ကရင်ပြည်နယ် မြ၀တီမြို့ ရဲစခန်းတွင် ထိန်းသိမ်း ထားသော လိုင်စင်မဲ့ကား ၂၈ စီး အမှုနှင့် ပတ်သက်၍ ပြဿနာများ ဖြစ်ပွား ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်စောကျော်သက်ကို ပြန်ပေး လိုက်ကြောင်း သိရသည်။
အဆိုပါ ပြဿနာသည် ပြီးခဲ့သည့် အင်္ဂါနေ့ ညနေပိုင်းက ဗိုလ်စောကျော်သက် ဦးဆောင်သော တပ်ဖွဲ့ ဝင်များသည် ဖမ်းဆီး ထားသောကားများကို ပြန်လိုချင်သည့် အတွက် ယင်း ရဲစခန်းသို့ သွားရောက် စီးနင်းခဲ့ရာမှ နအဖ စစ်သားများနှင့် ထိပ်တိုက် ရင်ဆိုင် တင်းမာမှုတရပ် ဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးထားသော ကားများကို ပြန်ပေးလိုက်ခြင်းဖြစ်သည်ဟု DKBA နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။
တင်းမာမှု ဖြစ်ပွားသည့် နေ့တွင် DKBA တပ်ဖွဲ့ဝင်များက လက်နက်မျိုးစုံကိုင်ဆောင်ကာ ကား ၃ စီးဖြင့် ရောက်ရှိလာပြီး ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးသို့ ၀ိုင်းထားခဲ့ရာ နအဖ တပ်က ကား ၄ စီး ဖြင့်ရောက်ရှိလာပြီး DKBA တပ်ဖွဲ့ဝင်များကို ပြန်လည် ၀ိုင်းခဲ့ခြင်း ဖြစ် သည်။
ဗိုလ်စောကျော်သက်၏ ကားများကို ယခုလ ၂၀ ရက်နေ့က သင်္ကန်းညီနောင် စစ်ဆေးရေးဂိတ်တွင် အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။ သိမ်းဆည်းထားသော ကားများထဲတွင် ကျပ် သိန်းထောင်ချီ တန်သော ဂျပန်နိုင်ငံလုပ် တပတ်ရစ် စလွန်း ကားများ ပါဝင်ကြောင်း DKBA နှင့် နီးစပ်သူက ဆိုသည်။
ဗိုလ်စောကျော်သက်အဖွဲ့သည် စီးပွားရေး အဓိက လုပ်နေသော အဖွဲ့  တဖွဲ့ ဖြစ်ပြီး စစ်အစိုးရက ကမ်းလှမ်းထားသည့် နယ် ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသေးသော တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းလည်း သိရသည်။
DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းက လက်ခံခဲ့ကြသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ DKBA ထိန်းချုပ်ထားသော ၉၉၉ ဂိတ်များကို စစ်အစိုးရတပ်များက သြဂုတ်လ အစောပိုင်းတွင် DKBA အလံများကိုပါ ဖြုတ်ချ၍ မြန်မာနိုင်ငံ အလံကို လွှင့်တင်ခဲ့သည်။ ၉၉၉ ဂိတ်အမည်ကိုလည်း ဒေါနတောင် ဂိတ်ဟု ပြောင်းလဲခဲ့ သည်။
နယ်ခြားစောင့်တပ်ကို DKBAအများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များ တွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယင်း အစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။
တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအစီအစဉ်ကို စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ အတွင်းက စတင်ခဲ့ခြင်းဖြစ်သည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ကာ တဖြည်းဖြည်း အင်အား ကြီးမား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။
၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိ သည်။
No comments:
Post a Comment