Thursday, September 3, 2009

သင်ဟာ သမိုင်းကြောင်းကောင်းဖို့ တခုခုလုပ်ခဲ့သလား

M. ထက်ခေါင်
(၁)

ပြီးခဲ့သည့်လ ကကေအဲန်ယူတပ်မဟာ (၆) စခန်းတခုဖြစ်သော ဝေါ်လေခီးစခန်းကို ဒီကေဘီအေ တပ်ရင်းများနှင့် နအဖတပ်တို့ပူးပေါင်းကာ ထိုးစစ်ဆင်ခဲ့သည်။ ကေအဲန်အယ်လ်အေမှ တပ်မှူးတဦး ကျဆုံးခဲ့ခြင်းမှအပ ကေအဲန်ယူတွင် ကြီးကြီးမားမား ထိခိုက်နစ်နာမှုမရှိ။ နအဖတပ် ပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်များကျရောက်ပြီး ထိုင်းနယ်ခြားစောင့်တပ်မှ အချို့ထိခိုက် သေကြေခဲ့သည်။ ထိုင်းရွာသား အချို့လည်း ထိခိုက်ဒဏ်ရာရကြသည်။ ဝေါ်လေခီးရွာ နှင့် အနီးပတ်ဝန်းကျင် ရွာအချို့မှ လူများလည်း ရှောင်တိမ်းကြရ၊ တိုက်ပွဲကြောင့် ရွာမှာ ပိုထိခိုက်နစ်နာမည်စိုးသောကြောင့် ကေအဲန်အယ်အေက စခန်းမှနောက်ဆုတ်ပေးခဲ့သည်။ ရန်သူနှင့် ဒီကေဘီအေတို့ ထိုစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြလေသည်။

ထိုတိုက်ပွဲအပြီးမှာတော့ ဒီကေဘီအေတပ်များကို ရှေ့တန်းတင်လာခဲ့သော နအဖက ၎င်းတို့ထုတ်ပေးထားသည့်ကျည်များကို ပြန်လည် စစ်ဆေးကြောင်းလည်း ကြားသိရသည်၊ မည်သည့်ကျည်အမျိုးအစား မည်၍မည်မျှထုတ်ယူသည်၊ ကျည်ဘယ်လောက် ပစ်ခတ် ကုန်ကျသည်၊ လက်ကျန် ဘယ်မှာရှိသည် စသဖြင့် စစ်ခြင်းဖြစ်သည်။ ဒီကေဘီအေ သက်တမ်းတလျှောက် တခါမျှ ထိုကဲ့သို့ အစစ်အဆေး မခံခဲ့ရဘူးချေ၊ ဒီကေဘီအေကို ရှေ့တန်းတင်ကာ ကရင် ကရင်ချင်း ပြန်တိုက်ခိုင်းနေသော နအဖသည် ယခုအခါမှာတော့ ကျည်များကို ကန့်သတ်စီစစ်လာခဲ့ပြီဖြစ်သည်။ ထိုစီစစ်ပြီးနောက် ရက်များမကြာမီမှာပင် ဒီကေဘီအေရှိ လက်နက်အရေအတွက်နှင့် တပ်ဖွဲ့ဝင်အင်အားကိုပါ စစ်ဆေး ကန့်သတ်လာခဲ့ပြန်သည်။

ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့်အလုပ်မျိုး စစ်အုပ်စုက အကွက်ချပြီး လုပ်၏။ ကေအဲန်ယူကို တိုက်ခိုက်ရန်အတွက် ဒီကေဘီအေကို ရှေ့ကနေ မောင်းတင်၏။ ၎င်းတို့စစ်အုပ်စုလက်ပါးစေများကိုတော့ နောက်မှာနေစေ၏။ ကရင်တွေကို ကရင်ထောင်ထားသည့် မိုင်းနင်းမိစေ၊ ကရင်ပစ်သည့် စနိုက်ပါစာ အထိခံကြစေ၊ တသီတတန်းကြီး မောင်းပြန်သေနတ်စာ အထိခံကြစေ၏။
ကိုယ့်ကိုယ်ထဲကအရိုးနှင့် ကိုယ့်ကိုပြန်၍အထိုးခံရခြင်းမှာ အတော်ပင် ခံရခက်သောဝေဒနာဖြစ်သည်။ ဘယ်လိုပင် ပစ်ကြခတ်ကြ၍ဘယ် ဘက်ကပင် သေသည်ဖြစ်စေ အများဆုံး သေကြရမည်မှာ ကရင်တွေသာ ဖြစ်၏။ စစ်အုပ်စု၏ လက်ပါးစေတပ်တွေကတော့ ကျည်လွတ်ရာမှာ သက်တောင့်သက်သာ ပြုံရယ်လျက်၊ ဘေးကင်းရန်ကင်း စခန်းတက်သိမ်း နိုင်မည့် အချိန်ကို အေးဆေးစွာ စောင့်ဆိုင်းနေခဲ့ကြမည် ဖြစ်သည်၊

ကရင်ကရင်ချင်း ပြန်တိုက်ရမည့်ကိစ္စကို မလုပ်လိုသူများ။ အနေချောင်အစားချောင်မလားဟူသော မျှော်လင့်ချက်ဖြင့် ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ထဲ ရောက်သွားကြသူများမှာ အေးဆေးငြိမ်းချမ်းစွာ မနေကြရ၊ နအဖထံက မဖြစ်စလောက်ပံ့ပိုးသော အခြေခံရိက္ခာကို ထုတ်စားကာ နအဖခိုင်းတာကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်နေကြရသည်။

တကျော့ပြန် ဟင်္သာကိုးသောင်း ဇာတ်ကွက်ကို ဝေါ်လေခီးတွင် စိတ်ပင်ပန်းစွာ ကပြ အသုံးတော်ခံပြီးသည့်နောက် မိမိဘက်က ၂၀၀ကျော်မျှ ထိခိုက်ကျဆုံးခဲ့ရသည့် ကြေကွဲစရာအဖြစ်ကို မမေ့မဖျောက်နိုင်မီ ရွှေကုက္ကို၌ကျင်းပမည့် ကေအဲန်ယူ တပ်မဟာ (၇)အပေါ် အောင်ပွဲခံသည့် အခမ်းအ နားသို့ မဖြစ်မနေ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော ဒုဗိုလ်မှူးကြီးစံပြုံး (ဗိုလ်ဆန်ပြုတ်)နှင့် ဒီကေဘီအေအရာရှိ အချို့မှာ ရွှေကုက္ကိုသို့ အလာခရီး မြစ်ကြောင်းအတွင်းပင် ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံလိုက်ကြရသည်။ ၎င်းတို့ ပစ်ခတ်ခံရသည့်နေရာသည် ကေအဲန်ယူထိန်းချုပ်ရာ နေရာမဟုတ်၊ စစ်အုပ်စုတို့ ကြီးစိုးချုပ်ကိုင်ထားရာ နေရာသာဖြစ်သည်၊ ထိုအဖြစ်၏နောက်ပိုင်း ဒီကေဘီအေနှင့် ငြိမ်းအဖွဲ့တို့သည် ၎င်းတို့ ယုံကြည်အားထားနေ သော သခင်သစ်က ၎င်းတို့အား ပို့ဆောင်မည့် လမ်းကြောင်းကို ရိပ်စားမိလာကြလေသည်။
ဝေါ်လေခီးတွင် ထိခိုက်ကျဆုံးရသည့် ကရင် ၂၀၀ကျော်ခန့်တွင်လည်း တားဆီးနေသည့်ကြားက ရှေ့သို့ အတင်းတိုးလာသောကြောင့် ကေအဲန်အယ်လ်အေက မလွဲမရှောင်သာ ပစ်ခတ်လိုက်၍သေဆုံးရသည့် အရေအတွက်ထက် ကရင်ကရင်ချင်းတိုက်ရမည့်အရေး လက်တွန့်တွေဝေနေသော ကြောင့် နောက်ကျောဘက်ကလာသည့်ကျည်ဆံဖြင့် သေဆုံးကြရသည့် အရေအတွက်မှာ ပို၍များနေမည် ဖြစ်ကြောင်းကိုလည်း နားလည်လာကြ၏။
ယခင်က မိခင်အဖွဲဏ္ဍအစည်းထံ ပြန်ဝင်လာကြသူ အရေအတွက်မှာ နှစ်ယောက်စ သုံးယောက်စသာ ဖြစ်သော်လည်း ယခုလ စောစောပိုင်းမှာပင် ဒီကေဘီအေနှင့် ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့မှ တပ်မှူးတပ်သားအချို့တသုတ်ပြီးတသုတ် ပြန်လည်ပေါင်းစည်းလာကြသည်ကို ကြည်နူးဝမ်း မြောက်ဖွယ်ရာ ကြားသိရသည်။ ပြန်ရောက်လာသူများကို အဖွဲ့အစည်းက နွေးထွေးစွာ ကြိုဆို၏။ လောလောဆယ် ပြန်ရောက်လာသည့် အရေအတွက်က အယောက် ၇၀ကျော်မျှသာ ရှိသော်လည်း ကြားလိုက်ရသည်မှာ အင်အား ၇၀၀ မက၊ ၇၀၀၀၊ ၇၀၀၀၀ မက ရရှိလိုက်သလို ဖြစ်၏။ ကရင်လူထုသည်လည်း ကရင် ကရင်ချင်း ပြန်လည်ပေါင်းစည်းသည့်အဖြစ်ကို လှိုက်လှိုက်လှဲလှဲ ကျေနပ်မဆုံး ဖြစ်နေကြပေလိမ့်မည်။ နောက်ထပ် ဆက်လက် ထွက်လာဦးမည့်သူများ အများအပြား ရှိနေသလို၊ ရန်သူတပ်တွင်းမှ ကရင်များသည်လည်း အရေးကြီးလျှင် သွေးနီးကြမည့်သူများ ဖြစ်လာပေလိမ့်မည်။

(၂)

ကရင့်တော်လှန်ရေးမှာ အမျိုးသား ဒီမိုကရေစီတော်လှန်ရေး ဖြစ်၏။ အမျိုးသားရေးနှင့် ဒီမိုကရေစီရေး၏ကေအဲန်ယူသည် အဓိကအားဖြင့် အမျိုးသားရေးကို ပို၍ရှေ့တန်းတင် ကြိုးပမ်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ ယနေ့လက်ရှိ ဒီကေဘီအေ၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့၊ ဗိုလ်ချုပ်ဌေးမောင်အဖွဲ့ စသည့်အဖွဲ့အစည်းများမှာ ယခင်က ကေအဲန်ယူနှင့် ကေအဲန် အယ်လ်အေများဖြစ်ကြ၏။ အခြားအမျိုးသားများ နည်းတူ မိမိတို့အမျိုးသားများ တန်းတူညီမျှ ရရှိပိုင်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးနိုင်ခွင့်တို့အတွက် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနှင့် ကေအဲန်အယ်အေ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်သို့ ၀င်ရောက်လာခဲ့ကြသူများ ဖြစ်သည်။

နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သော အဖွဲ့အစည်းကြီးအတွင်း အကျင့်စရိုက်ပေါင်းမျိုးစုံ ရောပြွမ်းလျက်၊ ရသည့်သူတွေက တရားလွန်ရ၊ မရသောသူတွေကတော့ ငတ်ပြတ်နေ စသဖြင့် ထက်အောက်မညီမျှမှု၊ ဗျူရိုကရက်ဆန်မှု၊ လက်ဝါးကြီးအုပ်လိုမှု၊ ဆရာမွေး တပည့်မွေး ဂိုဏ်းခွဲလိုမှုများကို ကြုံလာကြရပြီး။ အခွင့်ကောင်းကိုစောင့်နေသော ရန်သူ၏ ဘာသာရေးအရ သပ်လျှိုမှု။ သွေးခွဲမှု၊ အကြိုက်ပေးစည်းရုံးမှုများ ၀င်ရောက်ပေါင်းစပ်လိုက် သောကြောင့်သာ ဒီကေဘီအေအဖွဲ့ ဟောင်သရောအဖွဲ့ စသည်တို့ ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်သည်၊ သို့ရာတွင် ဆယ်စုနှစ်ပေါင်းများစွာ ကေအဲန်ယူအတွင်း ရပ်တည်လုပ်ကိုင်လာခဲ့သည့်အလျောက် ဒီကေဘီအေ၊ ဟောင်သရောအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့ စသည်တို့မှ တပ်မှူးကြီးငယ်တို့၏ရင်တွင်း၌မှန်ကန်သော ကရင့်အမျိုးသားရေးစိတ်ဓာတ်မှာ ခိုင်မာစွာ အမြစ်တွယ်လျက်ရှိနေမည် ဖြစ်လေသည်။

စစ်အုပ်စု၏ ခြေလှမ်းကို နှစ်အတော်ကြာကပင် ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့တို့က ရိပ်မိလာခဲ့ကြသည်။ န၀တ တပ်တွင်းမှ အောက်ခြေ တပ်မှူးတပ်သားများ၏ သဘောထားကိုလည်း ၎င်းတို့နှင့်လက်တွဲပြီးနောက် လအနည်းငယ် အကြာမှာပင် သိရှိလာခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့အား အခြေအနေတရပ်ကြောင့် ပါစားပေးခြင်းခံထားရသည်ကို မကျေမနပ်ဖြစ်နေခဲ့ကြသည့် န၀တ၊ နအဖ တပ်ဗိုလ်တပ်သားတွေ များစွာရှိကြောင်းကိုလည်း နားလည်ထားကြသည်။

(၃)

န၀တက ၎င်းတို့၏ ရည်မှန်းချက် မအောင်မြင်သေးမီ ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးအဖွဲ့တွေကို သည်းခံလိုက်လျောကာ ၎င်းတို့လုပ်ငန်းဆောင်တာများ ပြီးဖို့နီးလာသည့်အချိန်မှာတော့ ဒီကေဘီအေအပေါ် လျှော့ထားသည့် ကြိုးကို တစထက်တစ တင်းအောင်ရစ်လာခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ၎င်းတို့နှင့် ပူးပေါင်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ပုလိပ်လိုလို၊ လုံခြုံရေးလိုလို အနေအထားမျိုး ဖြင့် နယ်ခြားစောင့်တပ်ရင်းတွေ လုပ်ခိုင်းမည့်အစီအစဉ်တွင်လည်း တပ်ရင်းတိုင်း၏ နအဖအရာရှိ ၃၀နှင့် ၎င်းတို့ တပ်များပါ ရော၍ ထားရှိမည် ဖြစ်သည်။ တိုင်းရင်းသားတပ်များအား ရာထူးအဆင့်အလိုက် ၎င်းတို့နအဖတပ်များလိုပင် လစာနှုန်းထား သတ်မှတ်လျက်ပေးမည်ဟု ဆို၏။

ဒီကေဘီအေတို့အနေဖြင့် စစ်အုပ်စုလက်အောက် ဒေသခံ နယ်ခြားစောင့်တပ်များအဖြစ်သာ စစ်အုပ်စုတို့ စိတ်တိုင်းကျ ရေးဆွဲထားသည့် အခြေခံဥပဒေပါ စည်းကမ်းနည်းလမ်းများအတိုင်း လိုက်ပါဆောင်ရွက်သွားရတော့မည် ဖြစ်လေသည်။
ဒီကေဘီအေကို အကျိုးရှိစွာ အသုံးချရမည်ဖြစ်သောကြောင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်း အတန်ငယ် လျော့ပါး လာသည့် အသက် ၅၀ကျော်အရွယ်များကို ပင်စင်ပေးဖို့ရန်လည်း နအဖမှာ အစီအစဉ်ရှိထားသည်။ ၎င်းတို့အတွက် တွက်ချေ မကိုက်သည့် အလုပ်မျိုး၊ အလဟ ဿ စရိတ်ကုန်ကျရသည့် အဖြစ်မျိုးကို နအဖက မလိုလား၊ ပင်စင်ပေးခံရမည့် အသက် ၅၀ကျော် ကရင်တို့ လက်ထဲတွင် သေနတ်ကိုင်ဆောင်ခွင့်ပြုတော့မည် မဟုတ်ချေ။

အမျိုးသားချင်း တန်းတူညီမျှ ရရှိပိုင်ခွင့်အတွက် ဟူသောသဘောဖြင့် ဒီကေဘီအေနှင့် ငြိမ်းအဖွဲ့များအား အရင်းမစိုက်ရသော စီးပွားရေးလုပ်ငန်း လုပ်တတ်သည့် စစ်အုပ်စုက သူ့နည်းသူ့ဟန်ဖြင့် ပွဲလမ်းကျင်းပ၊ လောင်းကစားဝိုင်းများထောင်၊ အကောက်ယူ၊ စီးပွားရှာရန် လမ်းဖွင့်ပေးခဲ့သည်၊ စီးပွားရေးချွတ်ခြုံကျနေသော ဗမာပြည်သားတို့မှာ ထွက်ပေါက်အဖြစ် တပွဲတိုး အလွယ်လမ်းလိုက် သူဌေးဖြစ်ကြံကြရင်း ဖွတ်သထက်ညစ်သည့် အခြေအနေမျိုးသို့ရောက်ရှိသွားကြသည်၊ မိမိနယ်မြေအတွင်းမှ မိမိတို့အမျိုးသားလူငယ်များလည်း စာရိတ္တ ပျက်စီးကြရသည်။ အိုးပျောက်၊ အိမ် ပျောက်၊ ခြံပျောက်၊ လယ်ပျောက် ဖြစ်ကာ ဘ၀ရပ်တည်ရေးအတွက် ကြုံသလို လုပ်ကိုင်စားသောက်ရန် တဖက်နိုင်ငံသို့ ရောက်ရှိသွားကြသည်။

နအဖနှင့်အပေါင်းပါများ အဓိက လုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသည့်လုပ်ငန်းများ၌ ဒီကေဘီအေအချို့လက်ဝေခံ ကယ်ရီနှင့် လက်လီ ဖြန့်ချိသူများအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည့် အကျိုးဆက်အဖြစ် နယ်စပ်ဒေသ မြို့၊ ရွာများနှင့် ဒုကသည်စခန်းများမှ လူငယ်များ မူးယစ်ဆေး ၀ါး၏ သားကောင်များအဖြစ် လူညွန့်တုံးရတော့မည့် အခြေအနေသို့ ရောက်လာကြသည်။ ကိုယ့်အမျိုးသား၏ အနာဂတ်ကို ကိုယ့်ဟာကိုယ် ပြန်လည် ပိတ်ဆို့မိခြင်း ဖြစ်လေသည်။ နအဖစစ်အုပ်စုကတော့ အနာဂတ် ဗမာပြည်အတွက် အားကိုးအားထားပြုရမည့် လူငယ်များကို ဤအခြေအနေမျိုး ဖြစ်စေရန် တမင်ပင် တွန်းပို့ပေးခဲ့ခြင်းဖြစ်သည်။

မကြာမီကာလမှာတော့ န၀တက ဒီကေဘီအေအား လခစားနယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းလိုက်ပြီးလျှင် ဂိတ်အကောက်ယူ ခွင့်နှင့် အာဝါဒေး ပွဲလမ်းများကျင်းပ၊ လောင်းကစားဒိုင်များ ဖိတ်ကာ အခွန်အတုပ်ယူလျက် လွတ်လပ်စွာ စီးပွားရှာ လုပ်စားခွင့်များကိုလည်း ပိတ်ပင်မည်ဖြစ်၏၊ ၎င်းတို့အား ၀န်ထမ်းများအဖြစ် လခပေးလိုက်ပြီးဖြစ်၍။ ၀င်ငွေရရှိမည့်ကိစ္စများကို နအဖစစ်အုပ်စုကသာ ချုပ်ကိုင်ထားလိုက်တော့မည် ဖြစ်သည်။ ထိုအခါတွင် ကိုယ့်ဘ၀ရပ်တည်ရေး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်မှာလည်း ပျောက်ဆုံးသွားမည် ဖြစ်လေသည်။

န၀တအရာရှိအဆင့်ဆင့်. ထိန်းချုပ်မှုအောက် နေထိုင်ရမည် ဖြစ်သောကြောင့် ကိုယ့်အဖွဲ့နှင့်ကိုယ် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာလည်း အလိုလို ပျောက်ဆုံးသွားမည်ဖြစ်သည်။ သီးခြားလွတ်လပ်စွာ ရပ်တည်နေသော ကရင်အဖွဲ့အစည်းဆိုသည့် အမျိုးသားရေး အနာဂတ် ရည်မှန်း ချက်များလည်း ပျက်စီးသွားမည်ဖြစ်ပြီး မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစကား စသည်တို့အပေါ် တန်ဖိုးထား လေးစားတတ်သော အမျိုးသားရေး အသိစိတ်ဓာတ်များ၊ ရဲဘော်ရဲဘက် သံယောဇဉ်များ၊ အချင်းချင်း ရင်းနှီးချစ်ခင် ယုံကြည်ကိုးစားမှုများပါ လျော့ပါးပျက်ပြယ်သွားအောင် စစ်အုပ်စုက ပုံသွင်းလိုက်ခြင်းဖြစ်သည်၊

ဘာသာရေးအရ အဖိနှိပ်ခံရသည်ဟူသော အကြောင်းပြချက်ဖြင့် ကေအဲန်ယူမှ ခွဲထွက်လာခဲ့သော ဗုဒ္ဓဘာသာအဖွဲ့မှာ ဗမာပြည် ရွှေဝါရောင် တော်လှန်ရေးအတွင်း ဘုန်းတော်ကြီးအများအပြား ဖိနှိပ်ဖမ်းဆီးခံရ၍နယ်စပ်သို့ ပြေးလာကြသည့်အဖြစ်ကို မကူနိုင် မကယ်နိုင်ခဲ့။ ဘာသာ၊ သာသနာ နှင့် သံဃာတော်များအပေါ် နအဖစစ်အုပ်စုတို့ ကျူးလွန်စော်ကားသမျှကို မျက်စေ့စုံမှိတ်လျက် ကြေကွဲစွာ ကျောခိုင်းနေခဲ့ရ၏။ မိမိတို့သာ ညီညွတ်ပါက နအဖတို့ ထိုမျှအထိ ကျူးကျော်စော်ကားမှု မပြုနိုင်။ ဗုဒ္ဓဘာသာ ကရင်အမျိုးသား၊ တန်းတူညီမျှ ရပိုင်ခွင့်ကို လိုလားသူ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ ကရင်အမျိုးသားတို့၏ တိုးတက်ကြီးပွားမှုကို ရှေ့ရှုသူများဟု မိမိတို့ကိုယ် မိမိတို့ ခံယူထားကြသူများအနေဖြင့် န၀တစစ်အုပ်စု၏ ချုပ်ကိုင်ကျွန်ပြုမှုအောက် ရောက်လုတည်းတည်းအခြေအနေကို သိမြင်လာကြပြီဖြစ်လေသည်။

(၄)

အထင်ကရ ရပ်တည်လာခဲ့သော သမိုင်းဝင် ကရင်အဖွဲ့အစည်းကြီးနှင့် ကရင်လူမျိုးတို့အား မျိုးဖျောက်၊ ကျွန်ဇာတ်သွင်းရန် ကြိုးစားလာသည့် စစ်အုပ်စု၏ ကရင်ပြည်နယ် ထိုးစစ်ကို ပြန်လည် အမှုန့်ချေနိုင်ရေး ကိုယ့်ကိုယ်ကိုယ် ကရင်မှန်းသိလာကြသည့် ကရင် ကရင်ချင်း ပြန်လည် လက်တွဲရတော့မည် ဖြစ်သည်။ ကရင်တို့၏ စုစည်းညီညွတ်စွာပေါင်းစည်းမှုသည် အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများကိုပါ ကူးစက်ပျံ့နှံ့သွားမည်ဖြစ်ပြီး ပြည်သူလူထုကြီး တရပ်လုံးအနေဖြင့်လည်း စစ်အုပ်စုလက်အောက်မှ ရုန်းထွက်နိုင်ရေး အားကိုးအားထားလောက်သည့် အင်အားများကို ရရှိနိုင်မည်ဖြစ်လေသည်၊

န၀တတပ်တွင်း၌ စစ်အုပ်စု၏ လုပ်ရပ်ကို မနှစ်မြို့သော တပ်မှူးတပ်သားကောင်းတွေ အများအပြား ရှိနေရာ ၎င်းတို့၏ ပူးပေါင်းပါဝင်လိုမှုကိုလည်း လမ်းဖွင့်ပေးထားရမည်ဖြစ်သည်။ ၈၈ အရေးအခင်းတုန်းကလို လူထုအုံကြွမှုကြီးမျိုး တဖန်ပြန်လည် ဖြစ်ပေါ်လာတော့မည့်အချိန်သည် များစွာမဝေးတော့ချေ။ သမိုင်းဘီး တပတ်ပြန်လည်မည့်အချိန်ကို အသင့်ပြင်ဆင်စောင့်စားလျက် တက်ကြွပီပြင်စွာ ပါဝင်လိုက်ဖို့ရန်မှာ ဒီမိုကရေစီရေးနှင့် အမျိုးသားလွတ်မြောက်ရေးကို လိုလားသော ဗမာပြည်သားတိုင်း၏တာဝန်ရှိနေမည်ဖြစ်သည်။

အရေးကြုံပါက ဗမာတပြည်လုံးကို မီးလောင်တိုက်သွင်းပြီး နောက်လိုက်နောက်ပါ အချိ့နှင့်အတူ ကိုယ်လွတ်ရုန်း မြေကျင်းအောင်းဖို့ရန် ပြင်ဆင်ထားသော စစ်အုပ်စု၏ကိုယ်ကျိုးငဲ့ြေုကာက်ရွံ့မှုကိုသိရှိလာကြရသော ဗမာပြည်သားများအနေဖြင့် ၎င်းတို့နှင့် ထိုက်တန်သည့် လမ်းကြောင်းသို့ ပို့ဆောင်ပေးကြရတော့မည် ဖြစ်သည်၊
လူဟူ၍ ဖြစ်လာလျှင် လူဆန်သော အသိတရား ထားရှိရမည် ဖြစ်သည်၊ တိရိစ္ဆာန်နှင့် လူ ကွာခြားသည်မှာ မိမိရှင်သန်ရပ်တည်ရသော လောကကို ကောင်းကျိုးရှိစေရန် တတ်အားသမျှ ကြံစည်လုပ်ဆောင်မှုပင်ဖြစ်သည်။ ကောင်းကျိုး တစုံတရာမျှ မလုပ်နိုင်သော လူ၏အဖြစ်သည် စား၊ အိပ်၊ မေထုံသာ ပြုကျင့်တတ်သည့် တိရိစ္ဆာန်နှင့် မခြား။
လူသည် မိမိသမိုင်းကို မိမိလုပ်ဆောင်ချက်ဖြင့် ရေးရမည်ဖြစ်သည်။ မကောင်းမှုများလုပ်ပြီး မှားမှန်းသိသော်လည်း မိုက်မဲစွာ ဇွတ်တိုး လုပ်ကိုင်သည့် အပြုအမူသည် လူ့အပြုအမူ မဟုတ်။ လူဟူသည်မှာ အမှားကို မြင်လျှင် အမှန်ပြန်ပြင်တတ်သည့် စိတ်စေတနာကောင်း ရှိရမည်ဖြစ်သည်။ မိမိတို့သမိုင်း၏စွန်းထင်းခဲ့သည့် အမဲစက်များကို ပြန်လည် ချေဖျက်နိုင်အောင်၊ ယိုင်နဲ့နေသော မိမိတို့သမိုင်းကြောင်းကို ပြန်လည်တည့်မတ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်လေသည်။

ဖါးစည်သံ

ဤဆောင်းပါးကို ကေအိုင်စီသတင်းမှ ကိုးကားဖေါ်ပြထားပါသည်။

No comments: