

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသောကြောင့် မိမိတို့တပ်ရင်းတပ်ဖွဲ့ အသီးသီးကို တပ်လှန့်ထား ကြောင်း တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။ယမန်နေ့က နအဖတပ်မ (၂၂) လက်အောက်ခံ တပ်အချို့နှင့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်ရန် ချဉ်းကပ် လာသောကြောင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖနှင့် ဒီကေဘီအေဘက်မှ တဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။တပ်မဟာ (၇) မှူးက “မနေ့မနက် (၁၁) နာရီမှာတကြိမ်၊ မွန်းလွဲ (၃) နာရီမှာတကြိမ်၊ တိုက်ပွဲ (၂) ခါဖြစ်တယ်။ သူတို့ဘက်က တယောက်ကျပြီး (၃) ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူး။ အခုလည်း သူတို့အင်အားတွေ ထပ်ဖြည့်နေတယ်။ အဓိက တပ်မဟာ (၇) ဒေသကို တိုက်ခိုက်ဖို့ပဲ။ ကျနော်တို့ ကတော့ ခုခံစစ်ကို ဆင်နွှဲသွားမှာပဲ။ သူတို့လာတိုက်တာကို မခုခံလို့ ဘယ်ဖြစ်မှာလဲ" ဟု ခေတ်ပြိုင်သို့ပြောသည်။နအဖအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသရွေ့ကာလပတ်လုံး နိုင်ငံရေးပြဿနာများ ဆက်လက်ကြီးထွားနေမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရကြောင်း ၎င်းက ပြောသည်။ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရှေ့ပြေးအဖြစ်တက်လာသည့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များ၏ တပ်ရင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ အရာရှိငယ်တဦးက ယခုကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း ပြောသည်။၁၉၉၄ ခုနှစ်ကုန်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှခွဲထွက်ပြီး နအဖကျောထောက်နောက်ခံဖြင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ကို ဘုန်းတော်ကြီး ဦးသုဇန ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။ယင်းအဖွဲ့တွင် လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု သိရပြီး နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လာမည့်နှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို ပထမဆုံး ကြိုဆိုထောက်ခံသည့်အဖွဲ့ဖြစ်သည်။
No comments:
Post a Comment