Sunday, June 7, 2009

ရုရှားရောက်တပ်မတော်အရာရှိ နှင့် ကရင်တိုင်းရင်းသားဖူးဒို၏ဆွေးနွေးချက် (၂)


Tuesday, June 2, 2009


မောင်ရင်ဒါမြရေ..ကျွန်တော်ဖူးဒို ရေးသားချက်ဟာ အာဃာတကိုရှေတန်းထားပြီးအမုန်းတရားပွားဖို့မရည်ရွယ်ပါ။ ဖြစ်ပေါ်ခဲ့တဲ့သမိုင်းနှင့်ကိုယ်ဖြတ်သန်းခဲ့ရသော ခရီးလမ်းကြမ်းကိုပြန်လည်ဆွေးနွေးတင်ပြခြင်းသာဖြစ်ပါတယ်။ကျွန်တော်၏ရင်တွင်းဖြစ်ဆန္ဒတစ်ခုကတော့(National Reconciliation) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စစ်အာဏာရှင်အဆုံး သတ်ရေးဖြစ်ပါတယ် (Terminating Dictatorship)။
မောင်ရင် ပြောတဲ့စကားတချို့ကို ဆွေးနွေးချင်ပါတယ်။
”နအဖကိုတိုက်တဲ့အတွက်ဘာတွေအကျိုးကျေးဇူးရှိလဲ မင်းတို့တိုင်းရင်းသားပြည်သူတွေအေးချမ်းစွာနေရလား”
ဒါဆိုရင် နအဖ ကကော ပြည်သူတွေကို ဘယ်လိုအကျိုးပြုနေသလဲ၊ ဘာတွေအကျိုးပြုနေ သလဲ၊တပ်မတော်အရာရှိတစ်ဦးနေဖြင့် ဒီမေးခွန်းကို အလွယ်တကူဖြေနိုင်မယ်လို့ယုံကြည်ပါတယ်။ ခေတ်စကားနဲ့ပြောရရင်တော့ မောင်ရင့်ကို အပိုင်ဘော ပယ်နယ်တီပေးကန်တာပါ။ ဒီပယ်နယ်တီ ဘောကိုမှ အနိုင်မကန်သွင်းရင်တော့မောင်ရင် ဟာ ရုရှားမှာ Master ဘဲဖြစ်ဖြစ် PhD ဖြင့် အကောင်းဆုံးသင်တန်းသားဘဲရရ နအဖ မှာတော့ မောင်ရင် ရဲ့ရှေ့အလားအလာ လုံးဝမကောင်းပါ။
နအဖဆီ ပြန်သင့်မသင့် ကြိုတင်စဉ်းစားစေချင်ပါတယ်။”
အေးချမ်းစွာနဲ့စီးပွားရေးလုပ်တာနဲ့စစ်တိုက်တာ
ဘယ်ဟာကပိုကောင်းလဲဘယ်လူမျိုးမဆိုအေးချမ်း စွာနဲ့စီးပွားရေးလုပ်ပြီးနေချင်ကြတာမင်းတို့နအဖကိုတစ်သက်လုံးတိုက်နေရင် တစ်သက်လုံးဆင်းရဲနေမှာ”

ကျွန်တော်သတိထားမိတယ် မောင်ရင့်စကားထဲမှာ ” စီးပွားရေးလုပ်တာ” ဆိုတဲ့စကားလုံးတွေထပ်နေတယ်။ ကြည့်ရတာ တပ်မတော်ထဲ ၀င်တာ ရည်ရွယ်ချက်ကြီးကြီးမားမားရှိပုံရတယ်။ ကျွန်တော်အပြစ်တင်တာ မဟုတ်ပါဘူး။ မဆလ နဲ့ န၀တ ခေတ်မှာလူ့ဘ၀ထဲရောက်ခဲ့သူနေနဲ့ ကြမ်းတမ်းတဲ့လောကဒဏ် အနည်းနဲ့အများခံရမှာဘဲလေ။ကဲ..မောင်ရင်ပြောချင်တဲ့စီးပွါးရေးအကြောင်းဆွေးနွေးရအောင်။ နအဖခေတ်မှာ ရင်းနှီးမြုပ်နှံပြီးသော်၎င်း တပိုင်တနိုင်စီးပွါးရေးဘဲလုပ်လုပ်တရားမျှတမှု (Fair & Justice)ဆိုတာရှိပါသလား။ လက်ရွေးစင် လက်သပ်မွေးထားတဲ့ စစ်ရုံးချုပ်မှာတောင် လာဘ်ပေးလာဘ်ယူကင်းပါသလား။ ဌာနဆိုင်ရာ နဲ့ကင်းကင်းရှင်းရှင်းနေပြီး ကိုယ့်ဝမ်းစာလောက်ရုံလေး စီးပွါးလုပ်အုံး မတရားသဖြင့်နှောက်ယှက်ခံရ ခြင်း၊ အနိုင်ကျင့်ခံရခြင်းဖိနှိပ်ခြင်းများနှင့် ကင်းလွတ်ပါသလား။လက်နှက်နဲ့ငြိမ်းရေးဖလှယ်ခဲ့တဲ့ကချင်လက်နက်ကိုင်အဖွဲ့ကိုဘဲကြည့် ကမ္ဘာပေါ်မှာအရည်အတွက်အများဆုံးနဲ့ အရည်အသွေးကောင်းဆုံးကျောက်စိမ်း တွေထွက်နေတာတောင် အဲဒီဒေသမှာ သာယာပြီးဖွံဖြိုးတိုးတက်တဲ့ဒေသအဖြင့်ဖေါ်ဆောင်နိုင်ခဲ့သလား။ ဒေသခံတွေအနေနဲ့ သာယာဖွံဖြိုးတဲ့ လူနေမှုဘ၀ရရှိပြီး နအဖ တပ်ရဲ့ ဖိနှိပ်မှုအောက်ကလွတ်မြောက်ပြီလား။ ငြိမ်းချမ်းပြီဆိုတဲ့ကချင်ဒေသမှာ နအဖကဘာလို့စစ်အင်အားတိုးချဲ့နေတာလဲ၊အဲဒီလိုစစ်အင်အားတိုးချဲ့ လို့ကုန်တဲ့ တိုင်းပြည်ဘဏ္ဍာကို ဒေသဖွံဖြိုးရေးမှာ အသုံးပြုရင် ဒေသငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးရေးအတွက်အကျိုးမရှိဘူးလား၊ ပြီးတော့ ကချင်လူမျိုးရဲ့ လေးစားယုံကြည်မှုကို မရနိုင်ဘူးလား။နအဖကိုတစ်သက်လုံးတိုက်နေတယ် ဆိုတဲ့ မောင်ရင့်စကားကိုဆွေးနွေးရအောင်စစ်ဖက်ဆိုင်ရာအရာရှိတစ်ဦးနေနဲ့ ပွင့်ပွင်လင်းလင်း ဖြေစေချင်ပါတယ်။ မေးခွန်းကတော့ ”နအဖအနေနဲ့ KNU ကိုတသက်လုံး တိုက်လို့နိုင်မှာလား၊”ကျွန်တော်သိသလောက်ဆိုရင် နအဖ ရဲ့ဆရာ န၀တ လည်းတသက်လုံးတိုက်ခဲ့တယ်။န၀တရဲ့ဆရာ မဆလ လည်းတသက်လုံးတိုက်ခဲ့တယ်။ အဲဒီလောက်တိုက်တာတောင်မနိုင်တာမရှက်ဘူးလား၊ KNU စစ်သားတွေဟာ လစာမရှိဘဲ စစ်တိုက်နေတာ သိမယ်လို့ထင်ပါတယ်။ တိုင်းပြည်ဘဏ္ဍာမြောက်မြားစွာသုံးပြီး စစ်မဟာဗျုဟာလေ့လာရေးဌာနဖွင့်ထားတာ အမှန်တကယ်မှအလုပ် လုပ်ရဲ့လား၊ အပြစ်မဲ့ပြည်သူတွေကို ဓါးစာခံမလုပ်ဘဲနဲ့ စစ်ဗျုဟာမဆွဲတတ်ဘူးလား။ လမ်းပြ၊ ပေါ်တာမပါဘဲနဲ့စစ်ဆင်ရေးမလုပ်တတ်ဘူးလား။ ရန်ကုန်မြို့ နိုင်ငံခြားသံတမန် နဲ့ စစ်သံမူးတွေရှေ့မှာ”KNU ကို ၃နှစ်အတွင်းရှင်းပစ်မည်”ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီး တွေရဲ့စကားကို မောင်ရင်သိလိုက်ရဲ့လား။ မသိလိုက်ရင်တော့ အနည်းဆုံး စစ်သမိုင်းပြတိုက်မှာရှာလို့ရပါတယ်။ ပြည်တွင်းစစ်စခဲ့တဲ့ကာလမှာကရင်လက်နှက်ကိုင်အပြင်အလံဖြူအလံနီကွန်မြူနစ်ပါတီတွေလည်းလက်နှက်ကိုင်တော်လှန်ခဲ့ပါတယ်။ ယနေ့အချိန်မှာအခြားသော အဖွဲ့တွေမရပ်တည်နိုင်ပေမဲ့ KNU ကရှင်သန်ရပ်တည်လျှက်ရှိပါတယ်။ အဲဒါဟာ ဘာကြောင့်လဲ၊ မောင်ရင်လက်ခံရခက်ပေမဲ့လည်း ကရင်ပြည်သူနေနဲ့တော့ ဒီလိုရပ်တည်နိုင်ခြင်းဟာ အရည်အချင်းပြည့် အနစ်နာခံတဲ့ ခေါင်းဆောင် နှင့် ရဲစွမ်းသတ္တိရှိပြီး အနစ်နာခံနိုင်တဲ့ရဲဘော်တွေကြောင့်ဘဲ။ဒါတွေဟာကျွန်တော့်အမြင်နဲ့သဘောထားပါ။ မှားနေတာရှိရင်ပြင်ပေးဖို့မေတ္တာရပ်ခံပါတယ်။ မောင်ရင်ပြောတဲ့ ငြိမ်းချမ်းရေး၊ စီးပွါးရေး၊ သွားချင်တဲ့နေရာသွား လုပ်ချင်တာလုပ် ဆိုတာတွေကို နားမလည်သေးလို့ အများနားလည်လက်ခံအောင်ရှင်းပြစေချင်ပါတယ်။ တဦးနဲ့တဦး ရန်ဖြစ်နေမဲ့အစား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်အကျိုးရှိ အောင်အပြုသဘောဆောင်ပြီးဆွေးနွေးစေချင်ပါတယ်။မောင်ရင်ရဲ့ ဆွေးနွေးတင်ပြချက်ကြောင့် မောင်ရင် ရဲ့ လက်ရှိ နဲ့ အနာဂတ်ကိုလုံးဝမထိခိုက်အောင် အာမခံပါတယ်။ဖူးဒို
၂.၆.၂၀၀၉

No comments: