Saturday, September 26, 2009

ဗမာ့တပ်မတော်အတွင်း လူမျိုးရေး ဘာသာရေးခွဲခြားမှုများ နှင့်စပ်လျဉ်း၍တပ်မတော်အရာရှိတစ်ဦး C-box နံမည်မောင်Cadet နှင့် ကရင်အမျိုးသားများ ဆွေးနွေးပွဲ

စာဖတ်ပုရိတ်သတ်များခင်ဗျား အောက်ပါဆောင်းပါးသည် သောသီခိုဘလော့ C-box တွင် လာရောက်ဆွေးနွေးသော ဗမာ့တပ်မတော်အရာရှိတစ်ဦး(DSA-ဆင်း ကိုယ့်ကိုယ်ကိုမိတ်ဆက်ထားသူ) C-box နံမည် မောင်Cadet နှင့်ကရင်အမျိုးသား C-box နံမည် sm တို့ ၏ ဗမာ့တပ်မတော်အတွင်း လူမျိုးရေးနှင့်ဘာသာရေး ခွဲခြားဆက်ဆံခံရမှုနဲ့ ပါတ်သက်၍ ဆွေးနွေးချက်များကို ကရင်အမျိုးသား တစ်ဦးဖြစ်သူ ဖူးဒို မှ ထပ်ဆင့် ပြန်လည်ဖြေရှင်း ထောက်ပြထား ခြင်းဖြစ်ပါသည်။ စိတ်ဝင်စားစရာ ကောင်းသော Article တစ်ခုဖြစ်ပါတယ်ခင်ဗျား။။။

“ဗမာပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးခန့်ရှိမယ်ဆိုတာ မင်းလက်ခံမှာပါ၊ မင်းတို့ကျောင်းတက်တုန်းကလဲသင်ခဲ့ဘူးပါတယ် ဒါပေမယ့် မင်းတို့ စစ်တပ်ကို မေးရအုံးမယ် ၊ ဘာလို့ စစ်တပ်အရာရှိတွေထဲမှာ တိုင်ရင်းသားနဲ့ ဘာသာခြားတွေကို မတွေ့မြင်ရတာလဲ ၊ နေဝင်းလက်ထက်မှာထဲက စတင်အကောင်ထည်ဖော်နေတဲ့စီမံကိန်းပဲမဟုတ်လား ၊ အဲဒါ လူမျိုးကြီးဝါဒကိုသွားနေတဲ့လမ်းကွ ၊ ဗိုလ်သင်တန်းလျှောက်ရင် ဗမာ/ဗုဒ္ဒ ပဲဖြစ်ရမယ်၊လက်ခံတယ်မဟုတ်လား ။ ဒီလောက်များတဲ့ ပြည်ထောင်စုတိုင်းရင်းသားတွေထဲမှာ စစ်ဗိုလ်အရာရှိတွေကျန်တဲ့တိုင်းရင်းသားတွေမတွေ့ရတော့ဘူးလားကွာ ၊ဒါပေမယ့် ပေါ်တာနဲ့၊ အောက်စစ်သားနေရာတွေကတော့ ကျန်တဲ့တိုင်းရင်းသားတွေအတွက် ခွဲတမ်းဝေစုပေါ့ဟုတ်လား ဒီလိုမင်းတို့ရဲ့ ကောက်ကျစ်ယုတ်ညံ့တဲ့ စိတ်ဓါတ်အကျင့်စရိုက်ထားရှိနေသ၍ စိတ်ဓါတ်ခိုင်မာပြတ်သားတဲ့ K.N.U အဖွဲ့စည်းကြီးက ကရင်အမျိုးသားများအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်” by - SM

“sm မှားနေပါတယ် တပ်မတော်ထဲမှာတိုင်းရင်းသားပေါင်းစုံပါပါတယ်, DSA မှာ ဗမာ/ဗုဒ္ဒပဲမဟုတ်ပါဘူး ကရင် ကချင်မွန်ရခိုင်ရှမ်း အားလုံးရပါတယ် တိုင်းရင်းသားအားလုံးဝင်ခွင့်ပြုထားတယ် ဒါပေမယ့် ဗုဒ္ဒဘာသာတော့ဖြစ်ရမယ် cadet တို့အပါတ်စဉ်မှာ ခွန်ထွန်းဝေ ဆိုတာရှိတယ် သူကတော့ ရှမ်းပေါ့ ဗမာစကားသိပ်မပီပါဘူး ဒါက ဥပမာပြောပြတာပါ တိုင်းရင်းသားမိုလို့မ၀င်ရဘူးဆိုတာမရှိပါဘူး cadet တို့တပ်ခွဲမှာ ချင်း နဲ့ရခိုင်သားပါတယ် ကရင်/ဗုဒ္ဒ ကချင်/ဗုဒ္ဒ..ဗုဒ္ဒဖြစ်ရင်အကုန်ရပါတယ် DSA မှာတိုင်းရင်းသားအများစုက ရှမ်းတိုင်းရင်းသားတွေပါပဲ ကို sm ကမရဘူးဆိုလို့ပြောပြတာပါ မင်း ရေကြောင်းသိပံမှာ ကရင်မိုလို့မရဘူးဆိုတာ တော့မဖြစ်နိုင်ပါဘူး မင်းက ဗုဒ္ဒလည်းဖြစ်မယ် မင်းရဲ့ biographyနောက်ကြောင်းရှင်းရင်တော့ရမှာပေါ့” by - Cadet

စာဖတ်ပုရိတ်သတ်များခင်ဗျား…
ဒီစာကတော့မောင်ကဒက်ပြောတဲ့ တိုင်းရင်းသားများဟာ မြန်မာ့တပ်မတော်အတွင်းခွဲခြားခံရမှုရှိဘူးဆို
တဲ့အချက်ကိုဆွေးနွေးချင်းဖြစ်ပါတယ်။ ဒီအချက်ဟာ မြန်မာပြည်တွင်းမှာထင်ရှားပြီးပြည်တွင်းပဋိပက္ခ
ဖြစ်ရတဲ့အဓိကအချက်ဖြစ်ပါတယ်။ တကယ်တန်းကျတော့တိုင်းရင်းသားတွေကိုခွဲခြားဆက်ဆံခံရတာ
နအဖခေတ်မှာတင်မဟုတ်ပါဘူး။ ဖဆပလ၊ မဆလ နှင့် န၀တ ခေတ်တလျှောက် တိုင်းရင်းသားလူမျိုး
စုတွေကို စနစ်တကျစီမံပြီးအညွန့်ချိုးတဲ့ပေါ်လစီရှိနေခဲ့ပါတယ်။

ဖဆပလ ခေတ်မှာ အကြောင်းပြ ချက်မရှိဘဲနဲ့ ကျောင်းတွေမှာ ကရင်စာ သင်ကြားခြင်းကို အမိန့်အာဏာသုံးပြီးရပ်ဆိုင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘာသာစကားဖျောက်ပြီး လူမျိုးပျောက်အောင်လုပ်တဲ့စနစ်ပါ။ ခုဆိုရင် အဲဒီအသီးအပွင့်ကိုမြင်နေရပြီ။ ကရင်ဖြစ်ပြီး ကရင်စကားမပြောတတ်၊ ကရင်စာမတတ်တာ တစ်ဦးတစ်ယောက်စီမှာ တာဝန်ရှိသလို အဓိကတရားခံက ဗမာအစိုးရ ဖြစ်ပါတယ်။

(ယခုလက်ရှိ) ထိုင်းဘုရင်မင်းမြတ် နှင့် မြန်မာနိုင်ငံတော်သမ္မတဟောင်းမန်းဝင်းမောင်

ဖဆပလခေတ်မှာစခဲ့တဲ့ ဗမာ့နိုင်ငံရေးဟာလူမျိုးရေးခွဲခြားမှုသာမကဘူး ဘာသာရေးခွဲခြားမှုကိုပါ အသက်သွင်းခဲ့ပါတယ်။ မြန်မာနိုင်ငံသမ္မတ တစ်ဦးဖြစ်ခဲ့တဲ့ မန်းဝင်းမောင်ဟာ မူလက ခရစ်ယာန်ဘာသာဝင် ကိုးကွယ်တဲ့ ကရင်လူမျိုးတစ်ဦးဖြစ်ပါတယ်။
ယခုလက်ရှိသူ့ရဲ့သားသမီး မြေးအားလုံးလည်းခရစ်ယာန်တွေပါ။ အဲဒီတုန်းက “တိုင်းပြည်ရဲ့လိုအပ်ချက်”
ဆိုတဲ့စကားရပ်နဲ့ ဖိအားပေးပြီး သမ္မတတာဝန်အတွက် မန်းဝင်းမောင်ကို ဗုဒ္ဓဘာသာဝင်ခိုင်းတယ်။ ၀န်ကြီးဗိုလ်မှူးချုပ်အေဗယ်ဟာလည်း ခရစ်ဘာသာဝင်ဖြစ်ပြီးအထက်ကအမိန့်ကိုမလွန်ဆန်နိုင်လို့ နိုင်ငံတော်ရဲ့ ကထိန်ပွဲ၊ ၀ါဆိုသင်္ကန်းပွဲတွေမှာ ပါဝင်တာတွေကို မြန်မာ့ရုပ်မြင်သံကြား နဲ့ သတင်းစာတွေမှာ ထင်ထင် ရှားရှားတွေ့ရပါတယ်။ တကယ် တန်းကျတော့ ဒီဘာသာရေးပွဲမှာ ခရစ်ယာန်ဝန်ကြီးတစ်ဦးထဲ မပါလဲရပါတယ်။ ဒါဟာဗုဒ္ဓဘာသာဖြစ်မှ အစိုးရအဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်ရတဲ့ မဟာလူမျိုးကြီးရဲ့ သက်သေ သာဓက ဖြစ်ပါတယ်။

မဆလခေတ်မှာတစ်ဆင့်တိုးပြီးလုပ်ခဲတဲ့စီမံချက်ကတော့ သွေးနှောစနစ် နဲ့ တိုင်းရင်းသားလူဦးရေကို
လျှော့ချ/ ပပျောက် အောင်ရည်ရွယ်တဲ့စီမံကိန်းအရ ရဲဘော်တစ်ဦးဦးဟာတိုင်းရင်းသူတစ်ဦးဦးကိုလက် ထပ်နိုင်ပါကတပ်တွင်းအပိုဆုကြေးပေးခြင်းဘဲ။ ယခု နအဖ ခေတ်မှာတဆင့်တိုးပြီးလုပ်နေတာကတိုင်းရင်း သူတွေကို အတင်းအဓမ္မအနိုင်ကျင့်ခွင့်ပေးတာဘဲ။ အဲဒီလို ( မကောင်းတဲ့) အခွင့်အရေး ရနေတာကိုပီတိ
ဖြစ်မနေသင့်ပါဘူး။ဘာသာတရားတိုင်းမှာ နိယာမ တစ်ခုရှိပါတယ်။ အဲဒါက ၀ဋ်လည်တဲ့ အမှန်တရားဘဲ။

မောင်ကဒက်ရဲ့အရင်ဗိုလ်ချုပ်တွေကိုကြည့်ပြီးသင်ခန်းစာယူသင့်ပါတယ်။ အချို့ဆိုရင် ၀ဋ်လည်တာ တောင် နောက်ဘ၀မကူးဘူး။ အာဏာရှင်ဦးနေ၀င်းတောင်ဘယ်လိုဘ၀နိဂုံးချုပ်လည်းဆိုတာ သတိရပါ။
ယခုလက်ရှိဗိုလ်သင်တန်းမှာ တိုင်းရင်းသားအပြင် ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ ဗမာလူမျိုးတောင် လက်မခံ
တာသိသာထင်ရှားပါတယ်။ တပ်ထဲရောက်နေပြီးသားလူတွေဆိုရင် ဗမာနံမည်ပြောင်းခိုင်းခြင်း၊ ကိုယ်ရေး
ရာဇ၀င်မှာ ဗုဒ္ဓဘာသာဟုပြောင်းရေးခိုင်းတာတွေ လုပ်နေတာတွေ မောင်ကဒက်ဘယ်လိုရှင်းနိုင်သလဲ။
ကျွန်တော်တို့ခေတ် ကျောင်းမှာတောင်ဗမာနံမည်သုံးတဲ့ကရင်တွေဆို အရှေ့က “စော” တွေ “နော်” တွေ
ဖြုတ်ဖို့ ကျောင်းဆရာ၊ ဆရာမတွေက သွယ် ၀ိုက်ပြီး ဖိအားပေးတယ်။ သှူတို့ရဲ့အကြောင်းပြချက် က
တပည့်တွေကိုကောင်းစားစေချင်တဲ့စေတနာတဲ့။ ကျွန်တော်ကိုယ်တိုင် နံမည်ရှေ့မှာ “ဦး” မတပ်ဖို့
Passport ရုံးက အရာရှိဝင်တွေ့ပြီးအချေအတင်ပြောခဲ့ရတယ်။ အခုဆိုရင် တစ်မျိုးပြန်လုပ်တယ်။ တိုင်း
ရင်းသားနံမည်ရှေ့ က မန်း၊ နန့်၊စော၊ နော်၊ စိုင်း၊ နန်း... အစရှိတဲ့ နံမည်တွေကို Passport ထဲမှာတပ်ခွင့်
မရှိတော့ဘူး။ ဒါတွေဟာ နိုင်ငံရေးနည်းနဲ့ အနိုင်ကျင့်ပြီး တိုင်းရင်းသားတွေကို အသိအမှတ်မပြုတဲ့ သက်သေဘဲ။ ပြီးရင် လူဦးရေစာရင်းကောက်တဲ့အခါ ဗမာ နံမည်တွေကို ဗမာလူမျိုးစာရင်းထဲထည့်ပြီး
တိုင်းရင်သားလူဦးရေစာရင်းကိန်းဂဏာန်းကိုမတရားသဖြင့်လျှော့ချတာဘဲ။ တိုင်းရင်းသားလူမျိုးတွေကို
ဘယ်တော့မှ ပပျောက်အောင်လုပ်လို့မရဘူးဆိုတာမောင်ကဒက် တို့ လက်ခံသင့်ပါပြီ။

မောင်ကဒက်ရဲ့ဗိုလ်သင်တန်းအပတ်စဉ်မှာ ရှမ်းလူမျိုးတစ်ဦးပါတယ်လို့ပြောတယ်။ ကြားရတာဝမ်းသာပါ
တယ်။ အားလုံးကို ကြည့်ရင် တိုင်းရင်းသားပါဝင်မှု ရာခိုင်နှုန်းဘယ်လောက်ရှိလဲ။ အရမ်းနည်းနေမှာသေ
ချာပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲဘော်ဟောင်းအသင်းရဲ့နာယက တစ်ဦးဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူး
ကြီး ထွန်းအောင်မြင့် ဟာ ကရင်လူမျိုးတစ်ဦးပါ။ သူရဲ့မူလနံမည်နဲ့လက်ရှိကရင်အသိုင်းအ၀ိုင်းမှာသုံးတဲ့
နံမည်က စောဆာတူဂေါ ပါ။ သူလည်းအထက်အရာရှိ ရဲ့“စေတနာနဲ့မင်းရဲ့ရှေ့ရေးအတွက်အကြံပေးတာ”
ဆိုပြီး ဗမာနံမည် ပြောင်းခဲ့ရတယ်။ သူဟာ အမေရိကန်မှာရေတပ်စစ်ပညာသင်ယူတုန်းက အဆင့် (၂)
နဲ့ထူးချွန်တဲ့အရာရှိတစ်ဦးပါ။ သို့သော်လည်း မူ အရဗိုလ်မှူးကြီးနောက်ပိုင်း အရပ်ဖက်ဖြစ်တဲ့ ရေကြောင်း
ဦးစီးဌာနကိုအပြောင်းခံရပါတယ်။ ဘာဘဲပြောပြော သူ့ရဲ့အရည်အချင်း နဲ့စာရိတ္တ ဟာ နိုင်ငံခြားသားတွေ
နဲ့လုပ်တဲ့အစည်း အဝေးကို နောက်ကျပြီးရောက်လာတဲ့ ဗိုလ်ချုပ်က I am sorry လို့ပြောပြီး သူ့နောက်က
လူက I am sorry too လို့ပြောဝင်ပြီး နောက် I am sorry three လို့ပြော လိုက်တဲ့ ဒု ဗိုလ်ချုပ်ကြီး
မျိုးညွန့်ထက်အများကြီးသာပါတယ်။ ဒါတွေဟာ တိုင်းရင်းသားတွေကိုချိုးနှိမ်တဲ့ပေါ်လစီတွေဘဲ။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ် ၂၀၀၄ ခုနှစ်တွင်း တပ်တွင်း “စီပိုး” ရှင်းလင်းရေးစီမံချက်ဖေါ်ဆောင်ခဲ့ တယ်။ အဲဒီတုန်းက ရာနဲ့ချီသော ခရစ်ယာန်ဘာသာဝင်တပ်မတော်အရာရှိတွေကို အရပ်ဖက်ကိုပို့ခဲ့တယ်။
အဲဒီအချိန်တွေကိုမောင်ကဒက် ကောင်းကောင်းမှတ်မိမယ်လို့ယုံပါတယ်။

ဘာသာရေးဖိနှိပ်မှုကို သက်သေအနေနဲ့ ခရစ်ယာန်ဘုရားကျောင်းဆောက်တာ နဲ့ ဘုန်းကြီးကျောင်း
ဆောက်တာယှဉ်ကြည့်ရင်ထင်ရှားစွာတွေ့ရပါတယ်။ အခုခရစ်ယာန်ဘုရားကျောင်းဆောက်တဲ့ပါမစ်ကို လုံးဝနီး ပါးပိတ်ထားပြီး လိုက်တတ်လို့ရတဲ့ပါမစ်တွေဆိုရင် ခက်ခဲတဲ့လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ် ချက်တွေနဲ့ပေးဆောက်တယ်။ တိုးချဲ့စီမံကိန်းဆိုပြီး ဘုရားကျောင်း၊ မြေ သိမ်းတာတွေဟာ အများကြီးပါ။
ဘုန်ကြီးကျောင်းဆောက်မယ်ဆိုရင် ပါမစ်အလွယ်တကူပေးတဲ့အပြင် (အချို့ ဆိုပါမစ်တောင်မလို) သစ်၊
သံ၊ဘိလပ်မြေတောင် အစိုးရဈေးနဲ့ပေးသေးတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီးမောင်ကဒက် ရှင်းပြနိုင်ပါသလား

ဒါတွေအားလုံးခြုံကြည့်ရင် လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှုတွေဟာ မြန်မာပြည်မှာရှိနေတဲ့သက် သေဘဲ။မြန်မာပြည်မှာနှစ်ရှည်လများဖြစ်နေတဲ့ပဋိပက္ခ်ဟာ ဗမာနိုင်ငံရေး ရေသာက်မြစ်ဖြစ်တဲ့
“ သခင်မျိုးဟေ့ဒို့ဗမာ” ဆိုတဲ့ မဟာလူမျိုးကြီးဝါဒကြောင့်ဘဲ။ ဒီအယူဝါဒ နှင့် တိုင်းရင်းသားတွေအပေါ်ခွဲ
ခြားရေးပေါ်လစီ ရှိနေသ ရွေ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မည်သည့်အခါမှမရနိုင်ပါ။

အားလုံးကိုလေးစားလျှက်....

ဖူးဒို (ကရင်တိုင်းရင်းသား)
စက်တင်ဘာ ၂၆ ရက်၊ ၂၀၀၉

No comments: