Thursday, November 19, 2009

(၅၄)ကြိမ်မြောက် ကရင်ပြည်နယ်နေ့..နိုဝင်လာ(၇)ရက်


Posted by saw
ကရင်ပြည်နယ်နေ့



နိုဝင်ဘာလ(၇)ရက်နေ.သည် ကရင်ပြည်နယ်(ကော်သူးလေ)နေ.ဖြစ်သည်။ ကရင်ပြည်နယ်နေ.ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။

ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကိုကရင်ပြည်နယ်အဖြစ် ပထမအဆင့်သတ်မှတ်ခဲ့သည်။
၁၉၅၄ ခုဇွန်လ(၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့်
ဘားအံ၊သံတောင်၊လှိုင်းဘွဲ့ မြို့မျာနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ(၁)ရက်နေ.တွင်ကြာအင်းဆိပ်ကြီး၊ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။
ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း(၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း(၄၆၄)ရွာနှင့် လူဦးရေ(၆၀၀၀၀၀)ခြောက်သိန်းခန့်ရှိလေသည်။၁၉၅၆ခုနှစ် ဖေဖော်ဝါ၇ီလ(၂၅)၇က်နေ.တွင် ကျင်းပသော(စုဒ္ဒသမ)
၁၄-ကြိမ်မြောက်ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေး အဆိုကိုတင်သွင်းရန်
သတ်မှတ်ခဲ့လေသည်။

ကရင်ပြည်နယ်နေ.ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။

(၁)သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက
အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ(၇)ရက်နေ့။
(၂)ဘာအံ၊လှိုင်းဘွဲ့၊သံတောင် မြိုနယ်များကို ပထမအကြိမ်
ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည်။ ဇွန်လ-၁ရက်နေ.။
(၃)ကြာအင်းဆိပ်ကြီး၊ကော့ကရိတ် မြို.နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ် အတွင်းပေါင်းစည်းခဲ့သည်။
ဇူလှိုင်လ-၁ရက်နေ.။
ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။

(၁)ဇွန်လ-၁ရက်နေ့နှင့် ဇူလှိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသွန်းသော မိုးရာသီရက်များ
ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂)နိုဝင်ဘာ-၇ ရက်နေ.သည် ရာသီဥတုသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့်
အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃)ထိုနေ့(နိုဝင်ဘာ-၇)ရက်တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ(၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။

၁၉၆၄ ခုနှစ် ဧပြီလ(၃)ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း(၁၁.၀၉၁)တသောင်းတထောင်ကိုးဆယ်တစ်မိုင်ရှိသည်။

ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊မြောက်ဘက် လတ္တီကျု့ ဒီဂရီ၁၅.၁၅(ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက်လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက်ရှည်လျားစွာ တည်ရှိနေသည်။ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊အရှေ.မြောက်ဘက်တွင်ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်၊အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏လက်တက်သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊တောင်ဘက်တွင် ကျိက္ခမီခရိုင်တွင် ပါ

ဝင်သော ရေးမြို့နယ်၊အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို.နယ်များ၊

သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊သထုံနှင့် ပေါင်မြို့နယ်များ၊ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊မုဒုံ၊ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။


ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊မြို.နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊လှိုင်းဘွဲ(၁၇၆၄)၊ဘားအံ(၁၀၀၇)၊ကော့ကရိတ်(၁၉၆၃)၊ကြာအင်းဆိပ်ကြီး(၁၂၃၈)၊

သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။ ကရင်ပြည်နယ်၏မြို.တော်သည် ဘားအံ မြို.ဖြစ်သည်။

ကရင်ပြည်နယ်အလံ

(၁)အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂)အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တပုံနေရာတွင် ကြယ်ဖြူတလုံး၊ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။

(၃)အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံ အငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုစုံဖြစ်ပေသည်။

အဓိပ္ပါယ်နှင့်အနှစ်သာရ

(၁)အလံ၏ လက်ဝဲဘက် သုံးပုံတပံနေရာ တိမ်ထဲမှ ကြယ်ကြီးတလုံးမှာ
ပြည်ထောင်စုထဲမှ ပြည်နယ်တခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။

(၂)အပြာရောင်သဘောမှာ တည်ကြည်၊နက်နဲ၊ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။

(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။

(၄)အနီရောင်၏ သဘောမှာမူ ရဲ.ရင့်ခြင်း၊သတိရှိခြင်း၊ဇွဲကောင်းခြင်း၊သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ် အလံအကြောင်းဖြစ်သည်။

ကရင်ပြည်နယ်တံဆိပ်

(၁)အလယ်တွင် ဘားစည်မျက်နှာပြင်နှင့် သီလ၊သမာဓိ၊သစ္စာ အမှတ်အသား
စာလုံးများရေးသားထားသည်။
(၂)လက်ျာဘက်တွင် ဆင်ရုပ်တုတခု၊။
(၃)လက်ဝဲဘက်တွင် ဆင်ရုပ်တုတခု၊။
(၄)ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တခု။
ဤအမှတ်သား၊ဤစာသား၊ဤအခြင်းအရာများပါရှိသော တံဆိပ်သည်။ ကရင်ပြည်နယ် တံဆိပ်ဖြစ်သည်။

အဓိပ္ပါယ်အနှစ်သာရ

(၁)တံဆိပ်၏အလယ်မှ ဘားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမှုဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမှုပစ္စည်းဖြစ်ခြင်း။
(၂)သီလ၊သမာဓိ၊သစ္စာစာလုံးများ၏အဓိပ္ပါယ်မှာကရင်အမျိုးသားများသည်အကျင့်သီလပြည့်စုံကောင်းမွန်ခြင်း၊

ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊သစ္စာရှိခြင်းစသောအရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃)တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကိုဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄)တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမူ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင်
ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။
အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့ စာအုပ်မှဖော်ပြပါသည်။


မူရင်း။ ။ကရင်အမျိုးသား မိတ်သဟာယ(ကိုးရီးယား)မှ ပြန်လည်ဖော်ပြပါတယ်။ ဘာပဲဖြစ်ဖြစ် သမိုင်းဆိုတာ သိထားသင့်ပါသည်။ အရင်က ဒီကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကို မသိခဲ့ရိုး အမှန်ပါ။ ဘာကြောင့်ဖြစ်ပေါ်လာသည်ကိုလည်း မသိခဲ့ပါ။ ခုမှ ကောင်းကောင်းသိခွင့်ရလိုက်ပြီ ဒါကြောင့် မသိသေးတဲ့ သူများရှိရင် ဗဟုသုတအဖြစ် သိရှိနိုင်အောင် တင်ပြလိုက်ပါတယ်။ ရှေ့သမိုင်းကို သိမှ နောင်လာမည့် သမိုင်းကို ကောင်းကောင်းရေးနိုင်မည်ဟု ယုံကြည်မိပါသည်။ကျေးဇူးလည်း အများကြီးတင်ပါတယ်နော့်..။

No comments: