Tuesday, October 16, 2012

KNU ငြိမ်းချမ်းရေး ခေါင်းဆောင်ပဒိုဒေးဗစ်ထော ကွယ်လွန်


ဖနိဒါ | တနင်္လာနေ့၊ အောက်တိုဘာလ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၀၅ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး KNU ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦး
ဖြစ်သည့် ပဒိုစောဒေးဗစ်ထော သည် တနင်္ဂနွေနေ့ည ၁၀ နာရီခွဲချိန်တွင် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ စစ်ဆေးရုံ၌
ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း သိရှိရသည်။

KNU တရားရေးဌာနမှူးဖြစ်သည့် အသက် ၆၅ နှစ်အရွယ် ပဒိုဒေးဗစ်ထောသည် ဆီးချိုနှင့် အဆုတ်ရောဂါတို့ဖြင့် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သားဖြစ်သူ ဘုတ်ဘုတ် (ခ) စောအယ်ကော်ထော က ပြောသည်။

“ဖြစ်တာက နှစ်နှစ်၊ သုံးနှစ်ရှိနေပြီ။ သူ ရန်ကုန်မသွားခင် သူ့ဆရာဝန်ကတောင်မှ မသွားဖို့ တားထားတာ။ မသွားရင် အကောင်းဆုံးပဲလို့ ပြောတယ်။ ဒါပေမယ့် သူက သူ့အလုပ်နဲ့ သူသွားချင်တော့ ဆရာဝန်ကလည်း ခွင့်ပေးတာပေါ့နော်” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၏ အစီအစဉ်ဖြင့် သူ့၏ ရုပ်အလောင်းကို ရန်ကုန်မြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်
ကျေးရွာထိ သယ်ဆောင်ယူ မည်ဖြစ်ပြီး မဇ္ဈိမက ဆက်သွယ်မေးမြန်းနေစဉ် ကော့ကရိတ်သို့ ကျော်လာပြီ
ဖြစ်ကြောင်း သားဖြစ်သူက ပြောသည်။

ပဒိုဒေးဗစ်ထော၏ ရုပ်ကလာပ်ကို KNU ၏ တပ်မဟာ ၇ နယ်မြေ ဗဟို စစ်ဌာနချုပ်၌ သင်္ဂြိုဟ်ရန် စီစဉ်ထားသည်
ဟု KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် သစ်တောဌာန တာဝန်ခံ ပဒိုအားတိုး က ပြောသည်။

စောဒေးဗစ်ထောမှာ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစကတည်းက ပါဝင်ခဲ့သူဖြစ်၍ ဆုံးရှုံးမှု ကြီးမားလှကြောင်း ပဒိုအားတိုး က ဆက်ပြောသည်။

“သူက KNU ဗဟိုမှာ တရားရေးတာဝန်ခံ ဖြစ်တယ်။ ကျနော်တို့အဖွဲ့အစည်းမှာလည်း လုပ်လာတာလည်း ကြာပြီ။ ဒါကြောင့်လို့ အဖွဲ့အစည်းအနေနဲ့ ကရင် တော်လှန်ရေးသမား တဦး၊ ကရင်ခေါင်းဆောင်တဦး ဆုံးရှုံးရတဲ့အတွက် အများကြီး ဝမ်းနည်းပါတယ်” ဟု မဇ္စျိမကို ပြောသည်။

စောဒေးဗစ်ထောကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ဇာတိဖြစ်၍ ဦးရွှေထောနှင့် နော်မေဖိုး တို့မှ ၁၉၄၈ ခုနှစ်တွင်
မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီး နော်ဂျင်းဂျာ၊ သမီး လေးဦးနှင့် သား တဦး ကျန်ရစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က ဘားအံမြို့တွင် ဗဟိုဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်သည့်ကိစ္စနှင့် ပတ်သက်၍ ပဒိုဒေးဗစ်ထော အပါအဝင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ သုံးဦးအား KNU တာဝန်မှ ရပ်စဲခြင်း ခံခဲ့သည်။

သို့သော် ထိုသို့ ၎င်းတို့အား တာဝန်မှ ရပ်စဲခြင်းနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင် ကော်မတီများအကြား
ပြန်လည်ညှိနှိုင်း၍ ပြေလည်မှု ရရှိသွားကြောင်းလည်း သိရှိရသည်။


No comments: