Friday, June 12, 2009

ဒီကေဘီအေနှင့် နအဖတပ်များ ရွာသားများကို ပေါ်တာဆွဲ

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အား စစ်ဆင်ရေး ပြုလုပ်ရာတွင် နအဖ စစ်ကြောင်းနှင့် ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်တို့က တိုက်ပွဲဖြစ်ရာ အနီးတဝိုက်ရှိ ရွာသားများအား ရှေ့တန်းသို့ လိမ်လည်ခေါ်ဆောင်ကာ ရိက္ခာပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန် ပေါ်တာသမားအဖြစ် အသုံးပြုနေကြောင်း နယ်စပ်သို့ ထွက်ပြေးလွတ်မြောက်လာသူ ရွာသားများက ပြောသည်။


ဒီကေဘီအေ တပ်မဟာ (၉၉၉) မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသော အင်အား (၃၀၀) ကျော်ရှိ တပ်ဖွဲ့ချီတက်ရာ ရှေ့တန်းစစ်ကြောင်းတွင် ရွာ (၃) ရွာမှ ရွာသား (၅၀) ခန့်ကို ဘုရားပြုပြင်ရန်ဟု လိမ်လည်ခေါ်ဆောင်ကာ ဗုံးကျည်ဆန် အကြီးစားများနှင့် ရိက္ခာဆန်များကို သယ်ခိုင်းခဲ့ကြောင်း ကရင်သတင်းစဉ်မှ တာဝန်ခံအယ်ဒီတာ နန်းဖော့ဂေက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ ရွာသားတဦးနှင့် တွေ့ဆုံခဲ့သူ နန်းဖော့ဂေက ပေါ်တာဆွဲခံရတဲ့ ရွာတွေက ပိုင်ကျုံမြို့နယ်က ပနွယ်ကလားရွာသား (၁၈) ယောက်၊ လာ့နိုက် (ကွမ်ဘီ) ရွာသား (၂၀) ယောက်နဲ့ ကုက္ကိုရွာသား (၁၀) ယောက် ပါတယ်။

(၂) ပိဿာလောက်ရှိတဲ့ ဗုံးသီးတွေကို သယ်ခိုင်းတာ၊ တချို့ဆို မသယ်နိုင်ကြဘူး။ စစ်ကြောင်းရဲ့ အလယ်က လိုက်ခိုင်းတာ။ ညဆိုရင်လည်း မိုးရေထဲမှာ ဒီအတိုင်းထိုင်ပြီး အိပ်ခိုင်းတာ။ အဲဒီအထဲက အခု (၁) ယောက် လွတ်မြောက်လာတာ။ (၅) ရက် လိုက်ခဲ့ပြီး အပေါ့အပါးသွားမယ်ပြောပြီး ဇွန်လ (၇) ရက်က ထွက်ပြေးလွတ်မြောက်လာတာ” ဟု ပြောသည်။ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့သီးသန့်တွင် ပေါ်တာဆွဲခံရသည့်ရွာသား (၄၈) ယောက်ရှိပြီး ကေအန်ယူကို စစ်ဆင်ရေး ပြုလုပ်နေသည့် အခြားတပ်ဖွဲ့များတွင်လည်း ရှိသေးကြောင်း၊ နအဖတပ်များကလည်း ချီတက်လာရာ လမ်းတလျှောက်ရှိ ရွာသားများကို လမ်းပြရန်နှင့် ရိက္ခာခဲယမ်း သယ်ရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရွာသားများက ထွက်ပြေးသော်လည်း တိုက်ပွဲများခံနေသဖြင့် လမ်းတွင်ပိတ်မိနေသူများလည်း ရှိကြောင်း၊ မိုးတွင်းဖြစ်နေသောကြောင့် နယ်စပ်အထိမလာနိုင်ကြသူများလည်း ရှိကြောင်း ဒုက္ခသည်များရှိရာသို့ ကွင်းဆင်းသွားရောက်ခဲ့သူ နန်းဖော့ဂေက ပြောသည်။ယခုအခါ ယာယီစခန်း (၄) ခုတွင် နယ်စပ်ဒေသသို့ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း (၄,၀၀၀) နီးပါးရှိကြောင်း ကရင်ဒုက္ခသည်ကယ်ဆယ်ရေးဌာနက ပြောသည်။
Posted by အဲခေါင်သောင့်

No comments: