Saturday, November 21, 2009

လက်နက်ကိုင်အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမည့်အပေါ် ကေအဲန်ယူ ကြိုဆို

နိုဝင်ဘာလ ၁၉ရက်။
စောခါးစူးညား (ကေအိုင်စီ)
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(ယူအဲန်အိပ်ခ်ျစီအာရ်)က အိန္ဒိယနိုင်ငံကလကတ္တား အကျဉ်းထောင်တွင် နှစ် ရှည် ထိန်းသိမ်းခံရသည့် မြန်မာလက်နက်ကိုင်အဖွဲ့ဝင် ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံရန် စဉ်းစားခဲ့သည့် အပေါ် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က ကြိုဆိုလိုက်သည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ဒီလိုဖြစ်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ သူတို့တွေဟာ ဘာအပြစ်မှ ရှိတာမှမဟုတ်တာ။ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ပြစ်မှုတွေ တခုမှမရှိဘူး။ အိန္ဒိယဥပဒေအရ ကြည့်မယ်ဆိုရင်လည်း ဘာတခု မှ ချိုးဖောက်ခဲ့တာ မရှိဘူး။ ဒါကြောင့် ဒီလိုပဲ ဖြစ်ရမှာပဲ”ဟု ကေအိုင်စီကို ပြောသည်။ ထို့အပြင် ၎င်းတို့ကို အိန္ဒိယအစိုးရက အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ နှစ်ရှည်အထိန်းသိမ်းခံရသည်က တကြောင်း၊ တရားလို ဘက်မှလည်း တရားစွဲရန် ခိုင်လုံသည့် အထောက်အထားများ မရှိသည့်အပေါ် ယခု အမှုသည် ပြီးဆုံးသင့်သည်မှာ ကြာပြီဖြစ် ကြောင်း သူက ဆက်လက်ပြောဆိုသည်။

ကရင်နှင့် ရခိုင်လက်နက်ကိုင် အကျဉ်းသား ၃၄ဦးကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် နယူးဒေလီမြို့ရှိ ယူအဲန်အိတ်ခ်ျစီ အာရ်ရုံးသို့ တင်ပြမှုများရှိခဲ့ပြီး အသိအမှတ်ပြု စာရွက်စာတမ်းများ ထုတ်ပေးပြီဖြစ်သည်ဟု သိရသည်။
နအဖ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် ရခိုင်ပြည်အမျိုးသားညီညွတ် ရေးပါတီ(အဲန်ယူပီအေ) တပ်ဖွဲ့ဝင် ၄၀ဦးတို့သည် ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် အိန္ဒိယပိုင်နက် ဂရိတ်နီကိုဘာကျွန်းစု ထဲမှ လန်းဖောလ်ကျွန်း(Landfall)တွင် လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်ထားရှိမှု၊ ဖောက်ခွဲရေးပစ္စည်းများ လက် ဝယ်ထားရှိမှု၊ နိုင်ငံခြားသား အက်ဥပဒေအရ အိန္ဒိယနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုတို့ဖြင့် အိန္ဒိယရေတပ် စစ် ထောက်လှမ်းရေးမှ ဖမ်းဆီးခဲ့သည်။
၎င်းတို့အထဲမှ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ခိုင်ရာဇာ၊ ပဒိုမူးရယ် အပါအ၀င် အဖွဲ့ခေါင်းဆောင် ၆ဦးကို သတ်ဖြတ်ခဲ့ကြပြီး ကျန်ရှိသည့် ကေအဲန်ယူအဖွဲ့ဝင် ၁၁ဦးနှင့် အဲန်ယူပီအေအဖွဲ့ဝင် ၂၃ဦး စုစုပေါင်း ၃၄ဦးကို ဂရိတ်နီကိုဘာကျွန်းစုများရှိ ပို့ဘလဲ ယားကျွန်းသို့ စွဲချက်တင်ပို့ဆောင်ကာ အမှုရင်ဆိုင်စေခဲ့သည်။
အိန္ဒိယနိုင်ငံရှိ ဗဟိုထောက်လှမ်းရေးဗျူရို(စီဘီအိုင်)က အဆိုပါအကျဉ်းသားများကို ၆နှစ်ကြာ တရားစွဲဆိုခြင်းမရှိဘဲ ထိန်းသိမ်း ထားကာ ၂၀၀၆ခုနှစ်မှသာ ကာလကတ္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ အိန္ဒိယထောက်လှမ်းရေးအဖွဲ့သည် မြန်မာစစ် အစိုးရ၏ ခိုင်းစေမှုကြောင့် ၎င်းတို့ကို အကွက်ချကာ ကြံစည်ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု အမှုသည်များက တရားရုံးတွင် ထွက်ဆိုသွားခဲ့သည်။
အဲန်ယူပီအေ၏ ပြောကြားချက်အရ ထိုသူများအား လမ်းဖောလ်ကျွန်းကို အိန္ဒိယဘက်က အသုံးပြုခွင့်ပေးပြီး တရုတ်ရေတပ် လှုပ်ရှားမှုကို အပြန်အလှန် ထောက်လှမ်းပေးပို့ပြီး အခြေချစခန်း တည်ဆောက်ရန် အိန္ဒိယစစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးတ ဦးနှင့် သဘောတူညီချက်ရှိထားသည့်အပေါ် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိလာရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ကရင်နှင့် ရခိုင် အကျဉ်းသားများ၏အမှုကို လွန်ခဲ့သည့် နိုဝင်ဘာ ၁၁ရက်နှင့် ၁၂ရက်နေ့၌ အိန္ဒိယနိုင်ငံ ကလကတ္တား မြို့ရှိ ပရက်စီဒင်စီ(Presidency) တရားရုံးတွင် ကြားနာခဲ့ရာ လာမည့် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက် ပေးရမည်ဖြစ်ပြီး စီရင်ချက်ကို ၂၀၁၀ ဇန်န၀ါရီမှသာ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

No comments: