Friday, October 2, 2009

၂၀၁၀မှလွဲ၍ တခြားနည်းလမ်းတွေ အများကြီးရှိပါသေးတယ်

ဒီဆောင်းပါးလေးဟာ ရှည်တော့ရှည်တယ်ဗျ။ ဒါပေမယ့် အနှစ်သာရ ရှိတဲ့ဆောင်းပါးလေးမို့  စာဖတ်သူတွေအတွက် ထပ်ဆင့်ပြန်တင်ပြပေးလိုက်ပါတယ်. ဖတ်ကြည့်ကြပါအုံး

အင်္ဂါနေ့၊ 29 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

စစ်အုပ်စုကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နည်းမျိုးစုံနဲ့ ပြင်ဆင်စိုင်းပြင်းနေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အပြီးသတ် အတည်ပြုနိုင်ဖို့ပါ။ ဒီလိုအသက်သွင်းနိုင်မှ သူတို့စစ်အုပ်စုဗျူရိုကရက်တွေက လူမျိုးပေါင်းစုံ ပြည်သူလူထု ကြီးကို စစ်ကျွန်ပြု စစ်ကျွန်ဇာတ်သွင်းပြီး စစ်သမ္မတနိုင်ငံကို ထူထောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ခက်နေ တာက သူတို့တွက်ထား ထင်ထားသလို လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး ဖြစ်နေပါတယ်။

အဓိက ကတော့ အပစ်ရပ်အဖွဲ့တွေပေါ့။ သူတို့တွက်ထားသလို လုပ်လို့မရ ဖြစ်နေတယ်။ အားလုံးနီးပါးလောက်လို့ ပြောနိုင်မယ်ထင်ပါတယ်။ စစ်အုပ်စုပြောသလို လိုက်မလုပ်နိုင်ဘူးလို့ အကြောင်းပြန်ကြတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်ဖို့ စစ်အစိုးရက ပြင်ဆင်စိုင်းပြင်းလာချိန်နဲ့ တပြိုင်တည်းမှာပဲ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နအဖက ညောင်နှစ်ပင်ဖွဲ့စည်းပုံအတိုင်း တခုတည်းသော တပ်မတော်ဖြစ်ဖို့အတွက် နယ်ခြား စောင့်တပ်၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းပြီး ရွေးကောက်ပွဲဝင်ဖို့ ဖိအားပေးရာမှာ ငြင်းဆန်မှုတွေနဲ့ချည်းကြုံတွေ့ နေရလို့ ကိုးကန့်တိုက်ပွဲကိုဖန်တီးပြီး ကျန်တဲ့အပစ်ရပ်အဖွဲ့(လေး) တွေကို စစ်ရေးအရ ခြိမ်းခြောက်ပြတဲ့ သဘောမျိုးလို့ ကောက်ချက်ချနိုင်ပါလိမ့်မယ်။

စစ်အုပ်စုဟာ ဘယ်ကလောက်ထိ ကောက်ကျစ်လိမ်ညာတတ်တယ်၊ ယုတ်မာရက်စက်တတ်တယ်ဆိုတာ ဒီကိုးကန့် အဖြစ်အပျက်က မီးမောင်းထိုးပြလိုက်တာပဲ မဟုတ်လား။ ပြေလည်နေတုန်းကတော့ တမျိုး- မပြေလည်လာတော့ တမျိုးလုပ်တယ်ဆိုတာ အထင်အရှားပဲလေ။ ဝေစုမြက်မြက်ကလေး ရနေတုန်းက တမျိုး -ဒီမှာစကားစပ်လို့ စစ်ဗိုလ် (ချုပ်)ကတော်တွေမှာတာဆို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က ကလစ်ကလေးကအစ အကုန်ဝယ်လာပေးတာ-ဘာမှ စာရင်းပြန်ရှင်းပေးစရာမလိုဘူး။ အဆင်ပြေနေ သဘောတွေ့နေကြတုန်းကလေ။ ဟော အခု အဆင်မပြေတော့ မူးယစ်ဆေးဝါး အကြောင်း ပြလိုပြ လက်နက်စက်ရုံရှိတယ်လို့ဆိုပြီး ရမယ်ရှာလိုရှာနဲ့ နောက်ဆုံး လက်နက်ကိုင်တိုက်ပွဲ အထိ ရောက်သွားတော့တာပါပဲ။




ဖန်တီးစွပ်စွဲချက်တွေကို ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က (၂)ဘက်တိုက်ပွဲဖြစ်ပွားနေစဉ်ကာလမှာပဲ ဩဂုတ်လ(၂၈) ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ လိပ်မူတပ်ပြီး ယင်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အထူးကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်အရ ကိုးကန့်ခေါင်းဆောင်ရဲ့ ရှင်းလင်းချက်မှာတော့ စစ်အစိုးရက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း သိုလှောင်မှုစသည့် ဖန်တီးချက်များနှင့် တရားစွဲဆိုမှုဟာ ကိုးကန့် တပ်ဖွဲ့နဲ့ပြည်သူများ အပေါ် နိုင်ငံတကာမှ အထင်မှားအောင် လုပ်ကြံဖန်တီးခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် နအဖတာဝန်ရှိ သူများရှေ့တွင်ကိုးကန့် နယ်မြေအား မူးယစ်ဆေးဝါး ကင်းရှင်းသွားပြီဖြစ်ကြောင်း ၂၀၀၂ခုနှစ်က အတိအလင်း ကြေညာထားခဲ့ကြောင်းနဲ့ ဆက်လက်၍ ကိုးကန့်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့်လုပ်ရပ်အတိုင်း ကျန်မဟာမိတ် တပ်ဖွဲ့များကိုလည်း မကြာ သော အချိန်ကာလတခုအတွင်း တိုက်ခိုက်ဝါးမျိုနိုင်သဖြင့် စစ်အစိုးရအား လက်တွေ့ ညီညွတ်စွာ ယနေ့မှစ၍တိုက်ပွဲဝင် ရန် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က သတိပေးတောင်းဆိုကြောင်း ရေးသား ထားပါတယ်။

ကျန်အဖွဲ့တွေကိုတော့ ဆက်လက်တိုက်ခိုက်ခြင်း မရှိသေးဘဲ လတ်တလော စစ်ရေးပြင်ဆင်မှုတွေပြုလုပ်ရင်း ဘီလူး ခေါင်းကို မင်းသားမျက်နှာဖုံးအတုစွပ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်။ နအဖနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးအပြီးမှာ ကေအိုင်အိုနဲ့ မွန်ပြည်သစ်တို့ဆီက နအဖစစ်အုပ်စုရဲ့ ၂၀၀၈ဖွဲ့စည်းပုံပါ တခုတည်းသော တပ်မတော် ဖြစ်ရေးကို လိမ်မာပါးနပ်စွာနဲ့ ရှောင်ထွက်ပြီး ပါတီအသစ်ထပ်ဖွဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကျားကွက်သစ်တော့ ထွက်လာပါတယ်။ ဒါကို ကြည့်ရင် အပစ်ရပ်အဖွဲ့တွေဟာ နအဖစစ်အုပ်စုနဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ထိပ်တိုက်ရင်ဆိုင်မှု တွေ မဖြစ်ချင်ဘူးဆိုတာ ရှင်းလင်းမြင်သာပါတယ်။ နအဖရဲ့ (၂၀၀၈) ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်း တခုတည်း သော တပ်မတော်ဖြစ်ရေးဆိုတာကို အသာတကြည် လက်ခံပြောင်းလဲမဲ့ပုံ မရှိဘူးဆိုတာ သိသာထင်ရှားလှပါတယ်။ (ခုခံစစ် ဆင်နွှဲနိုင်တဲ့ အနေအထား တနည်းတဖုံ ပြင်ဆင်ထားကြလို့လည်း ဖြစ်နိုင်ပါတယ်)။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်း အရ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာမှ စစ်မှန်တဲ့အဖြေမှန်ရမယ်ဆိုတာကို အားလုံးက သဘောထား ရှိကြကြောင်း လက်တွေ့ ပြသနေကြတာ ဖြစ်ပါတယ်။

နောက် အခုလည်း စစ်အုပ်စုရဲ့ တောင်းဆိုချက်ကို မလိုက်လျောနိုင်ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုတုန့်ပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကြားမှာ လူအင်အားကော စစ်လက်နက်ပစ္စည်းအင်အားကော အတောင့် တင်းဆုံးလို့ ဆိုတဲ့ UWSA အဖွဲ့ကိုလည်း စစ်ပြုတိုက်ခိုက်နိုင်ဖို့ စစ်အင်အား (၁)သောင်းကျော်နဲ့ အားဖြည့်ဝန်းရံထားပြီး စစ်ရေးပြင်ဆင်မှုတွေ ဆက်လက်ပြုလုပ်နေတာကို ကြားနေရပါတယ်။ ဒါကြောင့်မို့လို့ သူတို့ (နအဖ) ရဲ့ တောင်းဆို ချက်ကို လက်မခံနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို နည်းလမ်းပေါင်းစုံနဲ့ အကြပ်ကိုင်ဆောင်ရွက် ၍ စစ်ရေးအရ တိုက်ခိုက်မှုနဲ့ ပြင်ဆင်မှုများ ပြုလုပ်နေတယ်ဆိုတဲ့ အကဲခတ်သူများရဲ့ ဝေဖန်ပြောကြားချက်ဟာမှန်ကန်တဲ့ အကဲဖြတ်ချက်လို့ ပြောရမှာဖြစ်ပါတယ်။

အမှန်တော့ စစ်အုပ်စုက ချက်ခြင်းလက်နက်ဖြုတ်သိမ်းပစ်ချင်တာပါ။ အဲဒါလုပ်လို့မရလို့ တဘက်လှည့်နဲ့ နည်းနာ ပြောင်းပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းပြီးမှ တဖြည်းဖြည်းနဲ့ ချုပ်ကိုင်ချယ်လှယ်သွားမှာလေ။ ဒါကို လည်း အပစ်ရပ်အဖွဲ့တွေကလည်း နားလည်ကြရိပ်မိကြမှာပေါ့။ အစကတည်းကမှ အပစ်ရပ်ချင်လို့ ရပ်ထားတာမှ မဟုတ်တာ၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် သိပ်စိတ်မပါလှပေမဲ့ အပစ်ရပ်တဲ့နည်းကို ရွေးလိုက်ရတဲ့ဟာကို။ လတ်တလော ရွေးချယ်စရာမရှိလို့ လုပ်လိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့အပစ်ရပ်အဖွဲ့တွေ (အနည်းစု လေးပါ) ကတော့ ခြေလွန်လက်လွန်ဖြစ်သွားပြီး ပြန်နှုတ်လို့မရတော့ဘူး ဖြစ်သွားကြတယ်။ ပြန်မရုန်းထွက်ချင်တာ လည်း ဖြစ်နိုင်တာပေါ့။ အကျိုးစီးပွား မက်လုံးတွေနဲ့ ချည်ထားလိုက်တာလည်း ပါမှာပေါ့။ KNU ကခွဲထွက်သွားတဲ့ ဒီကေဘီအေလိုအဖွဲ့မျိုးပါ။ ဦးဇခုန်တင်ရင်းတို့အဖွဲ့လိုမျိုး (NDAK)၊ ကလလတ၊ ရလလဖ စတဲ့အဖွဲ့မျိုးတွေလည်း ရှိနေတာပါပဲ။

ဒါပေမဲ့ တဖွဲ့နဲ့တဖွဲ့လည်း အကျိုးစီးပွားချင်း၊ အခြေအနေချင်း၊ အနေအထားချင်းလည်း မတူကြသေးဘူးမှုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ရန်သူရဲ့စီမံကွပ်ကဲချုပ်ကိုင်မှုအောက်မှာ နေ နေရပြီလေ။ ဒါကတော့ အတူတူပါပဲ။

မွန်ပြည်သစ်ပါတီတို့လို အပစ်ရပ်စဲထားတဲ့အဖွဲ့ကိုတော့ သူတို့တွက်ထားသလို လုပ်မရတော့ နယ်ခြားစောင့်တပ်အဖြစ်
အသွင်မပြောင်းနိုင်ရင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းနိုင်မလားလို့ အကဲစမ်းကြည့်ပြန်ရော။ မွန်ပြည်သစ်ဘက်က ပြတ်ပြတ်သားသားပဲ ငြင်းလိုက်တော့ တော်တော်လေး မကျေမချမ်းဖြစ်သွားတာပေါ့။ မွန်ပြည်သစ်ပါတီဆိုတာက လည်း သာမာန်အဖွဲ့လေးမှ မဟုတ်တာ၊ အုပ်စိုးသူအဆက်ဆက်ကို ဆန့်ကျင်တော်လှန်လာခဲ့တဲ့ ၀ါရင့်နိုင်ငံရေး ပါတီကြီးပဲဟာ။ ဒါမျိုးသွားလုပ်လို့ မရဘူးလေ။ နိုင်ငံရေးရေချိန်က စကားပြောတာပေါ့။ သူတို့တွေ ဘာလုပ်ရင် ဘယ်ခြေလှမ်း လှမ်းတယ် ဘယ်အဆင့်ထိရောက်သွားမယ်ဆိုတာကို နိုင်ငံရေးအရ အတွေ့အကြုံအရ တွက်ချက် နားလည်သိတာပေါ့။

အပစ်ရပ်စဲထားတာ ကာလအားဖြင့် (၁၀) စုနှစ်တခုတောင် ကျော်လာခဲ့ပေါ့။ နိုင်ငံရေးအရတန်းတူရည်တူထားတွေ့ဆုံ ဆွေး နွေးတာ (၁၀) နှစ်ကျော် ၁၄နှစ်တာကာလအတွင်း တကြိမ်တခါမှ မရှိခဲ့ဘူးတဲဟာကို။ လက်နက်မရှိတော့တာနဲ့ သွားပြီဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားပြီးသားလေ။

ရေးမယ်ပြောမယ်ဆိုရင်တော့ အခြားအပစ်ရပ်အဖွဲ့တွေလည်း အများကြီး ကျန်ရှိပါသေးတယ်။ ဒီနေရာမှာ အားလုံးရဲ့ ဘုံတူညီချက်က နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာညှိနှိုင်းယူကြဖို့ပါ။တသဘော တည်းရှိကြပါတယ်။ နအဖဘက်ကသာ တဖက်သတ်ငြင်းဆန်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘက်က တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကို လုံးဝကို ပစ်ပယ်ထားတာပါ။ တွေ့ဆုံဆွေးနွေးချင်တဲ့ နိုင်ငံရေးအာသီသကို လုံးဝမရှိတာပါ။

၁၉၉၀ ခုနှစ် မေလရွေးကောက်ပွဲကနေ ပြည်သူလူထုကြီးက (၈၂)%နဲ့ တခဲနက်တပြိုင်နက် ရွေးချယ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကဆိုရင် မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းအရ စားပွဲဝိုင်းမှာထိုင်မျက်နှာ ချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို တစိုက်မတ်မတ် အစဉ်မပြတ် တောင်းဆိုနေလာခဲ့တာပါ။ နည်းသဏ္ဍာန် မျိုးစုံနဲ့ကို တလျှောက်လုံး တောင်းဆိုနေလာခဲ့တာပါ။ အခုနောက်ဆုံးထုတ်ပြန်တဲ့ “ ရွှေဂုံတိုင်ကြေညာချက်” ကိုကြည့် ရင်လည်း ဒီတောင်းဆိုချက်ကိုပဲ ထပ်ပြန်တလဲလဲ တွေ့မြင်ရမှာပါ။ ဒီကြေညာချက်မှာ အဖွဲ့ချုပ်ရဲ့ လက်ရှိရပ်တည်ချက် (၄) ချက်ကို ဖော်ပြထားပါတယ်။ ဒါတွေကတော့....

(က) အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊
(ခ) ပြည်သူ့လွှတ်တော်ပေါ်ပေါက်ရေး၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေး၊
(ဃ) တွေ့ဆုံဆွေးနွေးရေး စသည်တို့ ဖြစ်ပါတယ်။

ဒီ(ဃ)အချက်ဟာ မြန်မာပြည်ဒီမိုကရေစီရရှိရေး စနစ်ပြောင်းတော်လှန်ရေးကြီးမှာ တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား အင်အားစုအားလုံးနဲ့ ဒီမိုကရေစီအင်အားစုအားလုံးရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ဘုံရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတဲ့အချက် ဖြစ်ပါတယ်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တောင်းဆိုတိုက်တွန်းနေတဲ့ အချက်လည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်၊ သတင်းစာဆရာကြီးတဦးလည်းဖြစ်တဲ့နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာကြီး ဦးဝင်းတင်ကလည်း “ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးတောင်းဆိုချက်ကို လူထုအားနှင့် ထောက်ခံကြ ”လို့နှိုးဆော်တိုက်တွန်း ထားသလို လောလောဆယ်မှာတော့ ကျနော်တို့ခံယူချက်အပေါ် ဘယ်လိုမှ တွေဝေသံသယစိတ် တွေ မပွားကြပါနဲ့။ အဖွဲ့ချုပ်ဟာ ဗမာပြည်သူလူထုကြီး တိုက်ပွဲဝင်ရယူနေတဲ့ လွတ်လပ်ရေးကို အဓမ္မလုယူမယ့်၊ရှင်လမ်းမ ရှိအောင်ချို့ယွင်း ပျက်စီးနေတဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ သွေးကြောင်တွေဝေစွာနဲ့ ဒူးထောက်ပါဝင်မှာ မဟုတ်ပါဘူး။ ကျ နော်တို့ဟာထိတွေ့ ဆက်ဆံဖို့ အမြဲအသင့်ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့အသက်သွေးချွေးတွေ၊ဘဝတွေအများကြီး စွန့်လွှတ် ရင်းနှီးခဲ့ပြီးတဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဆွတ်ခူးရယူနိုင်ရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ဆိုရင်တော့အသင့်ရှိတာထက်တောင်ပိုပါ တယ်လို့ ဦးဝင်းတင်ကိုယ်တိုင် အင်္ဂလိပ်လို ရေးသားထားတဲ့ “ ကျင်းပဖို့မလိုတဲ့ ၂၀၁၀ရွေး ကောက်ပွဲ ”ဆိုတဲ့ဆောင်းပါး ထဲမှာ ထုတ်ဖော်ပြောကြားထားပါတယ်။
ဝါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းကလည်း ပြည်သူ့ဘက်ကို မျက်နှာမူကြဖို့နဲ့ ပြည်သူနဲ့ မကင်းကွာကြဖို့ကို မကြာသေးခင်လေးက အင်တာဗျူးတခုမှာ ထုတ်ဖော်ပြောကြားသွားပါတယ်။ ဘယ်သူ့ကိုမှ အားကိုးမနေဖို့၊ မမျှော် လင့်နေဖို့၊ စိတ်ကူးမယဉ်ကျဖို့၊ ကိုယ့်ကိစ္စကိုယ့်ဖာသာ ဖြေရှင်းကြဖို့ကို ပြတ်ပြတ်သားသားပဲ ဆော်ဩပြောကြားသွား ပါတယ်။ ကုလသမဂ္ဂတို့၊ လုံခြုံရေးကောင်စီတို့ကို လာဖြေရှင်းပေးနိုး စောင့်စားမျှော်လင့်နေကြမှာလား။ မိမိပြည်တွင်း ရေးကို မိမိတို့ကသာ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကြီးရဲ့ အံ့မခန်း စွမ်းပကားတွေနဲ့ တော်လှန်ပစ်နိုင်စွမ်းကို အခိုင်အမာ ပြတ်ပြတ်သားသား ယုံကြည်ကြရမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း ကျနော်တို့ အတိုက်အခံအင်အားစုများလို့ ခေါ်နေတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ အချိန်ရဲ့ တိုက်စားမှုအောက်မှာ ဖရိုဖရဲဖြစ်လာသံတွေ ကြားနေသိနေရပါတယ်။ ပြင်ပလေထုဖိအားကလည်း အသွေးအရောင် စုံ အနံ့မျိုးစုံနဲ့ တဒင်္ဂအရှိတရားကို ထာဝရအမှန်တရားအဖြစ် ထင်အောင်မြင်အောင်နည်းမျိုးစုံနဲ့ဖက်လှဲတကင်းဆွဲဆောင် ဖြား ယောင်းမှုတွေကလည်း တိုးလို့သာကြားနေရပါတယ်။ လက်ရှိနိုင်ငံရေးအနေအထားဟာအတိုက်အခံ အဖွဲ့အစည်း တိုင်းအတွက် သေနေတဲ့ နိုင်ငံရေးအနေအထားမျိုး မဟုတ်ပါ၊ နှေးကွေးနေတဲ့ အနေအထားမျိုးပါ။ စနစ်ပြောင်းတော်လှန် ရေးတရပ်မှာ အချိုးအကွေ့တွေ၊ အတက်အကျတွေ၊ တော်လှန်ရေးအီလာမှုတွေဟာ ရင်ဆိုင်ကြုံ တွေ့မဲ့ တော်လှန်ရေး ပကတိတရားတွေ ဖြစ်ပါတယ်။

အဲဒါကို တချို့သော ပြည်ပပညာရှိကြီးတွေ၊ တတိယအုပ်စုလို့ ခေါ်နေပြောနေကြတဲ့သူတွေက ရွေးစရာလမ်းမရှိတော့ ဘူး။ ဒါကြောင့် လတ်တလောအရှိတရားဖြစ်တဲ့ ၂၀၁၀ရွေးကောက်ပွဲကိုသာ အခွင့်အလမ်းတရပ်အဖြစ် ယူရမယ်ဆိုတဲ့စကားဟာ တရားသေ ကျလွန်းနေပါတယ်၊ မျှော်လင့်ချက်မဲ့ ဇွဲလုံ့လမရှိသူတို့ရဲ့ အလျှော့ပေးရေးဝါဒ၊ အညံ့ခံရေးအတွေး အခေါ်သာ ဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအတွေးအခေါ် ချွတ်ခြုံကျသူတွေရဲ့  ဖြစ်မြဲဓမ္မတာပါ။ စစ်ဝါဒီတွေ ဟာ နောက်ဆုံးခြေလှမ်းဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြီးစီးအောင် မရမက လုပ်နိုင်ကောင်း လုပ်နိုင်မယ်။ သို့ သော် ဒါဟာ ပြည်သူ့ အောင်ပွဲမဟုတ်၊ ဒီမိုကရေစီတိုက်ပွဲရဲ့  ဇာတ်သိမ်းခန်းလည်းမဟုတ်ဘူးဆိုတာ တတိယအုပ်စုဆိုသူတွေ ပညာရှင်ဆရာကြီးတွေ နားလည်ဖို့ လိုပါတယ်။ တကယ်နားမလည်တာ ဆိုရင်တော့ ကိုယ့်ကိုကိုယ် ငါဘာကောင်လဲ ဘာဖြစ်နေပြီလည်းဆိုတာ ပြန်ဆန်းစစ်တာ ကောင်းပါလိမ့်မယ်။ ၁၉၉၀ ရွေးကောက်ပွဲက ပြီးသွားပြီ၊ သမိုင်းဖြစ်သွားပြီ လက်တွေ့နဲ့မကိုက်ညီတော့ဘူး စသဖြင့် နအဖစစ်အုပ်စုရဲ့ ဘက်တော်သားအင်အားစုတွေက ရိုင်းရိုင်းစိုင်းစိုင်း ပြောနေ ကြသလို မဆလတဖြစ်လဲ တစညလိုပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲကို လေသံပြင်းပြင်းနဲ့ ဘယ်လိုနည်းနဲ့မှ အပျက်မခံဘူးဆိုပြီး ခြိမ်းခြောက်သလို လုပ်နေပြန်ပါတယ်။
ဒါပေမဲ့လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP)အတွင်းရေးမှူးလည်းဖြစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး လည်းဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်လည်းဖြစ်၊ ဇိုမီးအမျိုး သားကွန်ကရက်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဦးပူကျင့်ရှင်းထန်တို့ရဲ့ ဒီ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားက လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ထုတ်ပြန်ထားတဲ့ “ ရွှေဂုံတိုင်ကြေညာချက်”ရဲ့ အနှစ်သာရဖြစ်တဲ့တွေ့ ဆုံဆွေးနွေးရေး နည်းလမ်းကသာ တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်နိုင်မှာပဲ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင် ဖျက်သိမ်းရေးတိုက်ပွဲအတွက် မိမိကိုယ်ကို အတွေးအခေါ်အရ ကြံ့ခိုင်တောင့်တင်းရေး၊ကိုယ်ခံ အားကောင်းရေးတို့အတွက် လေ့ကျင့်ပြင်ဆင်သွားကြရပါမယ်။ အင်အားစုတွေအားလုံးအကြား စည်းလုံး ညီညွတ်ရေးကို အထူးအာရုံစိုက် လုပ်ဆောင်သွားကြရမဲ့အချိန်၊ ကာကွယ်သွားကြရမဲ့ကာလ ဖြစ်ပါတယ်။

ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ၂၀၀၈ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာဟာကို အစွမ်းကုန် တိုက်ဖျက် ပစ်ကြဖို့သာ ရှိတော့မှာပေါ့။ မီးကုန်ယမ်းကုန် အားစိုက်ရုန်းကန် ထကြွကြရတော့မှာပဲ။ နောက်ဆုံး ပြည်သူ့အင်အား စွမ်းပကားနဲ့သာ နိုင်ငံရေးအာဏာ အပြောင်းအလဲကို ဖော်ဆောင်ကြရတော့မှာပဲ။ ဘယ်နိုင်ငံတိုင်းပြည်မှာမဆို ပြည်သူ့ အင်အားနဲ့သာ အုပ်စိုးသူလူတန်းစားရဲ့လက်ထဲ ရောက်နေတဲ့ နိုင်ငံရေးအာဏာကို အုပ်စိုးခံလူတန်းစားတွေရဲ့ ပြည်သူ့ အင်အားစွမ်းပကားနဲ့သာ အဆုံးသတ် ပြောင်းလဲစေနိုင်ခဲ့တာပဲ မဟုတ်ပါလား။ ဒါကိုက ပကတိအမှန်တရားပဲ မဟုတ် ပါလား။

မိမိပြည်တွင်းရေးကို မိမိဘာသာ ဖြေရှင်းရုံမှတပါး တခြားနည်းလမ်း မရှိဘူးပါဘူး။ အဲဒါကြောင့် ပြည်တွင်းက စစ်အုပ်စု အောက်မှာ လူမှုဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်းကျိတ်မှိတ်ခံနေကြရတဲ့ အလုပ်သမား၊ လယ်သမား၊ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်များ၊ အမှုထမ်းပေါင်းစုံနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသားပြည်သူလူထုကြီးတရပ်လုံးကို ဆက်လက်မှီခို စည်းရုံးလုပ်ဆောင်ရင်း အမျိုးသားပြည်သူလူထုကြီးနဲ့ အတူတကွ လက်တွဲတိုက်ပွဲ ဝင်နိုင်ရေးမဟာဗျူ ဟာနည်းလမ်းတွေကိုသာ ဆထက်ထမ်းပိုး အားထုတ်ကြိုးပမ်း ရုန်းကန်ရှာဖွေသွားကြရမှာပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာလည်း တပ်မတော်ရဲ့ အောက်ခြေတပ်မှူးတပ်သားများအကြား ပြည်ချစ်တပ်မတော်သားများ ပေါ်ထွန်း လာရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်စည်းရုံးသွားရေးကိုလည်း အထူးအာရုံစိုက်သွားရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေကို အားထုတ်လုပ်ကိုင်ထားရုံမှလွဲလို့ ကျနော်တို့ဟာ ဘာမှတွေဝေ စဉ်းစားနေစရာ မလိုပါဘူး။ အံ့ဩ တကြီး ဖြစ်နေစရာ မလိုပါဘူး။ ပြည်သူလူထုကြီးကို စည်းရုံး ပြည်သူ့အင်အားကို တည်ဆောက်ပြီး ဒီပြည်သူ့အင်အား နဲ့ပဲ နအဖစစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲကို ဖျက်ဆီးပစ်ပြီး အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးစားပွဲဝိုင်းကို တက်လှမ်းသွားရမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ တခုတည်းသောထွက်ပေါက် မဟုတ်ဘဲ တင်္ဒဂအရှိတရားတခုသာဖြစ်ပါ ကြောင်းနဲ့ “ ရွှေဂုံတိုင်ကြေညာချက်” ရဲ့ အနှစ်သာရပိုင်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကသာ အမှန်တကယ့် ထာဝရအရှိတရား ဖြစ်တယ်ဆိုတာကို တင်ပြလိုက်ရပါတယ်။

No comments: