Friday, October 2, 2009

ပစ်ခတ်မှုတခုကြောင့် ရွာသား ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ကန္တာရ၀တီတိုင်း(မ်)/ အောက်တိုဘာ ၁၊ ၂၀၀၉

ကရင်နီပြည် လွိုင်ကော်မြို့အထွက် ဒေါတခြားနှင့် ပါလောင်းကျေးရွာ အကြားတွင် စက်တင်ဘာလ ၂၆ ရက်နေ့က ပစ်ခတ်မှုတခုကြောင့် ရွာသား ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်မှုကြောင့် လွိုင်ကော် မင်းစုရပ်ကွက်မှ စောဌေး အသက် (27) နှစ်၊ အငယ်လေး (ခေါ်) ထက်ထက်ဟိန်းဝ အသက် (25) နှစ်၊ မောင်ရှုပ် အသက် ( 29) နှစ်၊ ချိကယ် ထျေးသမရပ်ကွက်မှ မထွေးမြာ အသက် 15 နှစ်နှင့် ခလရ ၂၅၀ မှ စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူ တဦးကပြောသည်။
၎င်းက “အလောင်းတွေက ခေါင်းတစ်နေရာ လက်တစ်နေရာနဲ့ အိမ်တောင်ယူလာလို့မရပဲ ဖြစ်တဲ့နေရာမှာပဲ မြုပ်လိုက်ရတယ်” ဟုပြောသွားပါသည်။

ဒဏ်ရာရသူများထဲမှ လင်မယာနှစ်ဦးသည် အမျိုးသားဖြစ်သူ ကျော်စိုးမိုးမှာ ဘယ်ဖက် လက်မောင်းတွင် အရိုးသာကျန်ကာ၊ အမျိုးသမီး ဖြစ်သူ မသိန်းအေးမှာမူ အူပွင့်သွားကာ ယခုတွင် လွိုင်ကော် အရေးပေါ်ခန်းတွင် ဆေးကုသမှု ခံယူနေရသည်။
ထုံးဖုတ်ရန်အတွက် ထင်းခုတ်သွားသော ထော်လာဂျီပေါ်တွင် စက်မောင်းသမား ၁ ဦး၊ စပယ်ယာ ၁ ဦး၊ နေ့စားအမျိုးသား ၄ ဦးနှင့် မြစ်ချိုးရန်လိုက်ပါသည့် အမျိုးသမီးတဦး၊ တောင်ယာ သွားမည့် ထျေးသမရပ်ကွက်မှ အမျိုးသမီး၂ဦး၊ လမ်းကြုံလိုက်စီးသည့် ဒေါတခြား ရွာသား ၂ ဦးနှင့် စစ်သား ၄ ဦး၊ စစ်ဗိုလ်တဦး ပါရှိပါသည်။
ခလရ ၂၅၀ မှစစ်သားများသည် ဒေါတခြား ဒီးကူပွဲသို့ သွားရောက်လည်ပတ်ကာ ပါလောင်းရှိ တပ်ရင်းသို့ပြန်ရန် နောက်ကျကာ ထိုထော်လာဂျီအား တား၍စီးခြင်းဖြစ်သည်။
“စစ်သားကိုတော့ မကြောက်ဘူး လက်ထဲမှာ သေနတ်ကြီး ကိုင်ထားတာဆိုတော့ မစီးနဲ့လို့ မပြောရဲကြဘူး။ သူတို့စီးရင် အဲဒီလို ဖြစ်နိုင်တယ်ဆိုတာလည်း သိတယ်။ သူတို့တက်ပြီး ဘယ်လောက်မှ မကြာဘူး အပစ်ခံရရော” ဟု ဒဏ်ရာရရှိသူ တဦးကပြောသည်။
မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ပစ်ခတ်သည်ကို စုံးစမ်းသိရှိနိုင်ရန် အခင်းဖြစ်သည့် နေရာတစ်ဝိုက်သို့ ခလရ ၄၆၁ မှလာရောက်ထိမ်းထားပြီး အနီးအနားရှိရွာသားများ လုံခြုံရေးတင်းကျပ်မှုကြောင့် အိမ်ပြင်မထွက်ရဲဘဲရှိနေကြသည်ဟု ဒေသခံတဦးက ပြောသည်။

No comments: