Sunday, September 13, 2009

အချိန်တန်ပါပြီ

ဆောင်းပါးရှင် - ဗိုလ်အောင်မြေ

ကိုးကန့်ဒေသ စစ်ဆင်ရေးအပြီးတွင် န.အ.ဖ စစ်ဗိုလ်ချူပ်ကြီးများ အမြတ်ထွက် မထွက် ကျွန်တော်မသိပါ။ သို့သော် ထိုတိုက်ပွဲတွင် ကျွန်တော်နှင့် လည်ပင်းဖက်ပေါင်းလာသော သူငယ်ချင်းများ ကျဆုံးသွားရသည့် အတွက်ကြောင့် အကြီးမားဆုံး စိတ်ထိခိုက် ခဲ့ရပါသည်။
စစ်တိုက်သည် ဆိုသည်မှာ ပန်းနှင့်ပေါက်တာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် ကောင်းကောင်းသိပါသည်။ ကျွန်တော်သည်လည်း ရှေ့တန်း စစ်ဆင်ရေးများတွင် သူသေကိုယ်သေ တိုက်ပွဲဝင်ခဲ့ဖူး ပါသည်။ ဗိုလ်လောင်း ဘ၀တုန်းက ကျောင်းတွင်းထုတ်ဝေသော ကဗျာတစ်ပုဒ်ကို ကျွန်တော် မှတ်မိနေသေးသည်။ ကဗျာ ခေါင်းစဉ်က “အမေ မငိုပါနှင့်” တဲ့။ အဲဒီထဲက ကဗျာစာသားတစ်ခုမှာ “ပန်းနှင့် ပေါက်တာမဟုတ်၊ ကျည်ဖောက်တဲ့ ပွဲမှာ၊ ကံအကြောင်း မလှလို့ ကျွန်တော်ကျဆုံးသွားခဲ့ရင် အမေ မငိုပါနဲ့နော်” တဲ့။

ရှေ့တန်း စစ်မြေပြင်မှာ ကိုယ်တိုင်ကြဲခဲ့စဉ်က ကိုယ်သေသွားခဲ့ရင် ကျန်ရစ်တဲ့ လူတွေ ဘယ်လို ခံစားကြရမည်လဲ ဆိုတာကို ကျွန်တော် မစဉ်းစားမိခဲ့ပါ။ ယခု လတ်တလောဖြစ်ခဲ့သည့် တိုက်ပွဲများတွင် ကျဆုံးခဲ့ရသည့် ကျွန်တော့် သူငယ်ချင်းများအတွက် ရင်နှင့်မဆံ့အောင် စိတ်ထိခိုက် ခံစားနေရသည်။ ကျွန်တော်တောင်မှ ဤကဲ့သို့ ခံစားနေရသည်ဆိုလျှင် ကျဆုံးသွားသော သူငယ်ချင်းများ၏ မိဘ၊ ဇနီး ၊ သားမယား တို့က မည်မျှ ပူဆွေးသောက ရောက်လေမည်နည်း။
သူတို့ မိသားစုဆီကို နာရေးသွားမေးရန်ပင် ကျွန်တော် အင်အားမရှိပါ။ သူတို့ မိသားစုများ၏ ပူဆွေးနေ သော စိတ်နှလုံးကို ကျွန်တော် ဖြေသိမ့်ပေးရန်လည်း အင်အားမရှိသေးပါ။ ကျွန်တော်တို့ကား စစ်သားများ ဖြစ်သည်။ မှန်သည်။ စစ်သားသည် စစ်တိုက်ရင်း သေရသည်မှာ မဆန်းပါ။ တရားသောစစ်ကို ဆင်နွဲရင်း တိုင်းပြည်အတွက် အသက်ပေး လှူရခြင်းသည် စစ်သားတစ်ဦး၏ အမွန်မြတ်ဆုံးသော ဂုဏ်ဖြစ်ပါသည်။
သို့သော်... သို့သော် ယနေ့ ကျွန်တော်တို့ဆင်နွဲနေသော စစ်ပွဲသည် တရားသော စစ်ပွဲ ဟုတ်ပါ၏လော။ ခေတ် စနစ်များ တိုးတက် ပြောင်းလဲလာသည်နှင့် အညီ ကျွန်တော်တို့၏ မျက်စိ၊ နားများသည်လည်း အရာရာကို သိရှိ နားလည်လာခဲ့သည်။ တိုင်းရင်းသား လူမျိုးစုများအပေါ် စစ်အာဏာရှင်တို့က သူပုန်၊ အကြမ်းဖက်သမား၊ တောတွင်းလက်နက်ကိုင် စသည်ဖြင့် အမည်အမျိုးမျိုးတပ်ကာ အင်အား အဆမတန် သုံး၍ နှိမ်နှင်း တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်လာပြီဖြစ်ပါသည်။
ကျွန်တော် သိရှိသလောက် တိုင်းရင်းသား လက်နက်ကိုင်ဆိုသည်မှာ တန်းတူ အခွင့်အရေး မရသောကြောင့် လက်နက်ကိုင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ လူသားတစ်ဦး၏ ဂုဏ်သိက္ခာ၊ တန်းတူ ရရှိရေး အတွက် တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ တပ်မတော်အတွင်းတွင် အာဏာရှင်များက တပ်မတော်သားများကို နိုင်ငံရေး အမြင် မရှိစေရန် အဘက်ဘက်မှ ပိတ်ဆို့ ထားပါသည်။ ထို့အတွက်ကြောင့်လည်း ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း ရန်ငြိုးရန်စ မရှိပါဘဲနှင့် သတ်ဖြတ်နေကြရသည်ကို တပ်မတော် အတွင်းရှိ အဆင့်အတန်း အားလုံး နားလည်ထားဖို့ လိုပါသည်။
တိုင်းရင်းသားများ ဘာကြောင့် နှစ်ပေါင်း ၄၀ တိုင်တိုင် လက်နက်ကိုင် တိုက်ခိုက်နေကြပါသလဲ။ တန်းတူ အခွင့်အရေး မရသောကြောင့် ဖြစ်သည်။ ဘာကို တန်းတူ မရတာပါလဲ။ လူသားတစ်ဦး မြန်မာနိုင်ငံသား တစ်ဦး၏ အခွင့်အရေး မရသောကြောင့် ဖြစ်ပါသည်။ အဖြေကို သိလျှင် ဖြေရှင်းနည်းက လွယ်ပါသည်။ ကျွန်တော် စဉ်းစားမိသလို ဖြေရှင်းမည် ဆိုပါက တိုင်းရင်းသားများကို တန်းတူအခွင့်အရေးနှင့် ရပိုင်ခွင့်များ ပေးလိုက်ပါက ပြဿနာ အားလုံး ဖြေရှင်းပြီး ဖြစ်သွားပါလိမ့်မည်။ ရှင်းနေပါသည်။
သို့သော် ယနေ့ကာလတွင် အမှန်တရားများကို ဖုံးကွယ်ထားပြီး အာဏာရှင် ဗိုလ်ချူပ်တစ်စု စိတ်ကူးပေါက် ပြောချင်ရာ ပြောနေသည့်အတိုင်း လုပ်ချင်ရာ လုပ်နေသည့်အတိုင်း တပ်မတော်သာမက တိုင်းပြည် တစ်ခုလုံး ဗြောင်းဆန်နေသည်။ ယခင် ကိုးကန့်လူမျိုးများ ငြိမ်းချမ်းရေး ရယူပြီးကာစ မြို့ကြီးများထဲရှိ ကုန်တိုက်ကြီးများတွင် သေနတ်ကိုင်၍ သွားချင်သလိုသွား၊ အနှိပ်ခန်းများနှင့် နိုက်ကလပ်များတွင် လုပ်ချင် သလိုလုပ်၊ မူးယစ်ဆေးဝါးကို စစ်တပ်မှ ထိပ်ပိုင်းဗိုလ်ချူပ်ကြီးများ၏ သားသမီးများနှင့် အပေးအယူတည့် ရောင်းချင်သလိုရောင်း၊ ၀ယ်ချင်သလို ၀ယ်နေကြတုန်းက ဘာမှ အရေးမယူခဲ့။
ကိုးကန့်များနှင့် ပေါင်း၍ ချမ်းသာသွားကြသော ဗိုလ်ချုပ်ကြီးများမှာ ယခု ထိပ်ပိုင်း နေရာများတွင် ရှိကြပါသည်။ စည်းစိမ်ခံစား၊ ခေါင်းပုံဖြတ် အမြတ်ထုတ်စဉ်ကလည်း လက်အောက်ငယ်သား ရဲဘော်ရဲဘက် များကို ခွေးသာသာ ဆက်ဆံခဲ့ကြသည်။ ယခု ကိုးကန့်များက ပြန်ပုန်ကန်ကြသည့် အခါတွင်လည်း လက်အောက် ငယ်သားများကို ခွေးတစ်ကောင်လောက်မှ တန်ဖိုးမထားပဲ တိုက်ပွဲဂွင်ထဲသို့ အတင်း တွန်းတင်ခဲ့ကြသည်။ ယခုလို သေကြေခဲ့ကြတော့ မည်သည့် ဗိုလ်ချူပ်ကြီးများကမှ လာရောက် အားပေး စကား မပြောကြပေ။ ယုတ်စွအဆုံး သတင်းစာ၌ နာရေးကြော်ငြာရာတွင်လည်း တိုင်းပြည်အတွက် အသက်ပေး လှူသွားပါသည်ဟု ဖော်ပြခွင့်မရ။
ကာယကံရှင်များ အလေနတော လိုက်နေ၍ သေဆုံးရသလိုလို ဖော်ပြပေးနေရသည်။ တပ်မတော်သား တစ်ယောက်၏ အမြင့်ဆုံးဇာတ်သိမ်းပိုင်းမှာ မရှုမလှ နိဂုံးချူပ် နေကြရသည်ကို ဘယ်လိုမှ လက်မခံနိုင်ပါ။ စစ်အာဏာရှင်တို့က သူတို့ ဂုဏ်သိက္ခာ ညှိုးနွမ်းမည်ကို စိုးရိမ်နေကြသည်။ လက်အောက်ငယ်သားများ အပေါ်တွင် မိဘသဖွယ်၊ ဆရာသဖွယ် ဆက်ဆံပါဆိုသည့် စစ်သည်တော်ကျင့်ဝတ်ကား နေပြည်တော် ဂိတ်ဝမှာပင် ကျန်နေခဲ့ဟန် တူပါသည်။ အာဏာရှင်တစ်စု၏ အာဏာတည်မြဲရေး အတွက် လက်အောက် စစ်သည်၊ အရာရှိများ ဘ၀သည် ခွေးသေ၊ ၀က်သေ သေဆုံးခဲ့ကြရပြီဖြစ်သည်။
ထို့အပြင် ထိုအိမ်ထောင်ဦးစီးများကို မှီခို အားထား နေရသော မိသားစုများ၏ ဘ၀သည်လည်း ဖရိုဖရဲ ဖြစ်ကြတော့မည်။ ထိုမိသားစုများမှာ တပ်ရင်းတပ်ဖွဲ့တွင် မိမိလင်ယောကျာ်း မရှိပြီဆိုသည်နှင့် လက်ရှိ နေထိုင်သည့် အိမ်များမှ ဆင်းပေးရတော့မည်။ ရဲဘော်များ၏ ဇနီးမယားများမှာ အပြင်တွင် နေထိုင်ရန် အဘယ်မှာ အိမ်ရှိပါမည်နည်း။ အပြင်တွင် အိမ်ရှိသည် မရှိသည်ကို ဗိုလ်ချူပ်ကြီးများ နားမလည်။ တိုက်ပွဲတွင် ကျဆုံးသွားသော အိမ်ထောင်သည်များ အနေဖြင့် ၂ လတန်သည်၊ ၃ လတန်သည် နေထိုင် ပြီးပါက တပ်ရင်းမှ ထွက်ခွာပေးရတော့မည်။ တိုက်ပွဲတွင် ဒဏ်ရာရ၊ မိုင်းထိ၍ မသန်မစွမ်း ဖြစ်ခဲ့ရသော စစ်သည်၊ အရာရှိများသည်လည်း ဗိုလ်ချူပ်ကြီးများမှ ကရုဏာဖြင့်ပေးအပ် ချီးမြှင့်ရှာသော အချိုရည် ၁ ပုလင်း၊ ပေါင်မုန့် တစ်ထုပ်နှင့်သာ ကျေနပ်ရပေတော့မည်။
ကျွန်တော်တို့သည် စစ်သားများ ဖြစ်ပါသည်။ ပေးအပ်လာသော အမိန့်ကို ဦးလည်မသုန် ထမ်းဆောင် ကြရပါမည်။ သို့သော် ထိုအမိန့်သည် တရားသည်၊ မတရားသည်ကို ပြန်၍ စဉ်းစားကြစေလိုပါသည်။ ကိုယ့်မိဘကိုယ် ပြန်သတ်ခိုင်းသော အမိန့်ဖြစ်နေလျှင် ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း။ တပ်ထဲတွင် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသော ၀ါဒဖြန့် ဆိုင်းဘုတ်အကြောင်း သေသေချာချာ စဉ်းစား ဖို့လိုပါသည်။ ထိုဆိုင်းဘုတ်ကို စိုက်ထူခိုင်းထားသော ဗိုလ်ချုပ်ကြီးများ ကျွန်တော်တို့လောက် တိုက်ပွဲ အတွေ့အကြုံ ရှိ မရှိ မေးကြည့်ချင်ပါသည်။
စစ်သည်တော် ကျင့်ဝတ် ခြောက်ဆယ်တွင် ပါရှိသည့် အကြီးအကဲကျင့်ဝတ်ထဲမှာ အကြီးအကဲတိုင်းကို သစ္စာ ရှိရန် မလိုဘဲ တော်တည့် မှန်ကန်စွာ သစ္စာ ရှိရမည် လို့သာ ပါရှိပါသည်။ ကျွန်တော်တို့ သစ္စာရှိဖို့ဆိုတာ အမိန့်နာခံဖို့ ဆိုတာ ဒီအကြီးအကဲတွေ တော်တည့် မှန်ကန်ပါရဲ့ လား ? တပ်မတော်သားများ စဉ်းစား သုံးသပ်ရန် အချိန်ရောက်နေပြီ ဖြစ်ပါသည်။ စစ်အာဏာရှင်တစ်စု မြှောက်တိုင်းလည်း မမြောက်ကြပါနှင့်။ ခြောက်တိုင်းလည်း မကြောက်ကြပါနှင့်။ မြှောက်တိုင်းမြောက်ခဲ့ကြလို့ ရဟန်းသံဃာ များကိုပင် ကတုံး၊ သင်္ကန်းဝတ်ဆိုပြီး ရိုက်နှက်ခဲ့ကြပြီးပြီ။ ငရဲမကြောက် ၀ဋ္ဋ်မကြောက် သတ်ဖြတ်ခဲ့ကြပြီးပြီ။ ခြောက်တိုင်းလည်း ကြောက်ပြီး သားစဉ်မြေးဆက် စစ်ကျွန်အဖြစ် နွံနစ်နေကြပြီ။ စစ်ယူနီဖေါင်းကိုတောင် ပြောင်ပြောင် ရောင်ရောင် ပြည့်ပြည့်စုံစုံ မရရှိခဲ့ကြပေမဲ့ အာဏာရှင်များ၊ ဆွေမျိုး သားသမီးများမှာတော့ ကုမ္ပဏီတွေ အပြိုင်အဆိုင်နှင့် ပိုက်ဆံထားစရာ နေရာ မရှိဘဲ တိုင်းတပါးတွင် တိတ်တခိုး ၀ှက်ထားကြ ရသည်။
ကျွန်တော်တို့ တပ်မတော်ကြီးသည် ရဟန်းသံဃာတို့၏ သွေးညှီနံ့ဖြင့် တထောင်းထောင်း နံစော်နေပါပြီ။ ခြောက်တိုင်း ကြောက်ခဲ့ကြလို့ မျက်စိမှိတ် နားပိတ်ပြီး အပြစ်မဲ့ ရဟန်းသံဃာ ပြည်သူလူထုများကို မသတ်ချင်ဘဲ သတ်ခဲ့ကြပြီးပါပြီ။ ကိုယ်သတ်လိုက်သူများထဲတွင် ကိုယ့်ဆွေမျိုးသားချင်းများ ပါသွားခဲ့ သော်လည်း ကြောက်လွန်း၍ ၀မ်းမနည်းရဲခဲ့ကြပေ။ တပ်မတော်သားများသည်လည်း စစ်အာဏာရှင်တို့၏ ရက်စက်မှုဒဏ်ကို အခြားသူများထက် ပို၍ခံစားကြရပါသည်။
ဤသည်ကို ကျွန်တော်တို့ တပ်မတော်သားများ အသိဆုံးပင် ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ အောက်ခြေ အရာရှိ စစ်သည်များထဲတွင် တပ်မတော်၏ ကောင်းကျိုးကို ခံစားရသူ ဘယ်လောက်များ ရှိပါသလဲ။ ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့များတွင် ဘယ်လို နေထိုင်စားသောက်ရသည်ကို ကျွန်တော်တို့ ကိုယ်တိုင်သာ သိပါသည်။ မနက် မိုးမလင်းခင်ကပင် ညမိုးချူပ်တိုင်အောင် မယောင်ရာ ဆီလူး အလုပ်များကို ကျူံးရုံး လုပ်နေကြရသည်။ ကျွန်တော်တို့ မိသားစု စားဝတ်နေရေးကို လောက်ငှအောင် ဖြည့်ဆည်းပေးသည်လည်း မရှိ။ သေစရာရှိလျှင်တော့ ရှေ့က သေပေးကြရသည်။
ကျွန်တော်တို့၏ စိတ်ဓာတ်များသည် အမှန်တကယ် မြင့်မြတ်ပါက ယနေ့ အာဏာရှင်တို့၏ တပ်မတော်နှင့် ထိုက်တန်သည်၊ မထိုက်တန်သည်ကို စဉ်းစားသုံးသပ်ဖို့ လိုနေပါပြီ။ စစ်အာဏာရှင်တို့ နိုင်ငံရေးကစားကွက် ပွဲတွင် ကျွန်တော်တို့၏ တန်ဖိုး ရှိလှသော အသက်၊ ပညာ၊ လူသားတစ်ယောက်၏ အသိဥာဏ်များကို အလဟဿ အဆုံးရှုံး ခံရသည်များမှာ အဓိပ္ပါယ် ရှိ မရှိ စဉ်းစားဖို့ လိုနေပါပြီ။ အစဉ်အလာကောင်းခဲ့သော တပ်မတော်၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်ဖို့ လိုနေပါပြီ။ ပြည်သူအပေါ်၊ ရဟန်းသံဃာများအပေါ် ရက်စက်ခဲ့သည်များကို ဖျောက်ဖျက်ပစ်ဖို့ သမိုင်းကြွေးဆပ်ဖို့ လိုအပ်နေပါပြီ။
မိမိတို့၏ ကိုယ်ပိုင်အသိဥာဏ်များဖြင့် ယနေ့ တပ်မတော်အတွင်းက အမှန်တရားများကို အားလုံး သိနေကြပြီး ဖြစ်သလို ကျွန်တော်တို့ အနေနှင့် မကျေနပ်သည်များကို ဆဲဆို ညည်းညူနေရုံနှင့် မပြီးသေးပါ။ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင် တိုက်ဖျက်ပစ်မှသာလျှင် ကျွန်တော်တို့ မြင်တွေ့လိုသော တပ်မတော်ကြီးကို အနာဂတ်တွင် တည်ဆောက်နိုင်လိမ့်မည် ဖြစ်ပါကြောင်း အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များအား အလေးအနက်ထား တိုက်တွန်း တင်ပြလိုက်ရပါသည်။

ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments: