Saturday, October 10, 2009

စိတ်ကူးယဉ် ပင့်ကူ ကွန်ယက်ကြီး

နအဖရဲ့ စိတ်ကူးယဉ် ပင့်ကူ ကွန်ယက်ကြီး - အပိုင်း (၁)


စာဖတ်ပရိသတ်များခင်ဗျား



နအဖရဲ့ ဆက်သွယ်ရေး တပ်ရင်း တစ်ခုမှာ အတွင်းစည်း တာဝန် ထမ်းဆောင်တဲ့ ပြည်တွင်းမှ တပ်မတော်သား တစ်ဦး ပေးပို့ လာသော ဆောင်းပါး တစ်ပုဒ်ကို ဒီကနေ့ တင်ပြ ပေးလိုက် ပါတယ်။

ဒီဆောင်းပါးမှာ FOC လို့ ခေါ်တဲ့ ဖိုင်ဘာကေဘယ်ကြိုးနဲ့ ပတ်သက်ပြီး အတွင်းကျကျ တင်ပြထားပါတယ်။ မူကောင်းပြီး လူမကောင်းဘဲ နအဖ အထက်ပိုင်းဟာ “ဗုန်း” ဖို့လောက်ကိုတာ ချောင်းနေကြတာမို့ တကယ်တမ်းမှာတော့ တိုင်းပြည်ဘဏ္ဍာငွေ တွေ ဆုံးရူံးနေသလို ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ တပ်မတော် ဖြစ်ဖို့ဆိုတာဟာလည်း အလှမ်းဝေးနေပါသေးကြောင်း ဒီဆောင်းပါးက ဖြစ်ရပ် အမှန်အတိုင်း ကွက်ကွက် ကွင်းကွင်း တင်ပြထားပါတယ်။ အခုလို ပေးပို့လာသော ဆောင်းပါးရှင် မိုးကြိုးအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားမှ မှတ်တမ်းတင် ဂုဏ်ပြု ဖေါ်ပြ အပ်ပါတယ်ခင်ဗျား။



Fiber Optic Cable ဖိုင်ဘာကေဘယ်ကြိုး (၀ါ) ဆက်သွယ်မှု ပင့်ကူကွန်ယက် - အပိုင်း (၁)




ဆောင်းပါးရှင် - မိုးကြိုး (ပြည်တွင်းမှ တပ်မတော်သား တစ်ဦး)



ယနေ့ မြန်မာ့စစ်တပ်တွင် ရေပန်းစားနေတဲ့ FOC (Fiber Optic Cable) လို့ ခေါ်သော ဖိုင်ဘာ ကေဘယ်လ်ကြိုး ခေါ် ဆက်သွယ်မှု ကွန်ယက်ကြီးကို ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အထူး စီမံကိန်းကြီးချကာ လျှို့ဝှက်စွာ စတင် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းကြီးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်းနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန ၊ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး (ကကဆက်) (ညွှန်ကြားရေးမှူး) ဗိုလ်ချုပ်သိန်းထွန်းတို့ ၄ ဦးသာ သိခွင့် ကိုင်တွယ်ခွင့် ရရှိတာ ဖြစ်ပါတယ်။



တစ်နိုင်ငံလုံးရဲ့ တိုင်းစစ်ဌာနချုပ်အားလုံးနဲ့ နေပြည်တော် (နပတ) စစ်ရုံး ဆက်သွယ်မှု ကွန်ယက် လမ်းကြောင်းပြ မြေပုံကို ထိပ်တန်းလျှို့ဝှက်အဆင့်နဲ့ ကကဆက်တွင် ထိန်းထားခဲ့ပါတယ်။ နေပြည်တော် တိုင်းနဲ့ စစ်ရုံးအတွင်း ဆက်သွယ်မှုကွန်ယက်ကို အချို့ဆက်သွယ်ရေး (ကကဆက်) စစ်ဦးစီး အရာရှိများပင် မသိရှိကြပါ။ ဆက်သွယ်မှု ကွန်ယက်တည်ဆောက်မှုနှင့် နည်းပညာပိုင်းကို တရုတ်နိုင်ငံမှ ရရှိခဲ့ကာ အရာရှိများနဲ့ သိပ္ပံနှင့်နည်းပညာကျောင်းဆင်း(ဟိုပုန်း)မှ တပ်ကြပ်ကြီးများကို ပညာတော်သင်များအဖြစ် တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။



ကေဘယ်လ်ကြိုး ချပြီးတဲ့နောက် အဲဒီကြိုးတွေကို ဆက်တဲ့နေရာမှာ DSTA (တပ်မတော် နည်းပညာတက္ကသိုလ်) ကျောင်းဆင်း (သို့) DSA (စစ်တက္ကသိုလ်) မှ အီလက်ထရောနစ်ဘွဲ့ရ အရာရှိများ ဦးစီးပြီး၊ အခြားအဆင့်မှ အီလက်ထရောနစ် ပညာသည်များ ၊ သိပ္ပံနှင့် နည်းပညာ ကျောင်းဆင်း (ဟိုပုန်း) တပ်ကြပ်ကြီးများ ပါဝင်သော ကြိုးဆက်အဖွဲ့က ဆောင်ရွက် ပါတယ်။ ကြိုးးဆက်အဖွဲ့ကို တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေအခြေအနေပေါ်မူတည်ပြီး ဖွဲ့စည်းပုံအား ပုံသေမရှိသော်လည်း အကြမ်းဖျင်း အနည်းဆုံးအင်အား (၇)ဦးမှ အများဆုံးခန့်မှန်း (၂၀)ဦးထိ ရှိတတ်ရာ တစ်ချို့အဖွဲ့များမှာ အရာရှိဦးစီးပြီး ၊အချို့အဖွဲ့များမှာ ဒုအရာခံဗိုလ်များက ဦးစီးဆောင်ရွက်ကြပါတယ်။



အဲဒီ ကေဘယ်လ်ကြိုးရဲ့ စွမ်းရည်သတ္တိထူးများကတော့ အသံကြည်လင်ပြတ်သား မှုရှိခြင်း၊ အရပ်ဖက် တယ်လီဖုန်းများရဲ့ လိုင်းများကဲ့သို့ ဂြိုလ်တုမှတဆင့် ပို့ခြင်း/ဖမ်းခြင်း မဟုတ်ဘဲ တနေရာမှ တနေရာသို့ ကေဘယ်လ်ကြိုးများနဲ့ ချိတ်ဆက်ထားတဲ့အတွက် ရန်သူမှ ကြားဖြတ် မဖမ်းနိုင်ပဲ လုံခြုံမှုရှိခြင်း၊ ကေဘယ်လ်ကြိုးတစ်ချောင်းထဲမှာပင် တယ်လီဖုန်း လိုင်းများစွာ အသုံးပြုနိုင်ခြင်း၊ အဲဒီ ကေဘယ်လ်ကြိုးကို အသုံးပြု၍ တပ်မတော် အတွင်း ကွန်ပျူတာနဲ့ Paperless စနစ် ကွန်ယက်ပါ တည်ဆောက်နိုင်ခြင်းနှင့် ရုပ်သံလိုင်းများပါ ဖျော်ဖြေရေး အတွက် ထည့်သွင်းထားခြင်း စတာတွေ ပါရှိပါတယ်။ နယ်ဘက် ကွန်ပျူတာလိုင်းနှင့် ချိတ်ဆက်ထားခြင်း မရှိသလို ကေဘယ်လ်ကြိုးတွေ သုံးကာ ကွန်ပျူတာ Connection မှာ အားကောင်းပြီး ကြိုးဖြင့်ပင် ကွန်ပျူတာအချင်းချင်း ဆက်သွယ်မှု သုံးတာဖြစ်လို့ လုံခြုံမှုလည်း ခိုင်မာလှပါတယ်။



တပြည်လုံးဆက်သွယ်မှု အနေနဲ့ ကွန်ယက် (၃) နေရာ ထိန်းချုပ်ထားပြီး ၎င်းတို့မှာ ရန်ကုန် (၉) မိုင် ပင်ပဆက်သွယ်ရေး အလုပ်ရုံ၊ စစ်ကိုင်းနှင့် ပြင်ဦးလွင် နေရာများ ဖြစ်ကြပါတယ်။ အဲဒီ FOC ကေဘယ်လ်ကြိုးအရွယ်မှာ လက်မအရွယ်ရှိကာ မြေကြီးအောက် ပျမ်းမျှ (၂)’ အကျယ် (၆)’ အနက်တူးပြီး ကေဘယ်လ်ကြိုးခင်း၍ ကြိုးအပေါ်မှ ၀မ်တိန်တိတ်လို့ ခေါ်တဲ့ ပလပ်စတစ်ပြားကို အုပ်ကာ စနစ်တကျနဲ့ မြေကြီးပြန်ဖို့ရတာ ဖြစ်ပါတယ်။ FOC လုပ်ငန်းသုံး ပစ္စည်းများကို အဓိက ဖြန့်ဝေတာကတော့ ရန်ကုန် မင်းဓမ္မကုန်းရှိ ဆသပခွဲ (၁) နဲ့ မန္တလေးရှိ ဆသပခွဲ (၂) တို့ဖြစ်ကြပါတယ်။ အောက်မြန်မာပြည်နဲ့ အထက် မြန်မာပြည်ကို ခွဲကာ ၁၀ ဘီးကားကြီးတွေနဲ့ ပစ္စည်းတွေကို တပ်ရင်းအသီးသီးသို့ လိုက်ချပေးခဲ့ပါတယ်။

နအဖရဲ့ စိတ်ကူးယဉ် ပင့်ကူ ကွန်ယက်ကြီး - အပိုင်း (၂)

စာဖတ်သူများခင်ဗျား

ယခု အပိုင်းမှာတော့ ပြည်တွင်းက တပ်မတော်သား တစ်ဦး ဖြစ်တဲ့ ဆောင်းပါးရှင် မိုးကြိုးက FOC လုပ်ငန်းကို အကောင်အထည် ဖော်ရာ မှာ တပ်ရင်းမှူးနဲ့ အထက် စစ်အာဏာရှင် တွေက စက်သုံးဆီကို



အကြံအဖန်လုပ် ရောင်းစားပြီး သတ်မှတ် ဧရိယာ အနည်းအကျဉ်းကို မြေတူး စက်ကြီး ဘက်ဟိုးဖြင့် နာရီပိုင်းသာတူးခိုင်းပုံ၊ ကျန်တဲ့ဧရိယာအပိုင်းအား လူအင်အားကိုသာ အသုံးပြုတဲ့အတွက် စံနှုန်း နှစ်ပေအကျယ်နှင့် ခြောက်ပေ အနက် တူးရမယ့်အစား တစ်ပေအကျယ် အနက် တစ်ပေခွဲသာ တူးပြီး ကေဘယ်လ်ကြိုး ခင်းခဲ့ကြပုံ၊ တစ်နေ့တာ ပြီးစီးမှုကိုတော့ ကြေးနန်းဖြင့် လျှို့ဝှက်အဆင့်အတန်းနဲ့ အစီရင်ခံစာ တင်ပြပြီး ခပ်တည်တည်နဲ့ ဖြီးဖြန်းနေကြပုံ ၊ စစ်သည်တွေက မနိုင်တဲ့ဝန် ထမ်းရတဲ့အတွက် ရှေးခေတ် ကျွန်ကြီးများသဖွယ် ပင်ပန်းဆင်းရဲစွာ ရုန်းကန်လှုပ်ရှားရပုံတွေကို ကွက်ကွက်ကွင်းကွင်း ထိထိရောက်ရောက် တင်ပြသွား ပါတယ်။



Fiber Optic Cable ဖိုင်ဘာကေဘယ်ကြိုး (၀ါ) ဆက်သွယ်မှု ပင့်ကူကွန်ယက် - အပိုင်း (၂)
ဆောင်းပါးရှင် - မိုးကြိုး ( ပြည်တွင်းမှ တပ်မတော်သားတစ်ဦး)



ဆက်သွယ်ရေး တပ်ဖွဲ့အတွင်း အဲဒီလို FOC လုပ်ငန်းကြီး ပေါ်ပေါက်လာတာဟာ ဆက်သွယ်ရေးက တပ်ရင်းမှူးတွေအတွက် ငွေဝင်လမ်းကြီး တစ်ခုကို ရရှိခဲ့ကြတာ ဖြစ်သလို စစ်သည်တွေ အတွက်ကတော့ ၀ဋ်ကြွေးကြီးတစ်ခုအား စတင် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ စစ်သည်တွေဟာ ချွေးတပ်သား ရှေးခတ်ကျွန်များ သဖွယ် FOC ကို စတင် တူးဖော်ခဲ့ကြရတာ ဖြစ်ပါတယ်။ စစ်တပ်ထဲ မိုက်ခဲ့တဲ့ မိုက်ပြစ်ကို ချွေးနဲ့ ဆပ်မယ်ဆိုတဲ့ အတိုင်း အကျဉ်းကျ ကျောက်ထုအကျဉ်းသားတွေနဲ့ နှိုင်းယှဉ်ပါက သံခြေကျင်း ၊ ၀တ်စုံ အဖြူ မ၀တ်ရတာကလွဲလို့ ကျန်တာ အတူတူလို့ ပြောရမလို ဖြစ်ပါတယ်။



ဗွီဒီယို ဇာတ်လမ်းထဲက ဆက်သွယ်ရေး စစ်သားတစ်ဦးရဲ့ ဟန်အပြည့်နဲ့ ဆက်သွယ်ရေး စက်ကိုကိုင်ရင်း “လင်းယုန်မှ ပျံလွှား ၊ လင်းယုန်မှ ပျံလွှား” လို့ ပြောနေပုံကို အားကျလို့ ဆက်သွယ်ရေးတပ်ထဲ ၀င်လာမိတဲ့ စစ်သည်တွေဟာ နိုင်ငံတော်အကြီးအကဲဟု ဆိုသောသူရဲ့စေတနာကြောင့် “ပေါက်ပြားမှ မြေကြီး၊ မြေကြီးမှ ပေါက်ပြား” လို့ဆိုပြီး ပေါက်ပြားတစ်လက်နဲ့ မြောင်းတူးနေရပုံကဖြင့် “သေချင်စော်နံနေပြီ” လို့သာ ငြီးတွားနေ ကြရပါတယ်။

တပ်ရင်းအလိုက် FOC လုပ်ငန်း ဆောင်ရွက်ရန် လှုပ်ရှားအဖွဲ့တွေ ဖွဲ့ပြီး တပ်ရင်းမှူးဦးစီး အနည်းဆုံး လူအင်အား (၅၀) စီဖြင့် မိုင်အကွာအဝေး သတ်မှတ်ချက်များ လျာထားခိုင်းကာ ဆက်သွယ်မှု ကွန်ယက်လုပ်ငန်းကို တည်ဆောက်ရပါတယ်။ ဆက်သွယ်ရေး မြောင်းတူးရန် တပ်ရင်းတစ်ရင်းလျှင် ဘက်ဟိုး မြေတူးစက်ကြီး တစ်စီးနှုန်းဖြင့် ဆီ အလုံအလောက် ချပေးထားသော်လည်း တပ်ရင်းမှူးတွေဟာ အဲဒီ ဘက်ဟိုးတွေကို ခြင်ထောင်ချထားကာ အလှထိုင်ကြည့်ပြီး စစ်သည်တွေရဲ့ အခမဲ့လုပ်အားကို အစွမ်းကုန် ညှစ်သွင်းရင်း ဆက်သွယ်ရေးမြောင်းတွေကို တူးဖော်စေခဲ့ပါတယ်။

ဘက်ဟိုးအတွက် ကျလာတဲ့ ဆီတွေကိုတော့ ရောင်းစားလိုက်ကြပါတယ်။ အထက်ဌာနမှ တပ်ရင်းအလိုက် တစ်နေ့ကို ဘယ်နှစ်ပေအပြီး တူးရမယ်ဆိုပြီး သတ်မှတ် ပေးထား ပါတယ်။ ဆီကို အကြံအဖန်လုပ် ရောင်းစားပြီး ဘက်ဟိုးဖြင့်ု နာရီပိုင်းသာတူးကာ ကျန်တဲ့အပိုင်းကို လူအင်အားနဲ့ သုံးတဲ့အတွက် စံနှုန်း နှစ်ပေအကျယ်နှင့် ခြောက်ပေ အနက် တူးရမယ့်အစား တစ်ပေအကျယ် အနက် တစ်ပေခွဲသာ တူးပြီး ကြိုးခင်းခဲ့ကြ ပါတော့တယ်။ တစ်နေ့တာ ပြီးစီးမှုကိုတော့ ကြေးနန်းဖြင့် လျှို့ဝှက်အဆင့်အတန်းနဲ့ အစီရင်ခံစာ တင်ပြပြီး ခပ်တည်တည်နဲ့ ဖြီးဖြန်းနေကြပါတယ်။

တပ်ရင်းမှူးတွေက စစ်သည်တွေကို တစ်ဦးလျှင် တစ်နေ့ဘယ်နှစ်ပေ တူးရမယ်ဆိုပြီး ထပ်မံ သတ်မှတ်ပေးရာမှာ “မင်းတို့ တစ်နာရီနဲ့ ပြီးရင်ပြီးသလို နားလို့ရတယ်၊ တစ်နေကုန်လည်း လုပ်လို့ရတယ်။ မင်းတို့ကို စကေးနဲ့ ပေးထားတာ ဖြစ်လို့ မင်းတို့ ကြိုက်သလို တူးနိုင်တယ်” ဆိုပါတယ်။ အပြောက ရွှေမန်း ဆိုသလို စစ်သည်တွေကို အားပေးတဲ့စကားလို့ ယူဆရပေမယ့် တကယ်တမ်းကျတော့ စံချိန်စံညွှန်းနဲ့ဆိုရင် တပ်ရင်းမှူး ပေးတဲ့ အတိုင်းအတာကို တစ်နေကုန် မနားတမ်း တူးရင်တောင် မပြီးနိုင်ပါ။

ဒါကြောင့် တပ်ရင်းမှူး လိမ်ညာတာကိုသိလို့ စစ်သည်တွေလည်း နာရီပိုင်းနဲ့ပြီးအောင် တူးပြီး တာဝန်ကျေသဘောနဲ့ လုပ်ကိုင်ပေးကြပါတယ်။ တစ်နေ့ တစ်နေ့ ခံစားခွင့်ဘာမှ မရှိဘဲ ရင်းမှူး၊ ခွဲမှူး ၊ စုမှူး၊ ဆရာကြီး ဆိုသူတွေရဲ့ တန်းစီဆဲဆို ကြိမ်းမောင်းမှုအောက်မှာ မြောင်းတူးနေရတဲ့ ဘ၀တွေကို ခါးသီးစွာ ရုန်းကန်ဖြတ်သန်း နေကြရပါတယ်။ စစ်သည် တွေအတွက် ဆောင်းတွင်း ၀တ်ဖို့ တစ်ဦးလျှင် တစ်စုံနှုန်းဖြင့် အထက်မှ ချပေးလိုက် သော်လည်း အောက်ခြေစစ်သည်တွေရဲ့ လက်ဝယ်သို့ မရောက်ရှိဘဲ တချို့ဆိုရင် သိတောင်မသိကြရတဲ့ အဖြစ်ဆိုးမျိုးနဲ့ အထက်မှ ရောင်းစားကုန်တာကိုလည်း ခံနေကြ ရပါတယ်။

ဒါ့အပြင် စစ်သည်တွေရဲ့ ရိက္ခာစိုငွေတွေကိုလည်း ခေါင်းပုံဖြတ်တာ ခံရပါသေးတယ်။ ဆက်သွယ်မှု ကွန်ယက် တည်ဆောက်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ စစ်သည်တွေ အတွက် ရိက္ခာစိုငွေ အဖြစ် တစ်နေ့ တစ်ရာကျပ်အပြင် ပင်ပန်းကြမ်းတမ်းမှု အတွက် နောက်ထပ် တစ်နေ့ တစ်ရာကျပ်ကို ထပ်ဆောင်းပြီး ပေးထားပါတယ်။

ဒါပေမယ့် စစ်သည်တွေရဲ့ စားဖိုဆောင်ထဲကို ရောက်လာတာကတော့ ဈေးအပေါဆုံး အသီးအရွက်တွေပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံအခြေစိုက် ဆသရ(၃) မှ စစ်သည်တစ်ဦးရဲ့ခရမ်းချဉ်သီးပုပ်တွေကိုပဲ ကျွေးတယ်ဆိုပြီး BBC မှ ရင်ဖွင့်သံ ပါလာတဲ့ အချိန်ကျမှသာ ဆက်သွယ်ရေး တပ်ရင်းမှူးတွေဟာ အပိုဆောင်းငွေတွေကို မထိရဲတော့ဘဲ FOC စစ်သည်တွေကို အပြည့်အ၀ ချပေးပါတော့တယ်။

FOC လုပ်ငန်းကိုသာ အဓိကထား အချိန်ကုန်ခံပြီး အလုပ်လုပ်ခိုင်းဖို့ မဟုတ်ဘဲ စစ်သည် များရဲ့ မူလတာဝန်နဲ့ အခြားတာဝန်များကိုလည်း အလှည့်ကျ တာဝန်ပေး ခိုင်းစေဘို့ အထက်က ညွှန်ကြားခဲ့သော်လည်း တပ်ရင်းမှူးတွေက လစ်လျူရှု ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့က FOC ပြီးသွားမှာကို စိုးရိမ်နေကြကာ FOC အကြောင်းပြုပြီး တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ရင်း ကားတစ်စီးနဲ့ တိုက်တစ်လုံး ဆောက်နိုင်ဖို့ ပိုင်ဆိုင်ဖို့ကိုသာ ရမက်ကြီးကြီးနဲ့ ကြိုးစားနေကြပါတယ်။ ရင်းမှူးတွေဟာ FOC လုပ်ငန်း အဓွန့်ရှည်ပါစေလို့ အခါခါ ဆုတောင်းရင်းး နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ခိုးယူနေကြသူများ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။


အပိုင်း(၃)ကို ဆက်လက်တင်ပြသွားပါမည်။

နအဖရဲ့ စိတ်ကူးယဉ် ပင့်ကူ ကွန်ယက်ကြီး - အပိုင်း (၃)



စာဖတ်သူများခင်ဗျား

ယခု အပိုင်း (၃) မှာတော့ ပြည်တွင်းက တပ်မတော်သား တစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင် မိုးကြိုးက နိဂုံးချုပ် အနေနဲ့ တင်ပြသွားရာမှာ Fiber optic cable plan ကြီးကို နအဖ စစ်အာဏာရှင်တွေက Power point များနှင့် ကြည့်ရတာကြောင့် ပီတိတွေ ဖြာနေကြပုံ၊ တကယ်တမ်း မြေပြင်လက်တွေ့မှာ သူတို့ရဲ့ စိတ်ကူးယဉ် ပင့်ကူကွန်ယက်ကြီးဟာ အိပ်မက်ပမာ ဖရိုဖရဲ မရေမရာ ဖြစ်ပေါ်လာနေပုံ၊ ပြည်သူလူထုက အမှုမဲ့ အမှတ်မဲ့ မသိသလို သူတို့မြုပ်ထားတဲ့ ကေဘယ်လ်ကြိုးများကို လယ်ထွန်ရင်း ဖော်ထုတ် အသုံးပြု ကြပုံတွေကို ဗဟုသုတ ရရှိစေဖို့ ပြည့်ပြည့်စုံစုံ တင်ပြထားပါတယ်။ စစ်အာဏာရှင်တွေ အနေနဲ့ လူထုကို နှိပ်ကွပ်နိုင်ဖို့ အတွင်းကြိတ် ကြံစည်မှုများ မပြုလုပ်နိုင်ရေးအတွက် အတိုက်အခံ အဖွဲ့အစည်းများ အပါအ၀င် ပြည်သူလူထုမှ အချိန်မှီ သိရှိကာ လုံခြုံ စိတ်ချရပါတယ်ဆိုတဲ့ သူတို့ရဲ့ ဆက်သွယ်ရေး ကွန်ယက်ကြီးအား လိုအပ်သလို ထိုးဖောက် အသုံးချနိုင်ရန် တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။

Fiber Optic Cable ဖိုင်ဘာကေဘယ်ကြိုး (၀ါ) ဆက်သွယ်မှု ပင့်ကူကွန်ယက် - အပိုင်း (၃)





ဆောင်းပါးရှင် - မိုးကြိုး (ပြည်တွင်းမှ တပ်မတော်သား တစ်ဦး)


ဆက်သွယ်ရေးတပ်ဖွဲ့အတွင်းမှာ အခုလို ဖြစ်ပျက်နေတာကို ကကဆက်မှ မသိလို့လား၊ ဒါမှမဟုတ် သိရက်နဲ့ တမင်လွှတ်ထားတာလား ဆိုတာကိုတော့ အဆင့်မြင့်နည်းပညာ ကေဘယ်ကြိုးကိုင်တဲ့ ယခု ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်ညွှန့်သာ အသိဆုံး ဖြစ်ပါတယ်။ စစ်သည်တွေဟာ FOC ထဲမှာပဲ ဘ၀ကို မြုပ်နှံထားရတဲ့အတွက် မိမိရဲ့ ပင်မဆက်သွယ်ရေး တာဝန်ကိုတောင် မသိကြတော့တဲ့ အဖြစ်မျိုး ရောက်ရှိနေပါတယ်။



စစ်သည်တွေမှာတော့ FOC အသံကို မကြားချင်တော့တဲ့ အပြင် နာကြည်းချက်တွေကြောင့် FOC လုပ်ငန်းကို ဖြစ်သလိုနဲ့ အမြန်ပြီးအောင် ဆောင်ရွက် ကြပါတော့တယ်။ ဆက်သွယ်ရေး တပ်ရင်းမှူးတွေ အနေနဲ့ကတော့ Station ကို စတင်လည်ပတ်ချိန်မှ စပြီး သူတို့ ၀င်ငွေဟာ တိုးသထက်သာ တိုးလာ ခဲ့ပါတော့တယ်။ Station တစ်ခုလျှင် ဂျင်နရေတာ နှစ်လုံးစီ ချပေးထားကာ (၂၄) နာရီမပြတ် ဖွင့်ထားခိုင်းပါတယ်။

စတေရှင် တာဝန်ခံများအနေနဲ့ တပ်ရင်းမှူးရဲ့ ဝင်ငွေ တိုးပွားရေးအတွက် ကား ဘက်ထရီအိုးကြီးများ ၀ယ်ကာ ( ၂၄ နာရီ မီးစက် မနှိုးဘဲ) တစ်နေ့လျှင် ရှစ်နာရီမျှသာ နှိုး၍ ကျန်တဲ့အချိန်တွေကိုတော့ ကားဘက်ထရီအိုးနဲ့ ဖွင့်ပေးထားပါတယ်။ နောက်ပိုင်းမှာ ပင်မဆက်သွယ်ရေး အလုပ်ရုံမှ မီးစက် နှိုးချိန်ကိုပါ ထိန်းချုပ်လာပါတယ်။ နောက်ပိုင်း တာဝန်ခံတွေက ရင်းမှူးဝင်ငွေ မထိခိုက်အောင် ပဆသ (ပင်မဆက်သွယ်ရေးအလုပ်ရုံ) နှင့် မီးစက်နှိုးချိန် ညှိနှိုင်းပြီး ဝေစားမျှစား လုပ်လာကြပြန်ပါတယ်။

ဆက်သွယ်ရေးကွန်ယက် မြောင်းတူးပြီးမဲ့နေ့ကို ဗိုလ်ချုပ်ကြီးများက အထူး စိတ်ဝင်စားစွာ စောင့်ဆိုင်းနေကြပါတယ်။ ယခင်က ကကကြည်း လေးလပတ် အစည်းအဝေး ကျင်းပမယ်ဆိုပါက တိုင်းမှူး ၊ တပ်မမှူး၊ စကခမှူး ၊ ဒကစမှူး တွေက စစ်ရုံးသို့ တကူးတက လာရောက်ကြတဲ့အတွက် တိုင်းနဲ့ ပြည်နယ် ကွပ်ကဲမှုဧရိယာများကို လွှတ်ထားရတာမို့ လုံခြုံရေးအရ စိုးရိမ်ရပါတယ်။ ဒါ့အပြင် လေးလပတ် အစည်းအဝေး လုပ်ပါက ထိပ်တန်းအတွင်းသတင်းများ ပေါက်ကြားမှုကြောင့် စစ်ရုံးသို့ မလာခိုင်းတော့ဘဲ FOC ကို အမှီပြုကာ ကွန်ပျူတာ အင်တာနက် အဆင့်မြင့်နည်းပညာများနဲ့ Online ပေါ်မှာ Conference တက်ခိုင်းရန် စီစဉ်ပါတော့တယ်။

ဗိုလ်ချုပ်ကြီးတွေခမျာ ဆက်သွယ်ရေးတပ်ဖွဲ့ရဲ့ ကေဘယ်မြုပ်နှံမှုကို Powerpoint ဖြင့် တင်ပြထားတာတွေကို ကြည့်ပြီးတော့ အတော်လေး ကျေနပ်ကာ စိတ်ကူးယဉ်နေကြရင်း ပင့်ကူကွန်ယက်ကြီးသဖွယ် ဖြစ်တော့မဲ့ အရေး တွေးတောပီတိဖြာ နေကြပါတယ်။ ငါတို့ရဲ့သတင်းကို ရန်သူက ကြားဖြတ် ဖမ်းယူ နားထောင်မယ် ဆိုရင်တောင် (၀ါ) ဆက်သွယ်ရေးကြိုးကို ဖြတ်မယ်ဆိုရင်တောင် မလွယ်ဘူး မရဘူး ဆိုတဲ့ အထာကြီးတွေနဲ့ အဆင့်မြင့် နည်းပညာတွေ သုံးနိုင်တဲ့ ခေတ်မှီ တပ်မတော်ကြီး ဖြစ်လာနေပြီလို့ ကြံဖန်ဂုဏ်ယူ နေကြပါတယ်။

ဒါပေမယ့် သိပ်ကြာကြာ မခံလိုက်ပါ ၊ မကွေး-မင်းဘူး-အမ်း ကားလမ်းကြောင်း ပေါ်တွင် အမ်းတောင်တန်းကို ဖြတ်ပြီး ချထားတဲ့ ကေဘယ်ကြိုး FOC မှ ပြဿနာ တက်လာ ပါတော့တယ်။ အမ်း တပ်နယ်မှာ ဆက်သွယ်မှု အားလုံး ပြတ်တောက်သွားလို့ အထူး ဆက်သားနဲ့ ဒေါသတကြီး လာပြောချိန်မှာတော့ အားလုံး ပွတ်လောရိုက် ကုန်ပါတော့ တယ်။ ဆက်သွယ်ရေး ပြတ်တောက်မှုဟာ မင်းဘူးမြို့နယ်အတွင်းက လယ်ကွင်းကို ဖြတ်တူးထားတဲ့ ကေဘယ်ကြိုးပြတ်နေကြောင်း၊ လယ်သမားတစ်ဦး လယ်ထွန်နေစဉ် ထွန်သွားနဲ့ ညှိကာ ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း၊ မြေကြီးပေါ်မှာ ပေါ်နေတဲ့ ကေဘယ်လ်ကြိုးကို ရွာသားများက ဘုမသိ ဘမသိဖြင့် ရေပိုက်လုပ်ရင် ကောင်းမယ်ထင်ပြီး ဖြတ်မိကြောင်း စသဖြင့် သိရပါတော့တယ်။ ဒီလို ဖြစ်စဉ်မျိုးတွေကို တိုင်းတွေ တော်တော်များများမှာ အမြဲတမ်း ကြုံတွေ့ နေကြရပါတယ်။

FOC ပေါ်ပေါက်လာတာနဲ့အမျှ (အဆရ) လို့ခေါ်တဲ့ အီလက်ထရောနစ် စစ်ဆင်ရေး တပ်တွေ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ တခါ အဆရ ပေါ်ပေါက် လာတဲ့အချိန်မှ စပြီး ရိုးရိုးဆက်သွယ်ရေး တပ်တွေနဲ့ အပြိုင်အဆိုင်ဖြစ်လာပါတော့တယ်။ တပ်ရင်းမှူးနှစ်ဦးဟာ သူ့ထက်ငါ အလုအယက် ပြိုင်ဆိုင်ကာ တိုင်းမှူးကို “ဖား” ကြသလို ညွှန်မှူးကိုလည်း ဖားတာနည်းသွားလို့ အဖေရင်း မေ့နေပြီလို့တောင် ထုထောင်းတာ ခံနေရပါတယ်။ တချို့ တိုင်းတွေမှာ (ဆသရ) တပ်ရင်းတွေကို ဖျက်ပြီး (အဆရ) အဖြစ် အသစ်ဖွဲ့စည်းပေမဲ့ တချို့တိုင်းတွေကျတော့ (ဆသရ)နှင့် (အဆရ) တပ်ရင်းနှစ်မျိုးလုံးကို ထားရှိပါတယ်။

FOC ရဲ့ ဂယက်ဟာ ဆက်သွယ်ရေး တပ်ဖွဲ့အတွင်းမှာ တော်တော်လေး ဂယက် ရိုက်ခဲ့ပါတယ်။ FOC ကြောင့် အဆရ တပ်ရင်းတွေ ပေါ်ပေါက် လာခြင်းဖြစ်ပြီး အဆရ တပ်ရင်းတွေကို တိုင်းစစ်ဌာနချုပ်နဲ့ အနီးဆုံးနေရာမှာ နေရာချထားခဲ့ပါတယ်။ တချို့ (အဆရ) တပ်သစ်တွေကိုတော့ တော်တော်လေး ခေါင်တဲ့နေရာတွေမှာ စစ်ရေး မဟာဗျူဟာအရ တပ်သစ်အဖြစ် တည်ဆောက်ခဲ့တာလည်း တွေ့ရပါတယ်။

ဒီကြားထဲ ဆက်သွယ်ရေးရဲ့  ဘိုးတော်ကြီးဖြစ်တဲ့ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်ရှိ ဆသရ (၁) အား ဖျက်ပြီး အဆရ (၉) ပနို( တနင်္သာရီတိုင်း) ဘက်သို့ ပြောင်းရွှေ့ခဲ့ရာ စစ်သည်အများအပြား ခွင့်မဲ့ဖြစ်ကုန်ပြီး စစ်သည်နှစ်ဦးမှာ ဆွဲကြိုးချ သတ်သေတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ “သူတည်း တစ်ယောက် ကောင်းဖို့ရာ (အဆရ) ဖွဲ့လာရာ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း” လို့ ဆိုရမလို ဖြစ်နေပါတော့တယ် ခင်ဗျား။

No comments: