Tuesday, May 10, 2011

တီဘီဝေဒနာရှင်များကြားက တီးတိုးစကားများ






Written by စန္ဒီမေ (မဇ္ဈိမ)
Monday, 09 May 2011 14:19
“တီဘီဆေးကတော့ အလကားပါလို့ပြောကြတယ်။ ဒါပေမဲ့ အဲဒီအလကားကို အလကားမရဘူး”

မြန်မာနိုင်ငံတွင်တီဘီရောဂါကူးစက်ပျံ့ပွားမှုနှုန်းမှာ နှစ်စဉ်မြင့်တက်လျက်ရှိကာ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုလုပ်ကိုင်လာရကြောင်းပြည်တွင်းသတင်း၊ ဂျာနယ်မီဒီယာများတွင်ရေးသားဖော်ပြထားကြသည်။

အဆိုပါတီဘီရောဂါဝေဒနာရှင်များအတွက် WHO (World Health Organization) မှ DOTS အမည်ရှိ တီဘီရောဂါ တိုက်ဖျက်ဆေးများ အခမဲ့ဖြန့်ဝေပေးလျက် ရှိသည်။

ထိုဆေးများကို ပြည့်သူ့ဆေးရုံနှင့် ဒေသန္တရကျန်းမာရေးဌာနများမှလွဲပြီး ပြင်ပတွင်ထားရှိရောင်းချခြင်း မပြုရဟု သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ ထို့ပြင် တိဘီရောဂါ တိုက်ဖျက်ရေး စီမံချက်ကာလများတွင် ရုပ်မြင်သံကြားအစီစဉ်များမှ ယခုကဲ့သို့ပြောဆိုထုတ်လွှင့်လေ့ရှိသည်။

သို့သော် ယခုလက်ရှိ တီဘီဝေဒနာရှင်များနှင့်တွေ့ဆုံပြီး မေးမြန်းကြည့်သည့်အခါ အပြောနှင့်အဟော၊ လက်တွေ့နှင့် စာတွေ့ တလွဲဖြစ်နေသည်ကို တွေ့ရှိရသည်။

တီဗီတွေ ဂျာနယ်တွေမှာတော့ အခမဲ့ စစ်လို့ရတယ် ဘာညာဆိုပြီး ကြားနေပါတယ်။ အခုဖြစ်တော့ အဲ့ဒိအဖွဲ့နဲ့ ဘယ်လို ဆက်သွယ်ရမယ်၊ ဘယ်မှာမှန်းတောင် မသိဘူး။
ထို့ကြောင့် တီဘီရောဂါဝေဒနာရှင်များအကြား
ပြောဆိုလာသော တီးတိုးစကားများကို တီဘီဝေဒနာရှင်အချို့၏ အုပ်ထိန်းသူများနှင့် အခုလိုမေးမြန်းပြောဆိုဖြစ်ခဲ့သည်။

မြောက်ဒဂုံက ဒေါ်စန်းမြင့်

မေး။ ။ အဒေါ့်သမီး တီဘီရောဂါဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုသိတာလဲ။
ဖြေ။ ။ရောဂါဖြစ်နေတာကတော့ (၃)လလောက်ရှိပြီ။ ဒါပေမဲ့ အခုမှပဲသိတော့တာ။ ပထမတော့ ရက်ရှည်ချောင်းဆိုးနေတာကြာနေတော့ ဆေးမြီးတိုနဲ့ကုတယ်။ ဆေးခန်းလည်းတစ်ခါ နှစ်ခါပြဖြစ်ပါတယ်။ ၁၅ဝဝ-၂ဝဝဝ သာကုန်သွားတယ်၊ ဆရာဝန်ကလဲဘာမှ မပြောဘူး။ဆေးတွေဘာတွေစစ်ဖို့ကလည်း ကိုယ့်မှာက ငွေ တသောင်းခွဲ နှစ်သောင်းမပြောနဲ့၊ တထောင် နှစ်ထောင်တောင်အပိုမရှိဘူး။

ဒီရောဂါဖြစ်နေတဲ့ သမီးတယောက်လုပ်စာနဲ့ စားနေရတာ။ သူလုပ်ရတဲ့အလုပ်ကလည်း ဘိလိယက်ခုံမှာ။ တရက်ပျက်လို့မရဘူး။ ဘာလို့လဲဆိုတော့ လစာကတလလုံးကိုမှ နှစ်သောင်းခွဲပဲရတာ။ ရက်တိုင်းဝင်ငွေရဖို့ကို အဲဒီက ကာစတမ်မာ ဆိုလားဘာလားတွေ ပေးတဲ့မုန့်ဖိုးကို ရအောင်ကြိုးစားရတယ်တဲ့ (သူ့သမီးပြောသောစကားကိုပြန်ပြောပြသည်) ဒါပေမဲ့ အခုတော့ သူရောဂါဒဏ်ကို မခံနိုင်တော့ဘူး။ ဒါကြောင့်မျက်စိမှိတ်ပြီး ဆေးစစ်လိုက်တဲ့အခါ တီဘီလို့ပေါ်တာပဲ။

မေး။ ။ဘယ်မှာစစ်ခဲ့တာလဲ။အခု တီဘီတိုက်ဖျက်ရေး အစီအစဉ်တွေရှိတယ်လို့ကြားတယ်။ အဲဒီအဖွဲ့တွေက အခမဲ့စစ်ပေးနေကြတယ်လို့ သတင်းတွေမှာပါတယ်။အဲဒီအစီအစဉ်တွေမှာ စစ်ခဲ့တာလား။
ဖြေ။ ။ဘာအစီအစဉ်တွေရှိမှန်းကြားတောင်မကြားမိပါဘူး။ တီဗီတွေဂျာနယ်တွေမှာတော့အခမဲ့စစ်လို့ရတယ် ဘာညာဆိုပြီးကြားနေပါတယ်။အခုဖြစ်တော့ အဲ့ဒိအဖွဲ့နဲ့ဘယ်လိုဆက်သွယ်ရမယ်၊ဘယ်မှာမှန်းတောင်မသိဘူး။
အထူးကုဆေးခန်းမှာပဲစစ်လိုက်ရတယ်။စစ်ရုံနဲ့ ၁၅,ဝဝဝ-၂ဝ,ဝဝဝ လောက်ကုန်သွားတယ်။

မေး။ ။ဒါဆို တီဘီဆေးကို ဘယ်လိုသောက်နေလဲ။ ဆေးကတော့အလကားရမှာပေါ့။ WHO က အဲဒီ DOTS ဆေးကို ဝေဒနာရှင်တွေကို အခမဲ့ပေးရမယ်လို့ ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားတယ်။ပြီးတော့ ကျန်းမာရေးဌာနကလည်း ဒါကို အထူးအလေးထားဆောင်ရွက်နေတာလို့ပြောနေကြတယ်။(မေးခွန်းမဆုံးမီ သူကဖြတ်ပြောသည်)
ဖြေ။ ။ တီဘီဆေးကတော့ အလကားပါလို့ပြောကြတယ်။ ဒါပေမဲ့ အဲဒီအလကားကို အလကားမရဘူး။ နဲနဲပါးပါးတော့လာဘ်ထိုးရတာပေါ့။

မေး။ ။ဘယ်လိုဖြစ်တာလဲပြောပြပါအုံး။
ဖြေ။ ။ဘယ်လိုဖြစ်တာလဲဆိုတော့ စစချင်းတီဘီမှန်းသိတော့ ဆရာဝန်(အပြင်ဆေးခန်းမှဆရာဝန်) က ဆေးကို ခြောက်လတိတိ တရက်မပျက်သောက်ရမယ်တဲ့။ နောက်ကျလို့မဖြစ်တော့ဘူး၊ အခုစသောက်တော့ဆိုတော့ အဲဒီအပြင်ကဝယ်သောက်ရတာ ဆေးတစ်လုံးကို ၇ဝဝ နဲ့ တရက်စာ (၃)လုံးကို ၂၁ဝဝ ပေးဝယ်ရတယ်။

အဲဒါမျိုး ၁ဝ ရက်လောက်ဖြစ်သွားတော့ ကျွန်မတို့ ဘယ်လိုမှမခံနိုင်တော့ဘူး။ အဲဒါနဲ့ အလကားရဖို့ နည်းလမ်းကို ရှာရတော့တာပဲ။ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနကိုသွားပြီး မေးကြည့်တော့ အရင်ဆုံးမေးကြည့်ခအနေနဲ့ လက်ဖက်ရည်ဖိုး ၂ဝဝဝ ပေးလိုက်ရတယ်။ ပြီးတော့မှ အဲဒီဝန်ထမ်းက တီဘီဆေးအလကားရဖို့ ဘာတွေလုပ်ရမယ်ဆိုတာပြောတယ်။ တကယ်တော့ အဲဒါက မခက်ပါဘူး။ ဒေသန္တရက တာဝန်ရှိတဲ့ ဆရာဝန်တယောက်ကနေ တီဘီရောဂါရှိတာ မှန်ကန်ကြောင်း ထောက်ခံစာရေးပေးပြီး စာရင်းသွင်းလိုက်ရင်ရပြီ။ အဲဒီထောက်ခံစာရဖို့ စေတနာရှိသလောက်အလှူငွေဆိုပြီးထည့်ရသေးတယ်။ အဲ့ဒီအဆင့်ပြီးရင်တော့ တပတ်တခါ ဆေးအလကားထုတ်လို့ ရသွားပြီ (တနေ့စာ ၃ လုံး နဲ့ တပတ်စာဆိုတော့ ၂၁ လုံးရတာပေါ့)။ ဆေးကတော့ တပတ်စာအလကားပေးတာပါ။ ဒါပေမဲ့ တပတ်တခါကို ဘာကြေးမှန်းမသိထည့်ရတာ ၁၃ဝဝ နဲ့ ၁၅ဝဝကြားကုန်တယ်။ ဘာပဲဖြစ်ဖြစ် အပြင်မှာဝယ်ရင် တလုံး ၇ဝဝ နဲ့ အလုံး ၂ဝ ဆိုရင်ပဲ တပတ်ကို ၁၄,ဝဝဝ လောက်ကုန်မှာဆိုတော့ ကျွန်မလည်း ဘာမှ မပြောချင်တော့ပါဘူး။

မေး။ ။တီဘီရောဂါ တိုက်ဖျက်ရေး အစီအစဉ်တွေမှာပြောနေတာကတော့
ဆေးရုံမှာ စာရင်းသွင်းပြီး အလကားသွားယူရင် ပိုက်ဆံသက်သာပေမယ့် စိတ်မသက်သာဘူး။ ပြီးတော့ လုံးဝ အလကားပေးတာလည်း မဟုတ်ဘူး။
ဝေဒနာရှင်တွေအတွက် အာဟာရဖြစ်ဖို့ ငှက်ပျောသီးနဲ့ ကြက်ဥတွေ အလကားပေးတယ်ဆို။
ဖြေ။ ။ မဟုတ်ပါဘူး။ ဘာမှအလကားမရဘူး။ ကျွန်မတောင်တနေ့ ငှက်ပျောသီးနှစ်လုံးနှုန်းနဲ့ ၆ လ သမီးကိုကျွေးရမှာ မတတ်နိုင်လို့ ဆွေမျိုးတွေဆီ အလှူခံထွက်ရအုံးမှာ။

သာကေတက ဦးထွန်းမင်းလှိုင်

မေး။ ။ဦးရဲ့သမီး တီဘီရောဂါဖြစ်တာကြာပြီလား။
ဖြေ။ ။သမီးလေးက လွန်ခဲ့တဲ့တနှစ်ကဖြစ်ခဲ့တာ။သူ ၁ဝ တန်းတက်နေတဲ့နှစ်ပေါ့။

မေး။ ။ဘယ်လိုကုသမှုခံယူခဲ့လဲ။
ဖြေ။ ။အထူးကုဆေးခန်းမှာပဲ ကုခဲ့တာ။သမီးချောင်းစဆိုးကထဲက ပြခဲ့တာလေ။အဲဒါ တီဘီမှန်းသိတော့ ဆရာဝန်က သူပဲဆက်ကုပေးခဲ့တယ်။ ဆေးလည်းသူပဲပေးတယ်။ ၆ လတိတိသူပဲတာဝန်ယူပေးတယ်။ ပြီးတော့ ကလေးက ၁ဝ တန်းဆိုတော့ ဆေးခွင့်တွေ ဘာတွေလည်း ရေးပေးတယ်။ အဲဒီအတွက်တော့ တသိန်းလောက်ကန်တော့ရတယ်။

မေး။ ။တီဘီရောဂါသည်တွေအတွက်ဆေးက ဆေးရုံတွေမှာပဲရတယ်လို့ပြောကြတယ်။ ပြီးတော့ ဝေဒနာဖြစ်သူတိုင်းကို အလကားပေးတာတဲ့။ အဲဒါအလကားမရဘူးလား။
ဖြေ။ ။ပေါက်ပေါက်ရှာရှာ၊မရပါဘူး။ ဆေးရုံမှာစာရင်းသွင်းပြီး အလကားသွားယူရင် ပိုက်ဆံသက်သာပေမယ့် စိတ်မသက်သာဘူး။ ပြီးတော့ လုံးဝအလကားပေးတာလည်းမဟုတ်ဘူး။ အဲဒီဝန်ထမ်းတွေက ဘာကြေးညာကြေး အလှူငွေဆိုပြီးပြောတောင်းတာ။ ဆေးသွားယူတဲ့ အပတ်တိုင်းကို လက်ဖက်ရည်ဖိုး ၁ဝဝဝ-၂ဝဝဝ လောက်တော့ပေးနေရတာပဲ။ ငွေမတတ်နိုင်တဲ့သူတွေကတော့ ဒီနည်းလမ်းကလွဲရင်ရွေးစရာ မရှိဘူးပေါ့ဗျာ။

ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် တတ်နိုင်သေးတော့ စိတ်ဆင်းရဲမခံဘူး။ အခုလိုအပြင်မှာပဲ ၆ လစာ တခါထဲ ဆေးယူထားလိုက်တယ်။ သိန်းနဲ့ချီ ကုန်တာပေါ့ဗျာ။ ပိုက်ဆံရှိရင် အဲဒိ DOTS ဆေးက ကြိုက်တဲ့နေရာမှာ ဝယ်လို့ရတယ်။ တခါတလေ ဆေးရုံတွေမှာတောင်ဆေးပြတ်သွားတယ် လို့ကြားရသေးတယ်။အပြင်မှာတော့ တနေရာမရ တနေရာရနေတာပဲ။

မှတ်ချက်။ ။ တီဘီရောဂါဝေဒနာရှင်များအတွက် DOTS ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က
ညွှန်ကြားထားပြီးဖြစ်သည်။ ထို့ပြင် ကျန်းမာရေးဌာနကလည်း တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။
ဝေဒနာရှင်များအတွက် အာဟာရများ ထောက်ပံ့ပစ္စည်းများပါ ပေးလျက်ရှိကြောင်း တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း ပါဝင်သူများက ပြည်တွင်းမီဒီယာများတွင် ဖွင့်ဟပြောကြားထားသည်။ နောက်ဆုံးတားမြစ်ချက်တခုမှာ ထို DOTS ဆေးအား အစိုးရ ဆေးရုံ ၊ ဆေးခန်းမှအပ ပြင်ပတွင် ထားရှိရောင်းချခြင်း မပြုရဟု ဆိုသည်။

No comments: