Tuesday, September 27, 2011

ဘောပွဲအပြန်မှ ယာဉ်တိမ်းမှောက်မှု

Monday, September 26, 2011  စိုင်းဇွမ်ဆိုင်း ရှပ်နီထောက်ခံသူ တချို့ ကမ္ဘောဒီးယားနိုင်ငံမှာ ဘောလုံးပွဲကြည့်ပြီး ယမန်နေ့က ထိုင်းနိုင်ငံကို ပြန်လာချိန်မှာ ယာဉ်မတော်တဆဖြစ်မှုတခုကြောင့် ယာဉ်မောင်းတယောက်သေဆုံးခဲ့ကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။


ဒဏ်ရာရထားသူတွေကိုတော့ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ (ပ်) ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ပါရှိပါတယ်။



ကမ္ဘောဒီးယား၌ အထိန်းသိမ်းခံနေရသည့် မစ္စတာ ဗီရာကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-The Nation)

ထိုင်းဝန်ကြီးချုပ်ဟောင်း တဖြစ်လဲ ရှပ်နီတယောက်ဖြစ်တဲ့ ဆုမ်ချိုင်း ဝမ်ဆာဝပ် ရဲ့ဘာလုံးအသင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ရဲ့အသင်းတို့ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအတွက်ကို ထိုင်းနိုင်ငံက ထောင်နဲ့ချီတဲ့ ရှပ်နီထောက်ခံသူတွေဟာ သောကြာနေ့ကတည်းက ကမ္ဘောဒီးယားနိုင်ငံကို သွားရောက် အားပေးခဲ့ကြပါတယ်။


မြို့တော် ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲကို နှစ်နိုင်ငံ ချစ်ကြည်ရေးအပြင် ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဝေ့ချာချီဝ လက်ထက်က ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာတွေကိုပါ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


ရှပ်နီတွေထောက်ခံတဲ့ UDD ပါတီ အာဏာရလာချိန်ကစပြီးတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ အကျဉ်းသားတွေ လဲလှယ်ရေး ကိစ္စကိုပါ စိတ်ဝင်စားမှု လက္ခဏာတွေ ပြသလာခဲ့ပါတယ်။


ကမ္ဘောဒီးယားမှာ လက်ရှိအကျဉ်းကျခံနေရတာကတော့ ထိုင်းလူမျိုး မစ္စတာ ဗီရာ ဆုမ်ခွမ်ခစ် နဲ့ ၎င်းရဲ့ အတွင်းရေးမှူးဖြစ်သူ မစ္စ ရာထရီ ပီပါ့ထ်နာ ပိုင်ဘွန် တို့ဖြစ်ကြပြီး ၂၀၁၀ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေရေးရာ ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ထိရာချိုင်း ဝပ်ထိထမ်း ကတော့ နှစ်နိုင်ငံသဘောတူညီချက်တချို့ပြုလုပ်အပြီး မကြာခင်မှာ အထိန်းသိမ်းခံ ထိုင်းနိုင်ငံသား နှစ်ဦး မိမိတို့ နိုင်ငံကို ပြန်လာနိုင်ဖွယ်ရှိတယ်လို့ ယမန်နေ့က ဆိုပါတယ်။

No comments: