Tuesday, October 30, 2012

အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ခံနေရ

နယူးယောက်တွင် 



နယူးယောက်မြို့ မန်ဟက်တန်ကျွန်းအောက်ပိုင်း (Downtown Manhattan) တွင် ရေလွှမ်းမိုးနေပြီး အခု သတင်းရေးနေချိန်တွင် ပင်လယ် ရေမျက်နှာပြင်ဟာ ပုံမှန်ထက် ၁၃ ပေခန့်အထိ မြင့်တက်နေပါတယ်။

ထိုသို့ မြင့်တက်မှုဟာ သမိုင်းတွင် အဆိုးဆုံး ရေကြီးမှု ဖြစ်ပါတယ်။ ထိုနည်းတူ ဘရွတ်ကလင်းဒေသရှိ ကော်နီအိုင်းလဲန်း၊ Sheephead Bay အရပ်များရှိ လမ်းများ အပါအ၀င် နယူးယောက် မြေနိမ့်ပိုင်း ဇုံ အေ အတွင်းရေလွှမ်းမိုးနေပါတယ်။

နယူးယောက်မြို့ ရေလွှမ်းမိုးနိုင်တဲ့ ဇုံအေအတွင်း ပါဝင်တဲ့ ဒေသများ အပါအ၀င် နယူးယောက်အနီးတ၀ိုက်တွင် နေအိမ်ပေါင်း သန်းနဲ့ချီကာ လျှပ်စစ်မီး ပြတ်တောက်လျက် ရှိပါတယ်။ မန်ဟက်တန်ကျွန်းအောက်ပိုင်း ရေလွှမ်းမိုးနိုင်တဲ့အတွက် နယူးယောက်ကို လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေတဲ့ ကွန် အက်ဒီဆင် ကုမ္ပဏီအနေနဲ့ ထရန်စ်ဖော်မာများကို ပိတ်ပစ်ကာ လျှပ်စစ်မီး ဖြတ်တောက်မှာ ဖြစ်ကြောင်း ညနေပိုင်းကတည်းက အသိပေးထားပါတယ်။



နယူးယောက်၊ နယူးဂျာစီ၊ ကော်နက်တစ်ကက်ပြည်နယ် သုံးခုပေါင်းတွင် အိမ်ပေါင်း ၂ သန်းကျော် မီးပြတ်နေပါတယ်။ လေပြင်းများ တိုက်ခတ်မှုကြောင့် နေရာအနှံ့တွင် သစ်ပင်ပြိုလဲမှုများ ဖြစ်ပွားနေပြီး ထရန်စ်ဖော်မာ မီးလောင်မှု၊ ဓါတ်အားလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေပါတယ်။ နယူးယောက်မှာ လေတိုက်နှုန်း တနာရီ မိုင် ၄၀ ကျော်ရှိနေပြီး မိုင် ၈၀ အထိရှိတဲ့ လေပြင်းတွေ တိုက်ခတ်နေပါတယ်။ နယူးယောက်မြို့အနီးက လေဆိပ်တွေ ပိတ်ထားပါတယ်။

နယူးယောက်က တံတားများကိုလည်း ပိတ်ထားပါတယ်။ ရထားနဲ့ ဘတ်စ်ကားလိုင်းများကို ဆက်လက် ပိတ်ထားပြီး အောက်တိုဘာ ၃၀ ရက်နေ့တွင် စာသင်ကျောင်းများ ပိတ်ထားမှာဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာထားပါတယ်။ သတင်းရေးနေချိန် ပြင်းထန်တဲ့ လေတိုက်သံများ ကြားနေရသလို ရဲကားနဲ့ အရေးပေါ်ကား သွားလာနေသံများကိုလည်း ရံဖန်ရံခါ ကြားနေရပါတယ်။




 ရုပ်သံမြင်ကွင်းမှာ လမ်းမပေါ်မှာ ရပ်ထားတဲ့ မော်တော်ကားတစီးပေါ် ရေတွေတဖြည်းဖြည်း မြင့်တက်
လာနေတာကို တွေ့နေရပါတယ်။ လေတိုက်မှုကြောင့် အောက်တိုဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းက အမှတ် ၁၅၇၊ အနောက် ၅၇ လမ်း (အမှတ် ၆ နဲ့ ၇ အဲဗဲနယူးအကြား) ရှိ အထပ်မြင့် လူနေအိမ် ဆောက်လုပ်ရေးလုပ်ငန်းခွင်က ကရိန်းတခု ကျိုးသွားခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် အမှတ် ၉၂၊ အမှတ် ၈ အဲဗဲနယူး (၁၄ လမ်းနဲ့ ၁၅ လမ်းကြား) ရှိ လေးထပ်တိုက် အဆောက်အဦတခုရဲ့ ရှေ့ဘက်ပိုင်း ပြိုကျသွားခဲ့ပါတယ်။ လောလောဆယ်အထိ နယူးယောက်ဒေသတွင် မုန်တိုင်းကြောင့် လူ သုံးဦး သေဆုံးခဲ့ပါတယ်။

 အောက်တိုဘာ ၂၉ ရက်နေ့ ည ၁၀ နာရီ သတင်းစာ ရှင်းလင်းပွဲတွင် နယူးယောက်မြို့တော်ဝန် မိုက်ကယ်လ်ဘလွန်းဘတ်က အရေးပေါ်လိုင်း ၉၁၁ ကို တနာရီအတွင်း ဖုန်းခေါ်မှု ၁၀ သန်းကျော် ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ဘွယ်ရာ မရှိတဲ့ ကိစ္စဖြစ်ပါက ဖုန်းနံပါတ် ၃၁၁ ကိုသာ ခေါ်ဆိုရန် အကြံပြုထားပါတယ်။



လမ်းပေါ်မှာ ကားတွေ ရှင်းနေဖို့ လိုအပ်တဲ့အတွက် အိမ်မှာပဲ နေကြဖို့၊ အပြင် မထွက်ကြဖို့၊ တက္ကစီနဲ့ အငှားကားများအားလုံFးလည်း ရပ်ထားကြဖို့ နယူးယောက်မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။ ဟာရီကိန်း စဲန်ဒီဟာ ၂၀၁၂ အောက်တိုဘာ ၂၉ ရက် ည ၈ နာရီ ၅ မိနစ်တွင် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေ နယူးဂျာစီပြည်နယ် အတ္တလဲန်တစ် စီးတီးရဲ့ တောင်ဘက် ၅ မိုင်ခန့်ကနေ ကုန်းတွင်းပိုင်းကို ၀င်ရောက်သွားခဲ့ပြီး အပူပိုင်းမုန်တိုင်းတခုအဖြစ် အသွင် ပြောင်းသွားခဲ့ပါတယ်။

ထိုသို့ အသွင်ပြောင်းသွားသော်လည်း နယူးဂျာစီနဲ့ နယူးယောက်ဒေသများတွင် အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၆ နာရီခန့်အထိ မိုးရွာသွန်းမှုနဲ့ လေပြင်းဒဏ်ကို ခံကြရဦးမှာ ဖြစ်ပါတယ်။ မုန်တိုင်း ဖြစ်ပေါ်တဲ့ ဧရိယာ ကြီးမားလွန်းတဲ့အတွက် အခု သတင်းရေးနေချိန် နယူးယောက် စံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်တွင် နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ နယူးဂျာစီပြည်နယ်တွေမှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသလို အမေရိကန်ပြည်ထောင်စု အတ္တလန်တစ် အလယ်ပိုင်းနဲ့ အရှေ့မြောက်ဘက် ပြည်နယ်များတွင်လည်း ပြင်းထန်စွာ ကြုံတွေ့နေပါတယ်။

burma today



No comments: