခန်းများကို စွန့်လွှတ်မည်

Thursday, 18 June 2009 19:46 ဧရာဝတီ

ကရင် အချင်းချင်း သတ်ဖြတ်လိုခြင်း မရှိသဖြင့် ကရင် အမျိုးသား အစည်းအရုံး (KNU) က သူ၏ တပ်မဟာ ၇ နယ်မြေရှိ စခန်းများကို စွန့်လွှတ်မည်ဟု ကရင် တိုင်းရင်းသား သတင်း ရပ်ကွက်များ၏ အဆိုအရ သိရသည်။

KNU တပ်စခန်း ဂိတ်တခု (ဓာတ်ပုံ - Yuzo)

မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(DKBA) တို့၏ ပူးပေါင်းတပ်ဖွဲ့များက KNU စခန်းများအား သိမ်းပိုက်ရေး ကြိုးပမ်းမှုများကို တားဆီးခြင်း မပြုရန် ဆုံးဖြတ်လိုက်ရခြင်း၏ တခြား အကြောင်းရင်းတခုမှာ KNU တပ်ဖွဲ့ဝင်များ ထပ်မံ အဆုံးရှုံးမခံလိုခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။



ယခုလဆန်း မှစတင်၍ တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလျက် ရှိရာ ယခုအချိန်အထိ ဒေသခံ ကရင် တိုင်းရင်းသားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြရသည်။ ထိုသို့ တိမ်းရှောင်ရသော ဒုက္ခသည်အရေအတွက်မှာ ၄၀၀၀ ၀န်းကျင် ရှိသည်ဟု သိရသည်။ယနေ့ထုတ် မြန်မာ စစ်အစိုးရ၏ သတင်းစာများတွင် ကရင်ဒေသ တိုက်ပွဲများမှ ထွက်ပြေးလာသူများမှာ အရပ်သားများ မဟုတ်ဘဲ “သောင်းကျန်းသူများနှင့် မိသားစုဝင်များ” ဖြစ်သည်ဟု ဖော်ပြထားသည်။ တိုက်ပွဲများတွင်လည်း မြန်မာ့ တပ်မတော်က ပါဝင်ခြင်း မရှိဟု ဆိုသည်။


တိုက်ခိုက်မှုများမှာ KNU နှင့် DKBA တို့ အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခအတွင်း မြန်မာ့တပ်မတော်က ပါဝင် ပတ်သက်ခဲ့ခြင်း မရှိကြောင်း တနင်္ဂနွေနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။ ကရင် တိုင်းရင်းသား သတင်းရပ်ကွက်များ၏ အဆိုအရ DKBA တပ်ဖွဲ့ဝင်များက စစ်ကြောင်းရှေ့မှ မိုင်းရှင်းသည့်အနေဖြင့် ချီတက် တိုက်ခိုက်ရကြောင်း၊ မြန်မာ့တပ်မတော် တပ်ဖွဲ့များက လက်နက်ကြီးဖြင့် နောက်ဘက်မှ ပစ်ခတ်ကြောင်း သိရသည်။ပူးပေါင်း တပ်ဖွဲ့များက တပ်မဟာ ၇ နယ်မြေကို ယခု လဆန်းမှ စပြီး ထိုးစစ်ဆင်လျက်ရှိရာ KNU ၏ တပ်ရင်း အမှတ် ၂၁၊ ၂၂၊ ၁၀၁ စခန်းများကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။


တိုက်ပွဲများသည် ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။ပူးပေါင်းတပ်ဖွဲ့မှ ၂၀ ခန့် ကျဆုံးပြီး ၅၀ ခန့် ဒဏ်ရာရကြသည်ဟု KNU ထံမှ သိရသည်။ အများစုမှာ DKBA တပ်ဖွဲ့ဝင်များ ဖြစ်သည် ဟု ဆိုသည်။ ၎င်းတို့ဘက်မှ ၅ ဦး ဒဏ်ရာရသည်ဟု KNU က ပြောသည်။KNU တို့ကမူ ရင်ဆိုင် တိုက်ပွဲများ အစား ၎င်းတို့ဘက်မှ အကျအဆုံး ပိုမို နည်းပါးမည့် ပြောက်ကျား စစ်ဆင်နည်းကို ပိုမို အသုံးပြုလိုသည်ဟု ဆိုသည်။ပြီးခဲ့သည့် နှစ်ကလည်း ကော့ကရိတ်မြို့နယ်ရှိ KNU တပ်ရင်း အမှတ် ၂၀၁ စခန်းကို DKBA တပ်ဖွဲ့များက သိမ်းယူခဲ့သည်။KNU မှ ဗိုလ်ကြီး ဘူးဖောက ပူးပေါင်းတပ်ဖွဲ့များသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ KNU တပ် စခန်းများကို သိမ်းယူရေး မဟာဗျူဟာအရ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောပြခဲ့ဖူးသည်။KNU သည် နှစ်ပေါင်း ၆ဝ သက်တမ်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး ဖြစ်သည်။ မြန်မာအာဏာပိုင်တို့နှင့် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း ယခုအချိန်အထိ အပစ် အခတ် ရပ်စဲနိုင်ခြင်း မရှိသေးပေ။

Comments (4)
သင်ခန်းစာယူသင့်ပါသ���်
written by Wunna Htun, June 19, 2009
ရှမ်းပြည်နယ်မှ ကျွဲခေါင်းတပ်ဟု လူသိများသော ရှမ်းသူပုန်များကို သင်ခန်းစာ ယူသင့်ပါသည်. ...... ယခုဆက်လက် တိုက်ပွဲဝင်နေခြင်း ရှိမရှိ သေချာ မသိတော့ပါ....... လွန်ခဲ့သော ၅နှစ်ခန့် အထိ ပျောက်ကျား တိုက်ပွဲ ဆင်နွဲလျက် ရှိနေပါသေးသည်..... အမျိုးသမီးများပါ ပါဝင်သော အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါသည်....

ဘာကူညီနိုင်မလဲ
written by ညီလေး, June 19, 2009
၈၈ အာဏာ သိမ်းပြီးတော့ ရရာ လက်နက် ကိုင်စွဲပြီး စစ်အာဏာရှင် တွေကို တော်လှန်ဖို. KNU ရဲ. နယ်မြေတွေကို ကျောင်းသား လူငယ်တွေ အပါအ၀င် တော်တော် များများ ရောက်ရှိလာကြတဲ့ အခါမှာ KNU က နွေးထွေးစွာ ကြိုဆိုပြီး ဂရုတစိုက်နဲ. လက်ခံခဲ့ပါတယ်၊ တတိယ နိုင်ငံ အသီးသီးကို ရောက်ရှိနေကြပြီ ဖြစ်တဲ့ ရဲဘော်တို. အနေနဲ. ယခု လက်ရှိ ကြုံတွေ.နေရတဲ့ KNUကို အမြစ်ဖြတ် ချေမှုန်းနေတဲ့ အနေအထားမှာ ဘာတွေ ပြန်လည် ပေးဆပ်ကြမှာလဲ။

ဘယ်လိုလဲ
written by နှင်းနု, June 18, 2009
ကေအန်ယူဆိုတာ စစ်အစိုးရကို တိုက်နေခဲ့တာ သက်တမ်းက မနည်းလှတော့ပါဘူး။ အခု လက်ရှိမှာလည်း သူ တခုတည်း ဆက်တိုက်နေတာပါ။ ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မကူညီနိုင်တာ ဘာကြောင့်လဲ ကျမ နားမလည်ပါ။ ကလေးဆန်တယ် လို့ ဆိုချင်ဆို ကျမ တယောက်တည်း သဘောကတော့ အခြား လက်နက်ကိုင် အဖွဲ့တွေလည်း နအဖ တပ်တွေကို ကူပြီး တိုက်စေချင်ပါတယ်။ ဖြစ်နိုင် မဖြစ်နိုင်ကတော့ ....... ကရင်ပြည်နယ်က ပြည်သူတွေတင် မကပါဘူး။ မြန်မာ တပြည်လုံးက ပြည်သူတွေ နအဖ စစ်ဖိနပ်အောက်မှာ စိစိညက်ညက် ကြေနေပါပြီ။ နအဖ က တိုင်းရင်းသားတွေ အချင်းချင်း သွေးစည်းမှု ပျက်အောင်လုပ်ထားတယ်။ တိုင်းရင်းသားတွေထဲက မျိုးနွယ်စုတွေကိုလည်း သွေးခွဲပြီး ညီအစ်ကိုချင်း ပြန်သတ်စေတာ အခု မျက်မြင်ပါပဲ။ ကေအန်ယူက ကိုယ့်ကရင် အချင်းချင်းမို့ သတ်ဖြတ်လိုစိတ် မရှိဘူးလို့ ဆိုနေရင် ဒီကေဘီအေ ကရော ဘာကြောင့် ကိုယ့်အချင်းချင်း သတ်နေကြ သလဲ။ နအဖက သွေးခွဲပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်းနေတာကို ဘာကြောင့် မမြင်နိုင်ကြ တာလဲ။ ဘာကြောင့် ကိုယ့်တိုင်းပြည်က ကိုယ်ရဲ့ သွေးချင်း တိုင်းရင်းသားတွေကို သူတပါး တိုင်းပြည်ဆီကို တွန်း ပို့ နေတာလဲ။ အခြား တိုင်းရင်းသားတွေ ကရော ဘာကြောင့် အချင်းချင်း သွေး မစည်းကြတာပါလဲ။

လွန်စွာစိတ်မကောင်း
���ါwritten by sithusoe, June 18, 2009
တပ်မဟာ(၇) အထိုင်စခန်းများ မရှိတော့လည်း ပြသာနာမရှိပါ၊ ခိုင်မာသော ပြောက်ကျား စစ်ဆင်ရေးများက စစ်အစိုးရကို အလွန်အမင်း ကြောက်လန့်စေနိုင်ပါသည်၊ လွန်စွာမှ စိတ်မကောင်းပါ၊ ပြောက်ကျားစစ်သည် နိုင်ငံတိုင်း၏ အစိုးရများကို ကြောက်လန့်စေပါသည်။

No comments: