Friday, July 20, 2012

ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ


ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်နေထိုင်ကြသည်။ ၄င်းတို့မှာ (၁) ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သသာရီကမ်းရိုးတန်းဒေသ (၂) ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတောင်တန်းများနှင့် ချိုင့်ဝှမ်းဒေသများ (၃) ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းမှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၏ချိုင့်ဝှမ်းနှင့် လွင်ပြင်များအပါအ၀င် ကျယ်ပြန့်သော ရှမ်းကုန်းပြင်မြင့်ဒေသများပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များသည် ဘာသာစကားအားဖြင့် (၁၆) မျိုးခန့်ကွဲပြားခြားနားကြပြီး ယင်းတို့ကိုအဓိကအားဖြင့် အုပ်စုကြီးနှစ်ခုဖြစ်သော စကော-ဘွဲအုပ်စု (Sgaw-Bghai) နှင့်ပိုးအုပ်စု (Pow) တို့ပင်ဖြစ်သည်။ စကောသည် စကော-ဘွဲအုပ်စုတွင် အကျယ်ပြန့်ဆုံး အသုံးပြုသောစကား ဖြစ်သကဲ့သို့ ပိုးစကားသည်လည်း ပိုးအုပ်စုတွင် အကျယ်ပြန့်ဆုံး ပြောသောစကားဖြစ်သည်။ တစ်ခါတစ်ရံ ကရင်များကိုနေရာဒေသလိုက်၍ မြောက်ပိုင်းကရင်၊ တောင်ပိုင်းကရင် ဟူ၍ခွဲထားပြန်သည်။ မြောက်ပိုင်းကရင်များတွင် ကယားများပါဝင်ပြီး တောင်ပိုင်းကရင်များတွင် စကောနှင့်ပိုးတို့ပါဝင်သည်။ ထိုသို့ ကွဲပြားနေခြင်းသည် ကွဲပြားခြားနားသော ပြင်ပရိုးရာယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်ကို ဖော်ပြနေပါသည်။ မြောက်ပိုင်းကရင်များသည် ထိုင်းစကားကိုပြောသော ရှမ်းတို့နှင့်နီးစပ်မှု၊ လွှမ်းမိုးမှုကိုခံရသကဲ့သို့ တောင်ပိုင်းကရင်များတွင် မွန်၊ ဗမာတို့၏ လွှမ်းမိုးမှုရှိနေသည်။ မြေပြန့်တွင်နေသောကရင်များနှင့် တောင်ကုန်းတောင်တန်းတွင်နေထိုင်ကြသော ကရင်များဟူ၍ ကွဲပြားကြပြန်သည်။ အထူးသဖြင့် ပိုးကရင်များသည် မြေပြန့်တွင်နေထိုင်ကြသူများဖြစ်ကြသည်။ ထိုသို့ ပိုးကရင်များ မြေပြန့်သို့ရောက်ရှိသွားရသည်မှာ စကောကရင်များ၏ တွန်းပို့မှုကြောင့်ဖြစ်ရသည်ဟု ပိုးကရင်ဒဏ္ဍရီတွင်ဆိုထားသည်။ တစ်ဖန်မြေပြန့်တွင် နေထိုင်ကြသောပိုးကရင်များသည် လယ်ယာစိုက်ပျိုးကြသည်။ တောင်ပေါ်တွင်နေထိုင်ကြသောကရင်များမှာ အများအားဖြင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ရက်ကန်းလုပ်ငန်းလုပ်ဆောင်ရာတွင် တောင်ပေါ်သားများသည် သားရေတပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသော်လည်း မြေပြန့်သားများသည် ဗမာများကဲ့သို့ သစ်သားဘောင်တပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသည်။ တောင်ပေါ်သားများသည် ၀ါဂွမ်းများက်ုစိုက်ပျိုးကြသော အလေ့အထရှိပြီး ယင်းဝါဂွမ်းထည်များကို မြေပြန့်တွင်နေထိုင်ကြသော ဗမာ၊ မွန်တို့ထံရာင်းချကြသည်။

ဘာသာတရားနှင့် ယုံကြည်ကိုးကွယ်မှုအပေါ်အခြေခံလျက် ကရင်များသည် ကွဲပြားကြပြန်သည်။ ကရင်တို့၏မိရိုးဖလာယုံကြည်မှုမှာ နတ် သို့မဟုတ် နာမ်ဝိညာဉ်များပင်ဖြစ်သည်။ မိရိုးဖလာယုံကြည်မှုကို ဦးဆောင်ကြသူများသည် ကျေးရွာလူကြီးသူမများဖြစ်ကြသည်။ ဦးဆောင်သူရွာသူကြီးများသည် မိရိုးဖလာပွဲကျင်းပရာအခမ်းအနားများကို စီစဉ်ဦးဆောင်ကြပြီး ကျေးရွာရှိအမျိုးသမီးကြီးများမှာ ကွယ်လွန်သူဘိုးဘွားများအား ကန်တော့ခြငိး၊ ရောဂါဝေဒနာစွဲကပ်သူများအား ကုသပေးခြင်း စသည့်အလုပ်များကို လုပ်ဆောင်ရန်တာဝန်ယူကြသည်။ မွန်၊ ဗမာ၊ ရှမ်းတို့၏လွှမ်းမိုးမှုကြောင့် ကရင်အတော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာကြသည်။ ဗုဒ္ဓဘာသာနှင့် မိရိုးဖလာယုံကြည်မှုတို့၏ ရောနှောယှက်နွယ်မှုပင်ဖြစ်သည်။ ၁၉ရာစုတွင် ခရစ်ယာန်သာသနာပြုများရောက်ရှိလာသာအခါ သူတို့၏ယုံကြည်မှုအစဉ်အလာသည် ပို၍ရှုပ်ထွေးသွားသည်။ ထိုခရစ်ယာန်သာသနာပြုများသည် ၁၈၂၅ ခုနှစ်လောက်တွင် တနင်္သာရီဒေသရှိ ကရင်များကြားတွင် သာသနာပြူလုပ်ငန်းစတင်ခဲ့ကြသည်။ ခရစ်ယာန်သာသနာ၏လွှမ်းမိုးမှုကြောင့် လူမူရေး။ ဘာသာရေးလှုပ်ရှားမှုများလည်း များစွာပေါ်ထွက်လာခဲ့ကြသည်။ ခရစ်ယာန်သာသနာပြုများသည် သာသနာ့စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့ကြသည်။ ကရင်စာများကိုလည်းတီထွင်ရေးသားဖြန့်ဝေလာကြသည်။ ကရင်များကိုလည်း သာသနာအမှုတော်ဆောင်များ၊ကျောင်းဆရာများ၊ ဆရာဝန်များ၊ အစိုးရ၀န်ထမ်းများ ဖြစ်လာရန် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းစစ်တန်းအရ ကရင်မျိုးနွယ်စုများတွင် ဘာသာရေးယုံကြည်မှုကွဲပြားခြားနားမူကို အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့ရသည်။ စကောမှာ ၆၇% ဗုဒ္ဓဘာသာ၊ ၂၅% ခရစ်ယာန်(နှစ်ခြင်း)၊ ၈% မိရိုးဖလာ၊ ပိုးမှာ ၉၃% ဗုဒ္ဓဘာသာ၊ ပအို့မှာ ၁၀၀% ဗုဒ္ဓဘာသာ၊ ကယားမှာ အများပိုင်းမိရိုးဖလာ၊ အခြားသောတောင်ပေါ်ကရင်အနည်းစုသည် နှစ်ခြင်း၊ ကက်သလစ်၊ အင်္ဂလီကန်များဖြစ်လာကြသည်။

တောင်ပိုင်းကရင်များသည် ရိုးရာအစဉ်အအလာအရ ကျေးရွာအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ကျေးရွာသူကြီးသည် သြဇာအာဏာရှိသူဖြစ်ပြီး ရွာသူရွာသားများအား တရားမျှတစွာ အုပ်ချုပ်သူဖြစ်သည်။ ရှမ်းတို့လွှမ်းမိုးသော မြောက်ပိုင်းကရင်များတွင် ထက်အောက်ဆင့်ကဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးကြသော်လည်း ဒေသတစ်ခုနှင့်တစ်ခု မိမိတို့ကွန်ဖယ်ဒရေးရှင်း( confederation)အသွင်ကို ကရင်နီတို့ဒေသဖြစ်သော ကန္တာရ၀တီ၊ ဘောလခဲ၊ ကြက်ဖိုးကြီး၊ နမ့်မယ်ခုံတို့တွင်တွေ့ရသည်။

အမေရိကန်နှစ်ခြင်းသာသနာပြုဆရာ Rev. Harry Ignatius Marshall သည် ၁၉၂၂ ခုနှစ်တွင် The Karen စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များတို့၏ ၀တ်စားဆင်ယင်မှုများအကြောင်းကို သူ၏စာအုပ်ထဲတွင် အသေးစိပ်ဖော်ပြထားသည်။ ကရင်တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်သော ရေးသားဖော်ပြချက်များသည် အခြားစာအုပ်များနှင့် နှိုင်းယှဉ်လျှင်ပိုမိုအသေးစိတ်ကျကာ ပိုမိုပြည့်စုံသည်ဆိုသော်လည်း အားလုံး ပြီးပြည့်စုံသည်ဟုမဆိုလိုပါ။ ကရင်တို့၏၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ရေးသားထားသော အခန်း၏နိဒါန်းမှာပင် သူကဆိုထားသည်မှာ "ကရင်မျိုးနွယ်စုအားလုံး၏ ၀တ်စားဆင်ယင်မှုကို အသေးစိတ်ဖော်ပြရပါလျှင် စကော့တလန်ပြည်လုပ် သက္ကလပ်အ၀တ်စအမျှင်များကို ထုတ်ယူဖော်ပြသကဲ့သို့ စာအုပ်တစ်အုပ်လုံးမှာ ထိုအကြောင်းအရာများနှင့်သာ ပြည့်သွားပေလိမ့်မည် ဟုဆိုခဲ့သည်" မည်သို့ပင်ဖြစ်စေ Marshall ဖော်ပြခဲ့သော ကရင်တို့၏၀တ်စားဆင်ယင်မှုများမှာ အပြည့်စုံဆုံးသောအချက်အလက်များဟု မှတ်တမ်းတင်ရပေမည်။

ကရင်ရိုးရာဝတ်စုံများသည် အများအားဖြင့် ဆင်တူကြပါသည်။ ကရင်အများဝတ်ကြသည့် ရိုးရာဝတ်စုံမှာ ကရင်သင်တိုင်းပင်ဖြစ်သည်။ ထိုသင်တိုင်း၏အရှည်နှင့် အရောင်အသွေးချယ်သမူမှာမူ နေရာဒေသအလိုက် အလွန်ပင်ကွဲပြားကြပါသည်။ သင်တိုင်းများကို အမျိုးသားရော အမျိုးသမီးများပါ ၀တ်ဆင်ကြသည်။ အမျိုးသမီးများသည် ထမီကိုလည်း ၀တ်ဆင်ကြသည်။ ထမီတွင်လည်းအဆင်အမျိုးမျိုး ကွဲပြားကြသည်။ ရှေးယခင်ကဆိုရင် သွားလာမှုခက်ခဲသော အရပ်ဒေသတွင်နေထိုင်ကြသော ကရင်အမျိုးသားများသည် Loincloth ခေါ်ဘောင်းဘီတိုများကိုသာ ၀တ်ကြသည်။ သို့သော် ၂၀ ရာစုအစပိုင်းရောက်သောအခါ အမျိုးမျိုးသောဘောင်းဘီရှည်များကို ၀တ်ဆင်လာကြသည်ကိုတွေ့ရသည်။ Spearman (1880, II:228) ကဘောင်းဘီရှည်ဝတ်ခြင်းသည်မြောက်ပိုင်းဒေသတွင် နေထိုင်ကြသူများတွင် ပိုမိုတွေ့ရပြီး သင်တိုင်များကို တောင်ပိုင်းဒေသနေ ကရင်များတွင်ပိုမိုဝတ်ဆင်ကြသည်ကိုတွေ့ရကြောင်း ဖော်ပြခဲ့သည်။ အခြားဝတ်စားဆင်ယင်မှုတစ်ခုမှာ အများစုသုံးစွဲကြသည့် ကရင်လွယ်အိတ်များပင်ဖြစ်သည်။ အများပိုင်းမှာ အဆင်မပါ ပြောင်ချောကရင်လွယ်အိတ်များဖြစ်သည်။ ကရင်အများစုသည် ခြုံစောင်ကိုလည်းယက်လုပ်ကြသည်။

Marshall (1922:37) သည် ကရင်တို့၏ ၀တ်စားဆင်ယင်မှု ဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၂၀ ခုနှစ်များ အစမှာကတည်းကပင် များစွာလေ့လာခဲ့သည်။ သူ၏လေ့လာချက်အရ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် မြေပြန့်တွင်နေထိုင်ကြသော ကရင်များသည် ဗမာများကဲ့သို့ဝတ်စားဆင်ယင်ကြသည်။ ပွဲတော်အချိန်များတွင်သာ ကရင်ရိုးယာဝတ်စုံများကို ၀တ်ဆင်ကြသည်။ မြောက်ပိုင်းနှင့် အရှေ့ပိုင်းနေကရင်များမှာ ရှမ်းအ၀တ်အစားများကို ၀တ်ဆင်ကြတတ်သည်။ အမျိုးသမီးများမှာ အမျိုးသားများထက် ရိုးယာဝတ်စုံများကိုဝတ်ဆင်ကြသည်။ ကျေးရွာတွင် အမျိုးသားများသည် ဗမာအ၀တ်အစားများကို ၀တ်ဆင်ကြသောအခါသာလျှင် ကရင်အမျိုးသမီးကြီးများသည် မိမိတို့၏အနက်ရောင်သင်တိုင်းကို ဗမာအကျလုံချည်ဖုံးကာ ၀တ်ဆင်ကြသည်ဟု Marshall (1922:38) ကဆိုထားသည်။

လွန်ခဲ့သောနှစ်ကာလအတွင်း ကရင်ရိုးယာဝတ်စုံအကြောင်းကို မြန်မာနိုင်ငံတွင် လေ့လာရန်မလွယ်ကူသဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ စကောနှင့်ပိုးကရင်များထံမှ အချက်အလက်အချို့ကို ကောက်ယူနိုင်ခဲ့ပါသည်။ ပအို့၊ ကယားနှင့် ဘွဲများလည်း နယ်စပ်ဒေသတွင်ရှိကြပါသည်။ သို့သော်ထိုင်းနိုင်ငံရှိ ကရင်အကြောင်းရေးသားရာတွင် ထိုသူတို့အကြောင်းကို ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံရှိတောင်ပေါ်ဒေသတွင် သာသနာပြုများအဖြစ် နှစ်များစွာနေထိုင်ခဲ့ကြသော Paul နှင့် Elaine တို့ရေးသားသော Peoples of the Golden Triangle (1984:68-99) ပါအခန်းတစ်ခန်းနှင့် E.M.Hinton (1974) ရေးသားခဲ့သော The Journal of the Siam ပါဆောင်းပါးတစ်ပုဒ် အခြေခံထားလျက်ဖော်ပြလိုပါသည်။ စကောနှင့် ပိုးကရင်ဝတ်စုံအကြောင်းကို ရေးသားထားသော Lewis တို့စာတွင် ''ကရင်" ဆိုသောစကားသည် "ရက်ကန်းယက်"သူများနှင့် ထပ်တူတွေ့မြင်နိုင်သည်ဟုဆိုထားသည်။ လို့ကြောင့် ကရင်တို့ယက်ကန်းမှထွက်ပေါ်လာသော ထုတ်ကုန်ပစ္စည်း များသည်နာမည်ကြီးလှပါသည်။ Hinton ၏သုတေသနလုပ်ငန်းမှာ ၁၉၆၈-၆၉ ခုနှစ်အတွင်း မြန်မာနယ်စပ်တစ်နေရာရှိ ပိုးကရင်ရွာတစ်ရွာတွင် တွေ့မြင်လေ့လာခဲ့သမျှကို တင်ပြထားခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိချက်နှစ်ရပ်စလုံးမှာ များစွာပုံဖော်မှုများကို ပြုလုပ်နိုင်သည်။

စကော-ဘွဲကရင်(The Sgaw-Bghai Karen)

စကော-ဘွဲအုပ်စုကို တစ်ဖန် ဘာသာစကားအရ စကော၊ ဘွဲ၊ ကယား၊ ပရဲ့ စသည်ဖြင့် ခွဲနိုင်သေးသည်။ စကောစကားသည် စကောနှင့် ပကူးစကားနှစ်မျိုးစလုံး ပါဝင်သည်။ ဘွဲစကားတွင် ဘွဲ၊ ဂေဘား၊ ဂေခို၊ ပထါ၊ ပဒေါင်၊ ပါဝင်သည်။ ပရဲ့စကားတွင် ပရဲ့များသာပါဝင်သည်။

စကော (Sgaw)

မြန်မာနိုင်ငံတွင် စကောကရင် (၂) သန်းဝန်းကျင်နေထိုင်ကြပြီး ထိုင်းနိုင်ငံတွင် သုံးသိန်းခန့်ရှိသည်။ အများစုမှာ ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတွင်လည်း နေထိုင်ကြသည်။ Spearman (1888,II:628) ကသူတို့ကို ''ငြိမ်းချမ်းခြင်းကိုအမြတ်နိုးဆုံးသောကရင်မျိုးနွယ်စု'' ဟူ၍ပင်တင်စားခေါ်ဝေါ်ခဲ့သည်။ ပိုးကရင်တို့နှင့် ရန်ဘက်ဖြစ်ခဲ့ဖူးသည်ဟု ဖော်ပြခဲ့သည်။ သူကဆက်လက်၍ "မြိတ်ဒေသရှိပိုးကရင်များကို တစ်စိတ်တစ်ဒေသအားဖြင့် ချေမှုန်းခဲ့သည်ကိုလည်ကောင်း၊ အင်္ဂလိပ်တို့ တနင်္သာရီကိုသိမ်းပိုက်စဉ်က ပိုးကရင်တို့ကိုဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့မှုများရှိကြောင်း" ကို ဖော်ပြခဲ့သည်။

Spearman (1888,II:628) က ကရင်ရိုးရာစတ်စုံအကြောင်းဖော်ပြရာတွင် "ကရင်ရိုးရာဝတ်စုံသည် အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းလေးများဖြင့် ယက်က်ထားသည်"ဟုဖော်ပြသည်။ Marshall က ကရင်ဝတ်စုံအကြောင်းပိုမိုစုံလင်စွာ ဖော်ပြထားသည်။ တောင်ပေါ်နေသူများသည် ပခုံးမှခြေသလုံးသားအထိကျသောသင်တိုင်းကို ၀တ်ဆင်ကြသည်။ ပဲခိုးရိုးမတွင် စကောများသည်အပေါ်ပိုင်းတွင် အဖြူရောင်ရှိပြီး အနီရောင်စင်းကြောင်းပါလျက် အောက်ခြေ၌လည်းအနီရောင်ဖြင့်ရက်ထားသောသင်တိုင်းကို ၀တ်ကြသည်။ အရောင်နှစ်ခုကြားတွင် ဇာထိုးပန်းထိုးများရှိသေးသည်။ မော်လမြိုင်၊ ဖာပွန်ဒေသများနှင့် အရှေ့ဘက်ပိုင်းဒေသများတွင် သင်တိုင်းကို အဖြူရောင် အနီရောင်အစင်းနှစ်ကြောင်းကို ထက်အောက်ယှက်နွယ်ထားလျက် ယက်လုပ်ကြသည်။

အမျိုးသမီးငယ်များသည် ခြေကျင်းဝတ်အထိကျသော ကရင်သင်တိုင်းများကို ၀တ်ထားကြသည်ဟုလည်း ဖော်ပြထားသည်။ အပျိုဖော်ဝင်လာသော အမျိုးသမီးတိုင်းသည် သင်တိုင်းနှင့်စကပ်များကိုဝတ်ကြသည်။ ဆက်လက်၍ Marshall (1922:28) က အချို့ရွာများတွင် ကရင်အမျိုးသမီးများသည် အဖြူရောင်သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အချို့ရွာများတွင် တစ်ဖန် ကရင်အမျိုးသမီးများသည် အနက်ရောင်သင်တိုင်းများကို ၀တ်ကြပြန်သည်။ ထိုသင်တိုင်းတွင် လည်ပင်းနှင့် လက်ဝလောက်တွင် အရောင်များကွန့်ထားသည်။ အချို့ဒေသများတွင် အိမ်ထောင်မကျမီအထိ အပျိုများသည်ခြေကျဉ်းဝတ်အထိကျသော အဖြူရောင်သင်တိုင်းများကို ၀တ်ဆင်ကြသည်။ သို့သော်ထမီစကပ်ကိုအများပိုင်း ၀တ်ဆင်ကြသည်။ အရွယ်ရောက်သည့်အချိန်အထိ သင်တိုင်းတိုများကိုလည်း ၀တ်ဆင်ကြသည်။

စကောကရင်အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုပုံစံ၊ ဒီဇိုင်းနှင့် ပတ်သက်၍လည်း Marshall (1922:38) က ထိုအစဉ်အလာသည် စပါးကြီးမြွေဒဏ္ဍရီမှဆင်းသက်လာသည်ဟုဆိုသည်။ ဒဏ္ဍရီအရ နော်မူအိုင်ကို စပါးကြီးမြွေဖြူတစ်ကောင်က ခိုးယူသွားခဲ့ပြီ တွင်းထဲတွင်ဝှက်ထားသည်။ မြွေတွင်းထဲတွင် ရောက်နေသောနော်မူအိုင်ကို ယောက်ျားဖြစ်သူကအသက်ပေး၍ ကယ်ယူခဲ့သည်။ထိုသို့ဖြင့် အမျိုးသမီးမှာ လွတ်မြောက်သွားပြီး မြေပ်ါသို့ပြန်တက်လာနိုင်တော့သည်။

ထိုဒဏ္ဍရီအပေါ်အခြေပြုလျက် အမျိုးမျိုးအဓိပ္ပာယ်ဖော်ခဲ့ကြသည့် အနက်တစ်ခုမှာ "စပါးကြီးမြွေသည် မိမိအရေခွံအတိုင်း အမျိုးသမီးအားသင်တိုင်းကို ယက်ရန်ခိုင်းစေသကဲ့သို့ အမျိုးသမီးဘက်မှလည်း စပါကြီးမြွေပါးစပ်မှ လွတ်မြောက်ခြင်းအတွက် ကျေးဇူးတုန့်ပြန်သောအားဖြင့် စပါကြီးအရေခွံအတိုင်း အ၀တ်ယက်လုပ်ခြင်းဖြစ်သည်။ " Gotegorg တွင် ဖွင့်လှစ်ပြထားသော Ethnographcam Museum ပြတိုက်တစ်ခုတွင် စကောကရင်လုံချည်သုံးမျိုးကို ဖော်ပြထားသည်ဟု Hansan (1960) က ဆိုခဲ့ဖူးသည်။ ထိုသုံးမျိုးမှာ (၁) တောက်ပသော အနီရောင်ချည်ထည် လက်လက်ပေါ်တွင် အထည်အောက်အစိမ်းရောင် အစင်းကြောင်းများပါရှိသည့် လူံချည် (AC#35.39.715)၊ (၂) အထက်ပိုင်းတွင် အနီရောင်ချည်ထည်ဖြင့် ယက်လုပ်ထားပြီး အောက်ပိုင်းတွင် အနီရောင်လက်နေသော ချည်ထည်ဖြင့် ယက်လုပ်သည့်လုံချည် (AC#35.39.801)၊ (၃) အနက်၊ အဖြူရောင်နှင့် အနီရောင်ပါရှိသော အမျိုးသားဝတ်လုံချည် (AC#35.39.710) ထိုပြတိုက်ထဲတွင် ကရင်ခေါင်းပေါင်းကိုလည်း တွေ့ရသည်။ ကရင်ခေါင်းပေါင်းသည် အဖြူရောင်ချည်ထည်ပေါ်တွင် အ၀ါ၊ အစိမ်းရောင် ကန့်လန့်ဖြတ်ပါဝင်ပြီး အနီရောင်မှာ အထက်အောက်အစင်းဖြစ်သည်။

ပကူး (Paku)

တောင်ငူအရှေ့တောင်တန်းရှိ ကယားပြည်နယ်တွင် ပကူးကရင် (၅၀၀၀) ခန့် နေထိုင်ကြသည်။ Spearman (1888,II:471) က ဖော်ပြသည်မှာ ပကူးကရင်များသည် ကရင်နီများ၏ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခြင်းကို အကြီးအကျယ်ခံခဲ့ရသည်။ ပကူးကရင်ရွာများလည်း ပျက်စီးခဲ့ရသည်။ Spearman က ဤကြောင်းအရာများကို ရေးသားသောအချိန်တွင် ပကူးကရင် (၂၀၀၀) ခန့်သည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလျက်ရှိနေပြီ်ဟု သိရသည်။ ပကူးကရင်များ၏ အ၀တ်အစားနှင့်ပတ်သက်၍ Spearman (1888,II:167) က ဖော်ပြရာတွင် "အဖြူရောင်သင်တိုင်းတွင် အစင်းမရှိ ၊ဇာထိုးပန်းထိုးပါသော ကျဉ်းမြောင်းသောအောက်ခြေတွင် အနားသပ်ကို ယက်ထားသည် တစ်ရွာနှင့့််တစ်ရွာ ပုံစံမတူကြချေ။" Marshall(1922:35) ကလည်း အလားတူဆိုထားသည်မှာ "ပကူးအမျိုးသားများသည် အဖြူရောင်သင်တိုင်းကိုဝတ်ကြသည်။ ထိုသင်တိုင်း၏အောက်ခြေတွင် ကျဉ်းမြောင်းသော အနီရောင်အနားသပ်များရှိသည်။ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သီးခြားအမှတ်အသားများ ရှိသည်။"

ဘွဲ (Bwe)

ဘွဲကို ဘဂဲ (Bghai) ကရင်များဟုလည်းခေါ်ကြသည်။ ဘွဲ (၁၆၀၀၀) ခန့်သည် တောင်ငူဝန်းကျင်ရှိ တောင်တန်းများနှင့် ကယားပြည်နယ် အနောက်တောင်ဘက် ကျေးဘော်ကြီးဒေသများတွင် နေထိုင်ကြသည်။ ထိုင်းနိုင်ငံတွင်လည်း အနည်းစုနေထိုင်ကြသည်။

၁၈၆၀ ခုနှစ်များအတွင်း တောင်ငူခရိုင်တွင် အုပ်ချုပ်ရေးမှူးအဖြစ် အမှုထမ်းဆောင်ခဲ့သော A.R.McMahon ဆိုသူသည်ဘွဲတို့၏ ၀တ်စုံနှင့်ပတ်သက်၍ ပထမဦးဆုံးဖော်ပြခဲ့သည်။ A.RMcMahon (1876:300-301) အဆိုအရ "ဘွဲတို့သည် စစ်တောင်းမြစ်ကမ်းတွင် နေထိုင်ကြသည်။ ကေခိုများကဲ့သို့ ၀တ်စုံများကိုဝတ်ကြသည် သူတို့အ၀တ်အောက်ခြေပိုင်းတွင် အနီရောင်အစင်းများယက်ထားသည်။ သူတို့နှင့်တောင်ဘက်ပိုင်းတွင် နေကြသူများသည် လက်မပါသော သင်တိုင်းများကိုဝတ်ကြသည်။" သူကဆက်လက်၍ ဆိုထားသည်မှာ "သာသနာပြုများသည် သူတို့၏အ၀တ်ပေါ်မူတည်၍ ဘောင်းဘီရှည်ဝတ် ဘွဲ "(Pant Bhai) နှင့် သင်တိုင်းဝတ် (Tunic Bghai) ဟူ၍ ခွဲခြားသိမြင်ကြသည်။" တစ်ဖန် Spearman (1888,I:167) က ခရစ်ယာန်သာသနာပြု ဒေါက်တာ Manson Mopgha ၏ဖော်ပြချက်ကိုအခြေပြုကာ မို့ပါ Mopha တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဖော်ပြပြန်သည်မှာ "မို့ပါတို့သည် ခရစ်ယာန်ညာသာသို့ အဦးဆုံးဝင်လာသောအဖွဲ့ဖြစ်ပ့သည်။ သူတို့သည် သင်တိုင်းဝတ် ဘွဲ (Tunic Bghai) အဖွဲ့ဖြစ်သည်။ အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းကြောင်းrများပါဝင်သည်။"

Marshall (1922:35) မြန်မာနိုင်ငံတွင် သာသနာပြုခဲ့စဉ်က ဘွဲတို့သည်သင်တိုင်းများကိုဝတ်ဆင်ကြကြောင်း သူတို့၏သင်တိုင်းများသည် စကောနှင့် ပိုးတို့ဝတ်သောသင်တိုင်းများထက် ပိုမိုတိုပြီး တင်းကြပ်စွာဝတ်ဆင်ကြကြောင်း ဖော်ပြခဲ့သည်။ "ယခင်က ဘွဲတို့သည် ဘောင်းဘီတိုများကိုဝတ်ကြသော်လည်း ယခုအခါ ဘောင်းဘီရှည်များကို ၀တ်လာကြသည်။" အုပ်စုတစ်စုနှင့်တစ်စု မတူညီခြားနားကြောင်းကိုလည်း သူကဆက်လက်ဖော်ပြထားသည်။ "ဘွဲတို့သည် အထက်အောက် အစင်းလိုက်ပါသောသင်တိုင်းများကို ၀တ်ကြသည်။ သူတို့ထဲ တစ်ချို့ဖြစ်သော မို့ပါတို့သည် အနီရောင် အစင်းပါအ၀တ်များကိုဝတ်ကြသည်။ ဘောင်းဘီရှည်ဝတ်ဘွဲ (Pant Bghai) တို့မှာ သူတို့သင်တိုင်းများ၏ အောက်ခြေတွင် အရောင်တောက်သော အစင်းများကိုဖောထားကြသည်။

Marshall (1922:38-39) က မို့ပါတို့၏ ၀တ်စုံများတွင် အမည်းရောင် အောက်ခံပေါ်တွင် အ၀ါရောင်၊ အစိမ်းရောင်တို့ကို ရောယှက်ထားသည်ကို မိမိစာရေးသည့်အချိန်အထိ တွေ့ရသေးသည်။ သို့သော် နောက်ပိုင်းတွင် အမျိုးသမီးငယ်များမှာ ထိုသို့ယက်လုပ်ဝတ်ဆင်ခြင်း မပြုကြတော့ပေ။ ထိုသို့အခြား ဘွဲအမျိုးသမီးများသည် အမဲရောင်ထမီ သို့မဟုတ် စကပ်များကိုသာ ၀တ်ဆင်လာကြသည်။ ထိုစကပ်များတွင် အနီရောင်ကန့်လန့်စင်းကြောင်းများကိုနှင့် အနီရောင်အစင်းကြောင်းကို အလယ်တွင်ယက်ထားသည်။

Spearman (1888,II:114) သည် ၀တ်စားဆင်ယင်မှုအကြောင်းပြောရာတွင် အသုဘ အခမ်းအနားများနှင့်ဆက်စပ်လျက် ကွဲပြားခြားနားကြပုံ အကြောင်းများကိုဖော်ပြခဲ့သည်။ သေလွန်သူများအတွက် သတိရပြုလုပ်ကျင်းပသော နှစ်ပတ်လည်ပွဲတော်များအကြောင်းကို ဖော်ပြရာတွင် သေလွန်သူတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ထိုသူသေလွန်ပြီးသုံးနှစ်အကြာတွင် ပြုလုပ်ကြသည်။ သြဂုတ် သို့မဟုတ် စက်တင်ဘာလဆန်းတွင် ကျင်းပကြသည်။ ၀ါးကိုင်းတစ်ချောင်းကို အိမ်ထောင့်တစ်နေရာတွင် ကန့်လန့်ဖြတ်တန်းထားလိုက်သည်။ ထိုဝါးတန်းပေါ်သို့ အ၀တ်သင်တိုင်းသစ်များ၊ ပုတီးကုံးများကို...ချိတ်ဆွဲထားကြသည်။ သေလွန်သူအားရည်စူးပူဇော်ခြင်းဖြစ်သည်။ ထိုအခမ်းအနားကို ဦးဆောင်သူဘုန်းတော်ကြီးအားလည်း ဇာထိုးပန်းထိုးသင်တိုင်းကို ပေးလှူကြသည်။တစ်ခါတစ်ရံ ထိုသင်တိုင်းများသည် ပိုးထည်များဖြင့်ယက်လုပ်ထားသည်။ အများအားဖြင့် အနီရောင်ပိုးထည်များဖြင့် ရက်လုပ်ထားကြပြီး သာမာန်သင်တိုင်းများထက် ပိုရှည်သည်။ Spearman (1888,II:120)

ဂေဘား (Geba)
ဂေဘားများကို မယ်ပူ သို့မဟုတ် ကရင်ဖြူဟုလည်းခေါ်ကြသည်။ လူဦးရေအားဖြင့် (၄၀၀၀၀) ခန့်ရှိပြီး ကယားပြည်နယ် မြောက်ဘက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသတွင်တွေ့ရသည်။ သူတို့အများပိုင်းသည် ခရစ်ယာန်များဖြစ်ကြသည်။

ဂေခို(Geku)
လူဦးရေအားဖြင့် (၁၀၀၀၀) ခန့်ရှိသော ဂေခိုများသည် ရမည်းသင်းနှင့် တောင်ငူခရိုင်၊ မိုးဗြဲဒေသရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသည်။ Spearmen (1888,II149) သည် ၄င်းတို့အား လူရိုင်းလုကြမ်းအမျိုးဟုခေါ်ထားသည်။ နှစ်ခြင်းခရစ်ယာန်သာသနာများ၏လွမ်းမိုးမှု အများဆုံးခံကြရပြီး ခရစ်ယာန်အများဆုံးဖြစ်လာကြသူများဖြစ်သည်။ ၁၉ ရာစုနောက်ပိုင်းတွင် အင်္ဂလိပ်နစိုးရအုပ်ချုပ်မှုအောက် ရောက်လာကြသည်။

McMahon (1876:306) ၄င်းတို့ကို ဂေခိုဟုခေါ်ကြသည်။ ဂေခိုအမျိုးသားများသည် လက်တိုအင်္ကျီများကိုဝတ်ကြသည်။ ထိုအင်္ကျီအောက်ခြေတွင် အနီရောင်ဇာထိုးပန်းထိုးများရှိသည်။ ဘွဲတို့ဝတ်ဆင်သကဲ့သို့ဖြစ်သည်။ အမျိုးသမီးများမှာ သာမာန်ကုတ်အင်္ကျီများကိုသာဝတ်ဆင်ကြပြီး အနီရောင်၊ အဖြူရောင် အပေါ်ဝတ်ရုံဂျက်ကက်များဖြင့် ထပ်ဝတ်ကြသည်။ Spearman (1888,II:149) က ဂေခိုတို့၏ အ၀တ်အစားနှင့်ပတ်သက်၍ ဖော်ပြရာတွင် ပိုးထည်ဘောင်းဘီရှည်များကို တစ်ခါတစ်ရံ ဇာထိုးပန်းထိုးပြုလုပ်ထားသည်။ အောက်ခြေတွင် အနီရောင်လိုင်းများဖော်ထားသည်။ တက်လာသောနေ ၀န်းနီအသွင်ဆောင်သည်။ ဘွဲတို့သည် ပိုးကောင်များကိုမွေးမြူကြပြီး ပိုးထည်များကို ကိုယ်တိုင်ထုတ်လုပ်ကြသည်။ Marshall (1922:35) ကလည်း ဂေခိုအမျိုးသားများသည် တက်နေ၀န်းအသွင်ရှိတောက်ပသော အစင်းကြောင်းပါ ဇာထိုးပန်းထိုးလုပ်သင်တိုင်းကို ၀တ်ဆင်ကြသည်ဟုဆိုထားသည်။
လထ(Lahta)
မြန်မာနိုင်ငံရှိ ပိုး(Pho) အုပ်စုတွင ပအို့်(Pao)နှင့်ပိုး(Pwo) များပါဝင်သည်။ ထိုင်းနိုင်ငံတွင်အခြား စကားကွဲများစွာများစွာရှိသည်။ ပအို့နှင့် ပိုးနှစ်မျိုးစလုံးသည် တောင်ပိုင်းကရင်များ ပါဝင်ကြသည်။

ပိုး (Pwo)
ပိုးများသည် တစ်ခါတစ်ရံ ပို၊ မနူ သို့မဟုတ် ကရင်ဖြူများဟုခေါ်ကြသည်။ ဧရာဝတီမြစ်ဝကွန်းပေါ်ဒေသတွင် ပိုးကရင် ၁.၂ သန်းကျော်နေထိုင်ကြသည်။ ယခင် အထက်မြန်မာနိုင်ငံ လွိုင်လုံဒေသတောင်တန်းများတွင်လည်း အချို့နေထိုင်ကြသောကြောင့် သူတို့ကို ဗမာများက တလိုင်းကရင်ဟုခေါ်ကြသည်။

Scott and Hardiman (1900,I/II:554) တို့က F.H Gilles ၏ဖော်ပြချက်ကို အဖြေပြုလျက် လွိုင်လုံ၊ ပေါင်းလောင်းဒေသရှိ မနူခေါ်ကရင်ဖြူများတို့၏ ရိုးရာဝတ်စုံများအကြောင်း ဖော်ပြခဲ့ကြသည်။ သူတို့သည် သင်တိုင်းများကိုဝတ်ဆင်ကြသည်။ သင်တိုင်းတစ်မျိုးဖြစ်သည်။ လက်တိုဖြစ်သည်။ ပေါင်းလောင်းဒေသတွင် ပိုးထည်များဖြင့်ယက်ကြသည်။ တစ်ဝက်ဖြူ တစ်ဝက်နီသည်။ ဖြူသောအပိုင်းမှာ အပေါ်ပိုင်းဖြစ်သည်။ ထိုသင်တိုင်းအောက်တွင် စကပ် သို့မဟုတ် အမျိုးသမီးအတွင်းအင်္ကျီကိုလည်း ၀တ်ထားကြသည်။ ခြောက်လက်မအရှည် သို့မဟုတ် ဒူးဆစ်အထိကျသည်။ ချည်ထည်ဖြင့်ပြုလုပ်ထားပြီး အရောင်မှာ အများပိုင်း အနီရောင် အပြာနက်ရောင်ဖြစ်သည်။ တဘက်ဟုခေါ်သောခေါင်းပေါင်းကို ပေါင်းထားသည်။ တောင်ရိုးများပေါင်းသောခေါင်းပေါင်းနှင့် အလွန်တူသည်။ သစ်စေးဖြင့်အရောင်ဆိုးထားသော အ၀တ်ကိုလည်း လက်မပါသောသင်တိုင်းနေရာတွင် ထားကြသည်။ ပွဲလမ်းသဘင်များတွင် အမျိုးသမီးများသည် မိမိတို့ သဘက်ဖူးစောင်များကို ကြက်ငှက်အမွေးအတောင် ရောင်စုံမှန်စများဆင်ယင်လျက် ခေါင်းပေါင်းကြသည်။

အမျိုးသားများလည်း ခါးလောက်ရောက်သည့်သင်တိုင်းများကို ၀တ်ကြသည်။ ဘောင်းဘီရှည်များလည်းဝတ်ကြသည်။ ပလောင်အမျိုးသမီးများကဲ့သို့ ခါးတွင်ချည်သောအရာများကို ပတ်ထားကြသည်။ အနည်းစုသာ ထိုသို့ပြုလုပ်ကြသည်။ ခေါင်းပေါင်းကိုချည်ထည်ဖြင့်ယက်လုပ်သည်။ နဖူးအုပ်လျက် ခေါင်းကိုပတ်ထားကြသည်။

Hinton (1974:27) သည်ထိုင်းနိုင်ငံရှိ ပိုးကရင်များအကြောင်းရေးသားရာတွင် အိမ်ထောင်သည်နှင့်လူလွတ်အကြား ကွဲပြားခြားနားသောအမျိုးသမီးအ၀တ်များအကြောင်းကို ဖော်ပြထားသည်။ အိမ်ထောင်မရှိသော အမျိုးသမီးငယ်များသည် အနီရောင်အစင်းပါသော ဘလောက်အင်္ကျီများကိုဝတ်ဆင်ကြသည်။ သူနေထိုင်သောနေရာရှိ အမျိုးသမီးများ၏ အ၀တ်အစားများနှင့် ပတ်သက်၍ ပြောရာတွင် အရောင်များမှာ တောက်ပသည့်အနီရောင် အစိမ်းသို့မဟုတ် အနက်ရောင်ကို ပိုမိုဦးစားပေးကြသည်။ အဆင်အယင်များမှာ သူတို့စိန်ကြိုက်ပြုလုပ်ကြသည်။

အခြားကရင်များ (Other Karens)
အထက်ဖော်ပြပါအုပ်စုခွဲများတွင်မပါသော ကရင်မျိုးနွယ်စုလေးမျိုးလည်း တွေ့ရသေးသည်။ ၄င်းတို့မှာ မနူးမနော၊ ဝေေ၀ါ်၊ ယင်းတလဲ နှင့် ဇာယိန်းဖြစ်သည်။

မနူးမနော (Manumanaw)
ကယားပြည်နယ် ကြက်ဖိုးကြီးအနောက်တွင် မနူးမနောခရစ်ယာန်များ ခန့်မှန်းချေ (၃၀၀၀) ခန့်နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။

ဝေေ၀ါ် (Wewaw)
ဝေေ၀ါ်အကြောင်းအကျဉ်းမျှကို Spearman (1880,I:166) ၏မှတ်တမ်းများတွင် တွေ့ရသည်။ သူကဝေေ၀ါ်များသည် ယဉ်ကျေးမူအဆင့်နိမ့်သေးသည့်လူများဟု ယူဆသည်။ သူတို့သည် အ၀တ်အစားမျိုးစုံဝတ်သူများ ဖြစ်သည်။ အမျိုးသမီးများမှာ ရက်ကန်းယက်ခြင်း မလုပ်ကြသောကြောင့် အသွင်သဏ္ဍန်ခွဲခြား၍မရသော အ၀တ်အစားများကိုဝတဆင်ကြသည်။

ယင်းတလဲ (Yinale)
ကယားပြည်နယ် ဘောလခဲဒေသ တောင်ဘက်တွင် ဗုဒ္ဓဘာသာဝင် ယင်းတလဲကရင်အနည်းစု နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်း မတွေ့ရပေ။

ဇာယိန်း(Zayein)
ဇာယိန်းကို စွမ်းတောင် သို့မဟုတ် ခေါင်းတိုကရင်များဟုလည်းခေါ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည်။ အမျိုးသားများသည် နားအပေါ်ဘက်တွင် ဆံပင်တစ်ချို့သာချန်ထားပြီး ခေါင်းတုံးရိတ်ကြသည်ကိုအစွဲပြုလျက် ခေါင်းတိုဟုခေါ်ကြခြင်းဖြစ်သည်။ Scott and Hardiman (1900,I/II:539) က F.H Gilles အဆိုဖြစ်သောဇာယိန်းများသည် မြန်မာနိုင်ငံအောက်ပိုင်း ကျိုက္ခမီဒေသမှ မြန်မာနိုင်ငံအထက်ပိုင်း လွိုင်လောင်နှင့် မိုင်ပိုင်ဒေသသို့ရွေ့သွားကြသည်ကို ထပ်မံဖော်ပြထားသည်။ F.H Gilles က ဇာယိန်းတို့၏၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ရေးသားသည်မှာ အမျိုးသားများသည် ၁၅ လက်မအရှည်ရှိသော ဘောင်းဘီရှည်များကိုဝတ်ကြသည်။ ခါးတွင်ကြိုးးနှင့်ချည်ထားသည်။ ကုတ်အင်္ကျီရှည်မှာလည်း ဒူးဆစ်အထိရောက်သည်။ လည်ပင်းတွင်ချည်ထားသည် သို့မဟုတ် ဖွင့်ဟထားသည်။ ဘောင်းဘီရှည်ရော ကုတ်အင်္ကျီပါ အဖြူရောင်ဖြစ်သည်။ အမျိုးသမီးများလည်း သင်တိုင်းတိုများကိုဝတ်ကြသည်။ အနက်ရောင်အစင်းသည် လည်ပင်းကိုပတ်လျက် ကျောဘက် ရင်ဘက်ခြမ်းအတိုင်း အောက်သို့သွယ်တန်းသည်။ လက်မောင်းစကိုလည်း ပတ်ထားသည်။ အောက်ဆုံးအနားသတ်မှာ သုံးလက်မခန့် အကျယ်ထားသည်။ ထိုသင်တိုင်းမျိုးသည် ဒူးဆစ်နှင့်ပေါင်ကြားလောက်တွင်ရောက်သည်။ အချို့ကို ခရုခွံများနှင့်ဆင်ယင်ထားသည်။ အတွင်းခံအဖြစ် စကပ်များကိုဝတ်သည်။ စကပ်များသည် ဒူးဆစ်လောက်အထိမရောက်ပါ။ အဖြူရောင်ပေါ်တွင် အနက်ရောင်တင်သည်။ အနီရောင်နှင့် အနက်ရောင်ကိုလည်း အနားသတ်လိုင်းဆွဲထားသည်။ ပထမလိုင်းမှာ လက်မခန့်ကျယ်၍ ဒုတ်ယလိုင်းမှာ လက်မ၀က်ခန့်ကျယ်သည်။ တတိယလိုင်းမှာ သုံးလက်မခန့်ရှိသည်။ အနက်ရောင်ထိုးထားသောချည်ထည်ကို ဒူးဆစ်အောက်ခြေထောက်တွင် ပတ်ထားသည်။ အပြာ သို့မဟုတ် အနီရောင်အ၀တ်စကို ခြေသလုံးတွင်ပတ်ထားသည်။ ကြေးကွင်းများကိုလည်း ခြေထောက်နှစ်ဖက်ရှိ ခြေကျင်းဝတ်တွင် လေးလက်မခန့်အထိ ၀တ်ထားသည်။ ခေါင်းကိုလည်း လိပ်ခုံးပုံမို့မောက်အောင်ဖြီးထားသည်။ မို့မောက်နေသောဆံပင်ပေါ်အောင် ခေါင်းပေါင်းလည်းပေါင်းထားသည်။ ခေါင်းပေါင်းကို အမျိုးမျိုးတန်ဆာဆင်ထားသည်။ အဖြူစနှင့် အနီစရှစ်မျိုးပါရှိသည်။ (၂၀) လက်မရှည်လျားပြီး (၆) လက်မကျယ်သည်။

Lowis (1919:45) ဇာယိန်းတို့၏ အ၀တ်အစားတို့နှင့်ပတ်သက်၍ အတိုချုပ်ဖော်ပြခဲ့သည်။ သင်တိုင်းနှင့်ခြေကျင်းဝတ်ကြေးကွင်းများမှာ မျိုးနွယ်စုတိုင်းရှိ အမျိုးသမီးများ၏ သာမာန်အ၀တ်အစားများဖြစ်သည်။ ဘောင်းဘီတိုမှာ အမျိုးသားများအတွက် ၀တ်ဆင်သောအ၀တ်ဖြစ်သည်။ အချို့နေရာများတွင် အမျိုးသမီးများ၏ ဆံပင်ပုံစံများမှာ ထူးဆန်းသည်။ Goteborg Ethnographical Museum တွင် ဇာယိန်းတို့၏ အ၀တ်အထည်သုံးမျိုးကို ခင်းကျင်းပြသထားသည်။ ပထမတစ်မျိုးမှာ အမျိုးသမီးဝတ်လက်တို ဘလောက်အင်္ကျီ၊ ဆေးဆိုးထားခြင်းမရှိ၊ အဖြူရောင်တန်ဆာဆင်ထားခြင်းမရှိ။ (AC#35.39.740)၊ ဒုတိယတစ်မျိုးမှာ အမျိုးသားဝတ်အင်္ကျီ လက်ပါဂျက်ကက်ဖြစ်သည်။ (AC#35.39.738) တတိယတစ်မျိုးမှာ အမျိုးသားဝတ်ဘောင်းဘီတို ဆေးမဆိုးထားသောချည်ထည်၊ အဖြူရောင်၊ အညိုရောင် အစင်းများရှိသည်။ (AC#35.39.739) ၄င်းအားလုံးကို "၀ါသာ" (Watha) တွင်စုဆောင်းခဲ့သည်။ အမျိုးသားအင်္ကျီပုံများကိုလည်း တွေ့ရသည်။ ဓါတ်ပုံရိုက်ကူးထားခြင်းမတွေ့ရ။

Scott and Hardiman (1900,I/II:544) တို့ကလည်း စင်းစင်း (Sin Sin) ဟုခေါ်သော ကရင်မျိုးနွယ်စုအကြောင်းကို ဖော်ပြထားသည်။ ဇာယိန်းနှင့်တစ်မျိုးတည်းဖြစ်သည်။ သို့သော် တောင်သူနှင့်ရှမ်းရွာများတွင် အတူယှဉ်တွဲနေထိုင်ကြသည်။ သူတို့ဘာသာစကားကို ထိန်းသိမ်းကြရန် လိုအပ်လာသည်။ အကြောင်းမှာတောင်သူတို့၏ လွမ်းမိုးမှုကို များစွာခံနေရသည်။ Scott and Hardiman (1900,I/II:545) တို့အဆိုအရ အမျိုးသားများသည် တောင်သူ ဓနုများကဲ့သို့ ၀တ်စားဆင်ယင်လာကြသော်လည်း အမျိုးသမီးများမှာ မိမိတို့ကိုယ်ပိုင်ရိုးရာဝတ်စုံများကို ၀တ်ကြေသေးသည်။ အမျိုးသမီးများသည် ဒူးဆစ်အထိရောက်သော သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အဖြူရောင်သင်တိုင်းဖြစ်သည်။ အပြာရောင်လိုင်းကိုလည်း လည်ပင်းပတ်လည် နံဘေးပတ်လည် ရင်ဘတ်ကျောဘက်ထက်အောက် ဖော်ထားသည်။ အင်္ကျီလက်များမှာ အပြာ အနီကြိုးများဖြင့် ဖော်ထားပြန်သည်။ အနက်ရောင်ဆိုးထားသောချည်ကိုလည်း ခါးတွင်ပတ်ထားသည်။ အတွင်းဂါဝန်ကိုမ၀တ်ကြ။ တောင်သူအမျိုးသမီးများကဲ့သို့ ခေါင်းပေါင်းကြသည်။ ဆံပင်ပုံမှာလည်း အတူတူပင်ဖြစ်သည်။

အခြားသောကရင်များ၏ အမည်များကို အခြားမှတ်တမ်းစာပေများတွင် တွေ့ရသေးသည်။ ၄င်းတို့သည် အထက်ဖော်ပြပါ ကရင်အုပ်စုခွဲများတွင် အချို့ပါဝင်ကြပြီး အချို့မှာလည်း အခြားအုပ်စုခွဲများ၌ ပါဝင်ကြသည်။
(Michale C.Howard ၏ Texitles of the Hill Tribes of Burma မှ "The Karen" ကိုပြန်ဆိုခြင်းဖြစ်သည်။

No comments: