Thursday, January 8, 2009

နှစ်သစ်တွင် ကရင်နီနှင့် စစ်အစိုးရတပ် တိုက်ပွဲ ဖြစ်ပွားမှုစိပ်လာ

ု(၂)/ဇန်န၀ါရီ ၇၊ ၂၀၀၉
၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၃ ရက်၊ ၄ ရက် အတွင်းတွင် ကရင်နီပြည် တပ်မတော်နှင့် မြန်မာစစ်အစိုးရတပ် တို့သည် တိုက်ပွဲအကြိမ်ပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ ၆ ယောက် ဒဏ်ရာရရှိသည်ဟု ကရင်နီဖက်က သတင်းထုတ်ပြန်ထားသည်။

၂၀၀၈ ခုနှစ် မကုန်ခင် အချိန်မှစ၍ ကရင်နီပြည် တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြ ဦးဆောင်ပြီး စစ်ကြောင်း ထွက်ခဲ့သည့် ခရီးအပေါ် မြန်မာစစ်အစိုးရတပ်က လိုက်လံပိတ်ဆို့ ပစ်ခတ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှု စိပ်လာခြင်းဖြစ်ကြောင်း ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

၎င်းက " ဗမာတွေက ခရီးထွက်နေတဲ့ ဗိုလ်မှူး အောင်မြတို့ကို လိုက်ပြီး ပစ်နေတယ်လေ။ အကယ်၍ သူတို့မလိုက်ဘူး ဆိုရင် ဒီလိုတိုက်ပွဲ ဘယ်များမလဲ။ ဗမာတွေက လှုပ်ရှားမှုများလေလေ တိုက်ပွဲကတော့ များလေလေပဲလေ။ " ဟု ပြောသည်။

ပြီးခဲ့သည့်အပတ် ဇန်န၀ါရီလ (၃) ရက်နေ့ တရက်ထဲတွင် တိုက်ပွဲဖြစ်ပွားမှု နှစ်ခါဖြစ်ခဲ့သည်ဟု ဆိုပါသည်။ မနက် ၁၀ နာရီအချိန်ခန့်တွင် ကွာခီးရွာအ၀င်၌ ကရင်နီတပ်မတော်နှင့် ခလရ (၁၃၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်မှ တပ်ကြပ်ကြီး စောအယ်ဘားဦးနှင့် ဒု-တပ်ကြပ် ဌေးအောင်တို့ တိုက်ပွဲတွင် အသီးသီး ဒါဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထို့နောက် ခမရ ၄၂၉ တပ်ရင်းမှ ဗိုလ်အောင်ဇော် ဦးစီးသည့်တပ်ဖွဲ့နှင့် ကရင်နီပြည် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် စစ်အစိုးရတပ်မှ တပ်ကြပ် အောင်အေးထွန်းက ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တဆက်တည်း ၎င်းရက်တွင်းအမှာ ခမရ (၅၇၄) မှ တပ်သား ချမ်းမြေ့အောင်သည် ကောက်ကောက် ဒေသမှ ဟွေပူအနီးတွင် မိုင်းနှင်းမိသဖြင့် ခြေတထောက်ပြတ်သွားခဲ့သည်ဟု သတင်းရရှိပါသည်။

ထို့အပြင် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကွာခီးရွာအနီး ခလရ (၁၃၅) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်မှ တပ်သား ကိုရဲ ဆိုသူ ကျဆုံးသွားခဲ့ကြောင်း သိရသည်။

တရက်တည်းမှာ ခမရ ၅၇၄ တပ်ဖွဲ့ နှင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့ရာ တပ်ကြပ်ကြီး မောင်ကူးဆိုသူ မိုင်းနှင်းမိသဖြင့် ဘယ်ခြေထောက်ပြတ်သည့်အပြင် မိုင်းကျည်ဆံ ထိမှန်၍ ဒဏ်ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း သိရသည်။

ဤကဲ့သို့ စစ်ဆင်ရေးပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားအကြိမ်ပေါင်းများသော်လည်းပဲ ၂၀၀၉ ခု၊ နှစ်ဦးပိုင်း အချိန်ကာလအတွင်း ကရင်နီပြည် တပ်မတော်ဖက်က တစုံတရာ ထိခိုက်ကျဆုံးမှုမရှိသေးကြောင်း သိရသည်။

No comments: