Thursday, November 1, 2012

KNU အနေနဲ့ ကရင်မဟုတ်သူတွေရဲ့ စကားကို မယုံကြဖို့ ဦးပညာသာမိ မိန့်ကြား



(တောင်ကလေးဆရာတော် ဦးပညာသာမိကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းထားတာတွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကရင်အမျိုးသားအစည်းအရုံးအပေါ် ထားရှိတဲ့ ဦးပညာသာမိရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာ ဖြစ်ပါတယ်။) 


မေး- ဦးပဥင်းအနေနဲ့ လက်ရှိ KNU ရဲ့ လုပ်ဆောင်ချက်၊ ရပ်တည်ချက်ကို ဘယ်လိုမြင်ပါသလဲ၊ ဦးပဥင်းရဲ့ အမြင်သဘောထားကို သိချင်ပါတယ်။

ဖြေ- KNUရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဦးဇင်းရဲ့ သဘောထားအမြင်ကို ပြောရမယ်ဆိုရင်-
KNU ခေါင်းဆောင်တိုင်းဟာ ကရင်လူထုရဲ့ အသံကို နားစွင့်ဖို့လိုပါတယ်။ အဲလို ကရင်လူထုရဲ့အသံကို အလေးမထားဘူးဆိုရင်တော့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးက အောင်မြင်မှုရဖို့ ခဲယဉ်းပါလိမ့်မယ်။

အဖွဲ့အစည်းအတွင်းမှာ ခေါင်းဆောင်ပိုင်း မညီမညွတ် ဖြစ်နေတာတွေ၊ အပြန်အလှန်လေးစားမှု အားနည်းနေတာတွေ၊ နိုင်ငံရေးအပိုင်းကို သိရှိနားလည်ဖို့ အားထုတ်မှုလျော့ရဲတာတွေဟာ ကရင်လူထုတရပ်လုံးအတွက် ရှေ့ဆက်သွားမဲ့ နိုင်ငံရေးလမ်းစဉ်(မူဝါဒ)ကို အဟန့်အတားဖြစ်ပြီးကြန့်ကြာစေပါတယ်။ နိုင်ငံအတွင်းပိုင်းကို ပြန်ဝင်လာဖို့ဆိုတာကလည်း ခက်ခဲပါလိမ့်မယ်။ ပြီးတော့ ဒီအခက်အခဲကြားမှာ KNU ဟာ သူများတွေထက် ပိုပြီး ခက်ခဲနေတာဟာလည်း ၀မ်းနည်းစရာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ နိုင်ငံရေးနည်းဗျူဟာတွေ ဘက်ပေါင်းစုံ သိရှိနားလည်ဖို့ လိုအပ်သလို နိုင်ငံရေးအခင်းအကျင်းတွေကို သိရှိနားလည်ဖို့ မျိုးဆက်သစ်လူငယ်တွေကိုလည်း ပြုစုပျိုးထောင်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ KNU အဖွဲ့အစည်းထဲမှာ မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ ပူးပေါင်းပါဝင်မှုမရှိဘူး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး သင်ယူလေ့လာမှုမရှိဘူး၊  ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ KNU အစည်းအရုံးကြီးရဲ့ နောက်ဆက်တွဲအဆင်တန်ဆာက ပြတ်တောက်သွားနိုင်တယ်။ ဒါကြောင့် ဦးဇင်းပြောချင်တာက ကရင်လူထုတွေ ကရင်အမျိုးသားအစည်းအရုံး KNU ထဲမှာ ကြီးကြီးငယ်ငယ် အရွယ်စုံပေါ့၊ အကြီးလည်းအကြီးအလျောက် အငယ်လည်းအငယ်အလျောက် ဘက်ပေါင်းစုံပူးပေါင်းပါဝင်ကူညီစေချင်တယ်။

 ပြီးတော့ တို့လူမျိုးဟာ ကရင့်အမျိုးသားအစည်းအရုံးရဲ့ အစိုးရသော ဦးဆောင်မှုအောက်မှာ အေးအေးချမ်းချမ်း၊ သာယာဝပြောစွာနဲ့ နေနိုင်ဖို့အတွက် သက်ကြီးတွေရော သက်ငယ်တွေပါ ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့နေရာမှာ ပြတ်ပြတ်သားသားနဲ့ ရဲရဲရင့်ရင့် လုပ်ဆောင်ဖို့လိုပါတယ်။
အဲလို ရဲရဲရင့်ရင့် လုပ်ဆောင်ကြမယ်ဆိုရင် ကရင်အမျိုးသားတို့ ရည်းမှန်းထားတာတွေ လက်ဝယ် မုချရောက်ရှိလာမှာဖြစ်တယ်။ ဒါကြောင့် ကရင်အမျိုးသားအားလုံးဟာ ယဉ်ကျေးမှုအမွေအနှစ်ပဲဖြစ်ဖြစ်၊
ကရင့်သမိုင်းကြောင်းပဲဖြစ်ဖြစ် သိရှိနားလည်ဖို့လည်း လိုပါတယ်။

နောက်ပြီးတော့ တို့ကရင်လူမျိုးတွေဟာ အချင်းချင်းရိုသေလေးစားရမှာကို ၀န်လေးကြတယ်။ ကရင်လူမျိုးမဟုတ်တဲ့ တခြားလူမျိုးတွေရဲ့ မဖြောင့်မှန်တဲ့ ဖျားယောင်းသွေးဆောင်မှုတွေကိုကျတော့ လိုက်ယုံတယ်၊ လိုက်စုဆောင်းတယ်၊ လိုက်ပြီးဖက်တွယ်နေတတ်တယ်။
အဲလို စိတ်ထားတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထဲမှာ မထားပါနဲ့တော့ ဦးဇင်းပြောချင်ပါတယ်။

နောက်ဆုံးKNU ကရင်အမျိုးသားအစည်းအရုံးကြီးကို မှာချင်တာကတော့ ကရင်အမျိုးသားတရပ်လုံးအတွက်
ရပ်တည်နေတယ်လို့ ကိုယ့်ကိုယ်ကို နားလည်ထားတယ်ဆိုရင် ကိုယ့်လူမျိုးမဟုတ်တဲ့ တခြားသူတွေလာပြီး
ဖျားယောင်းသွေးဆောင်နေတာတွေ၊ လာပြီးကြွးဝါနေတာတွေ၊လာပြီး လိမ်လည်နေတဲ့သူ တစ်ဦးတယောက်ကိုမှ မယုံကြည်မိပါစေနဲ့။
ကရင်အမျိုးသားတရပ်လုံး စည်းလုံးညီညွတ်ကြပြီးတော့ KNU ကရင်အစည်းအရုံးအနေဲ့ ရွှင်လန်းချမ်းမြေ့ခြင်း၊ အေးချမ်းသာယာခြင်း၊ သုခပေါင်းစုံနဲ့ ရင်ဝယ်ပိုက်နိုင်ပါစေလို့ ဦဇင်းစိတ်နေသဘောထားရှိကြောင်း မှာကြားချင်ပါတယ်။

No comments: