Sunday, September 25, 2011

နယ်စည်းမခြား ဆရာဝန်များအသင်း ထိုင်းနိုင်ငံမှ ထွက်ခွာတော့မည်



ချင်းမိုင် (မဇ္ဈိမ) ။        ။ ထိုင်း၊ မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အပါအဝင် ထိုင်းနိုင်ငံအတွင်း ကျန်းမာရေး အကူအညီများ ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) သည် ထိုင်းနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မဟာမိတ် အဖွဲ့အစည်းများကို အကြောင်းကြားထားသည်။

“ဘဏ္ဍာရေး အခက်အခဲနှင့် အာရပ်နိုင်ငံများ ဖြစ်သည့် လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံများ အပါအဝင် အာဖရိက
တိုက်စွန်မှ အငတ်ဘေး ကြုံနေရသည့် နိုင်ငံများကို အရေးပေါ် အကူအညီပေးရေး အခြေအနေကြောင့် ထိုင်းနိုင်ငံ အတွင်းရှိ ရုံးများကို ပိတ်ရခြင်း ဖြစ်သည်” ဟု စက်တင်ဘာလ ၇ ရက် နေ့စွဲဖြင့် MSF ၏ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Denis Penoy က လက်မှတ်ရေးထိုးကာ ယင်း၏ မဟာမိတ်အဖွဲ့များထံ အကြောင်းကြားလာခြင်း ဖြစ်သည်။

ဘယ်လဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ရှိ ရုံးချုပ်၏ ဆုံးဖြတ်ချက် အရ ဆက်စပ် အလုပ်အဖွဲ့များသို့ အသိပေးခြင်း ဖြစ်ပြီး မည်သည့်အချိန်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာမည်ကို ဖေါ်ပြထားခြင်း မရှိပါ။

အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ Bangkok မြို့ရှိ JRS ခန်းမ၌ MSF က ကြီးမှူးပြုလုပ်သည့် Presentation in Migrant working group အခမ်းအနားတွင်လည်း MSF က ထိုင်းနိုင်ငံဆိုင်ရာ အကူအညီပေးရေး အစီအစဉ်ကို ရပ်ဆိုင်းမည်
ဖြစ်ကြောင်း ပြောကြားခဲ့သေးသည်။

MSF ထွက်ခွာသွားပါက မြန်မာ့ရွှေ့ပြောင်းဒုက္ခသည်များ၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံ တွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် များစွာ အခက်အခဲ တွေ့နိုင်ကြောင်း မွန်အမျိုးသား ကျန်းမာရေး
ကော်မတီ (MNHC) က ဆိုသည်။

“ကျနော်တို့ မွန်ဒေသမှာဆိုရင် IDP (စစ်ပြေးဒုက္ခသည်) သက်သက် တသောင်းကျော်၊ IDP ရွာ ပတ်ဝန်းကျင်က လူတသောင်းကျော်ကို MSF အထောက်အပံ့နဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ဖို့ လုပ်နိုင်ခဲ့တယ်။ MSF ထိုင်းက ထွက်သွားမယ်ဆိုရင် ကျနော်တို့ပြည်သူအတွက် အများကြီး နစ်နာစရာ ရှိတယ်” ဟု (MNHC) တာဝန်ခံ
နိုင်ခြေးမွန်က ပြောသည်။ MNHC ကလည်း MSF ၏ အသိပေးစာကို လက်ခံရရှိထားသည်။

၂ဝ၁၁ ဇွန်လကုန်ပိုင်းတွင် ဘုရားသုံးဆူနယ်စပ် တဖက်ကမ်း ထိုင်းနိုင်ငံ စေတီစမ်အွန်းရှိ MSF ရုံးခွဲကို ထိုင်းအာဏာပိုင်များက ပိတ်လိုက်သည့်နောက်  MSF ကို အားထားနေသည့် သုံးဆူနယ်စပ်မှ မြန်မာနိုင်ငံသား အလုပ်သမား ၅,ဝဝဝ ခန့် ရှိနေသည်။

MSF သည် ၁၉၇၅ ခုနှစ်၌ ထိုင်းနိုင်ငံကို စတင် ဝင်ရောက်ခဲ့ပြီး ကမ္ဘောဒီးယားနှင့် လာအိုနယ်စပ်ရှိ ဒုက္ခသည်များ၊ ဖက်ချဗွန်ခရိုင်ရှိ မုန်းဒုက္ခသည်များအားလည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ စ၍ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ မြန်မာ အလုပ်သမားများနှင့် မယ်လ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအား လည်းကောင်း ငှက်ဖျားနှင့် တီဘီရောဂါ ကုသမှုများအတွက် ကူညီပေးခဲ့သည်။

၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်ထိ ဆူနာမိ ရေလှိုင်းဒဏ် ခံခဲ့ရသည့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါးခရိုင်ရှိ ထောင်ချီရှိသည့်
မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများအတွက် ဆေးခန်းများ ဆောက်လုပ်ပေးသည့်ပြင် ကျန်းမာရေး စင်တာများတွင် လည်း မြန်မာ့ဆေးလုပ်သားများကို ခန့်အပ်ပေးခဲ့သည်။ ယင်းအပြင် ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင်ရှိ မြန်မာ အလုပ်သမားများနှင့် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ နယ်စပ်ရှိ ပြည်သူများအတွက် ကျန်းမာရေးအစီစဉ်ကို
၂ဝ၁၁ ခုနှစ် ဇွန်လထိ ထောက်ပံ့ပေးခဲ့သည်။

No comments: