Sunday, May 12, 2013

့ငြိမ်းချမ်းရေးရယူထာသည့် ကရင်လက်နက်ကိုင်များကို သောင်းကျန်းသူ ဟု မြ၀တီသတင်းက ခေါ်ဝေါ်သုံးစွဲဆဲ

ပီးခဲ့သောအချိန်ကဧရာဝတီသတင်းကသုံးခဲ့ဘူးသောအသုံးအနှုန်း



မနေ့က မြ၀တီသတင်းရဲ့ facebook စာမျက်နှာမှာ သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းဟောင်းကို နင်းမိ၍ ကော့ကရိတ်မြို့ အရှေ့ဘက် ၂ မိုင်ခန့် အကွာတွင် အရပ်သား တစ်ဦးသေဆုံးခေါင်းစီးနဲ့ သတင်းတပုဒ်တက်လာပါတယ်။

 မြ၀တီဆိုတာကလည်း သိကြတဲ့အတိုင်း ခေတ်အဆက်ဆက် စစ်ခွေးတွေကို ၀ါဒဖြန့်ချီရေးသားလာတာ 
ခု လက်ရှိအစိုးရအထိပါပဲ။

စံနစ်တွေဘယ်လိုပြောင်းပြောင်း ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လိုပဲလုပ်လုပ် သူတို့ဝါဒဖြန့်ချီတဲ့ အတွေးအခေါ်တွေက နည်းနည်းမှ ပြောင်းလဲမလာပါဘူး။ ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး အစိုးရနဲ့ငြိမ်းချမ်းရေးအသီးသီးယူထားပြီးကြတာကို တနိုင်ငံလုံးသိကြပါတယ်။ သောင်းကျန်းသူက ရှိတုန်းပဲလား။ 

ဒီအခေါ်အဝေါ်တွေက အမျိုးသားပြန်လည်စည်းလုံးညီညွတ်ဖို့ အဟန့်အတားဖြစ်နေတယ်ဆိုတာလည်း မြ၀တီက ခုထိမမှတ်သေးပါဘူး။ သတင်းက သတင်းနဲ့တူအောင်ရေးဖို့လိုသလို ဘယ်အဖွဲ့အစည်းထောင်ထားတဲ့ လက်ကျန်မိုင်းလဲဆိုတာ အတိအကျပြောဖို့လိုပါတယ်။ 


မသင့်မြတ်ခင်တုန်းက ဗမာစစ်တပ်လည်း ထောင်နေတာပဲ။ ဒီပုံစံ ဒီလေသံမျိုးနဲ့ သတင်းရေးနေရင် ဘယ်တိုင်းရင်းသားလူမျိုးစုက ဗမာ တွေကို အယုံအကြည် ရှိနိုင်မလဲ။ တခါတလေကိုယ်ရဲ့အာဘော် ကိုယ့်ရဲ့စကားဟာ ကိုယ့်ဇာတိကို ဖေါ်ပြနေတာပဲဆိုတာလည်း သတိထားသင့်ပါတယ်။

ခေတ်ပြောင်းစံနစ်ပြောင်းကာလမှာ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်ဟောင်းတွေကို ဘေးဖယ်ပြီး အစိုးရမီဒီယာအနေနဲ့ စံပြပြူမူရမဲ့အစား ဒီလို လူမျိုးကြီးဝါဒဆန်တဲ့ အခေါ်အဝေါ်တွေ ရှောင်ရှားသင့်ပါပြီ။ နအဖနဲ့ ဆိုရှယ်လစ်ခေတ်က မအောင်မြင်ခဲ့တဲ့ ၀ါဒဖြန့်ချီမှုတွေနဲ့ နောင်တရသင့်ပါပြီ။ ရပ်တန့်က ရပ်သင့်ပါပြီ။

သူတို့လို လူပြိန်းတွေနားလည်အောင်ပြောရရင်…………..
တကယ်လို့ဗမာစစ်တပ်က ကျူးလွန်လို့ မွတ်စလင်တယောက်ဆုံးသွားတယ်ဆိုပါတော့။

ဒါကို သောင်းကျန်းသူလက်ချက်လို့ သတင်းမှာ ဖေါ်ပြမလား။ ဒါ သူတို့ရဲ့ နိုင်ငံရေးလှည့်ကွက်နဲ့ ရည်ရွယ်ချက်ရှိရှိ သတင်းတင်တယ်ဆိုတာလည်း သိပါတယ်။
ဒီကေဘီအေနဲ့ အဆင်မပြေကြတဲ့အချိန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရန်တိုက် သွေးထိုး သွေးခွဲတာဖြစ်သလို ဗမာနဲ့ မွတ်စလင်ဖြစ်နေတဲ့ ပဋိပက္ခကို တိုင်းရင်းသားလက်နက်ကိုင်တဲ့အဖွဲ့ဆီ ထိုးသွင်းချင်တာလည်း ပါ ပါတယ်။

ဘယ်လိုပဲ လှုံဆော်ပါစေ။ ကရင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ရဲ့ ဘာသာရေး နှိပ်ကွပ်မှုထဲကို ၀င်ပါဖို့ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ တိုင်းရင်းသားတွေလည်း မြေမြုပ်မိုင်းကို မုန်းကြတယ်။ မွတ်စလင်တွေနင်းမိလည်း လူသားချင်းစာနာတယ်။ အရေးကြီးတာက မြန်မာပြည်ရေရှည် ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ အကောင်အထည်ဖေါ်ဖို့လိုတယ်။ လက်ခုပ်က တဘက်တည်းတီးလို့အသံမထွက်ဘူး. အစိုးရနဲ့စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ သတင်းမီဒီယာတွေလည်း အမြင်ကျယ်ဖို့လိုပါတယ်။

ဗမာစစ်တပ်က တိုင်းရင်းသားနယ်မြေတွေမှာ မုဒိမ်းကျင့်လူသတ်တာကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတောင် တခါမှ မြ၀တီသတင်းမှာ မတွေ့ဘူး။ ၀ါဒဖြန့်တာကဖြန့်တာပေါ့ ။ တဘက်သတ်ဆန်ဆန် အစွန်းမရောက်ဖို့တော့လိုပါလိမ့်မယ်။

ကော့ကရိတ်မြို့နယ်က ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းဟောင်းရယ်လို့ မဖေါ်ပြပဲ သောင်းကျန်းသူများလို့ သုံးနှုန်းထားတာဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလျစ်လျူရှုပြီး ဗိုလ်ချုပ်မူတူးစေးဖိုးဦးဆောင်တဲ့ KNU အပါအ၀င် ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မထီမဲ့မြင် စော်ကားလိုက်တာပဲဖြစ်တယ်။

ကရင်ပြည်နယ် လက်နက်ကိုင်အဖွဲ့အသီးသီးက အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားပြီးတာကို သောင်းကျန်းသူများလို့ ခေါ်ဝေါ်သုံးစွဲပုံအရ ငြိမ်းချမ်းရေးလုပ်တာက အဖြစ်သဘောလောက်ပဲ ဆိုတာ ယူဆလို့ရနေပါပြီ။

ဒီကေဘီအေနဲ့ စစ်ရေးတင်းမာနေချိန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ သွေးခွဲတယ်လို့ပဲ ကျွန်တော်တို့မှတ်ယူရပါလိမ့်မယ်။ ဆိုရှယ်လစ်၊ စစ်အုပ်ချုပ်တဲ့ကာလနဲ့ ခုချိန်အထိ ဒီလို ၀ါဒဖြန့်ခေါ်ဝေါ်သုံးစွဲနေတာကြောင့် လူမျိုးကြီးဝါဒဆိုတဲ့ စကားလုံးလည်း ပေါ်လာရတာဖြစ်တယ်။ 

ချိုးနှိမ်ခံရတဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို တင်ပြလာပြန်တော့လည်း လူမျိုးစွဲ ဘာသာစွဲ ဒေသစွဲ ဂိုဏ်းဂနစွဲတဲ့ အဆိုးမြင်သမားရယ်လို့ စွပ်စွဲခံရပြန်ရော။ ဒါ လူ့အခွင့်အရေးတွေကို နားလည်သဘောပေါက်မယ်ဆိုရင် ဘယ်သူလွန်သလဲ၊ ဘယ်သူမှားသလဲ၊ ဘယ်သူစဖေါက်သလဲဆိုတာ ခွဲခြားနိုင်မယ်ထင်ပါတယ်။

No comments: