Thursday, September 23, 2010

KNU နှင့် စစ်အစိုးရတိုက်ပွဲ စစ်အစိုးရဖက်မှ လေးဦးသေ ခုနှစ်ဦး ဒဏ်ရာရ

Tuesday, 21 September 2010 01:29
ဇော်ကြီး။
စက်တင်ဘာလ ၂၀ ရက်၊ ၂၀၁၀ ခုနှစ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်အစိုးရတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ လေးဦးသေ၍ ခုနှစ်ဦး ဒဏ်ရာရသည်။

KNU တပ်မဟာ(၇) လက်အောက်ခံ တပ်ရင်း (၂၁)နှင့် စစ်အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ(၃၄၃)တို့ ယနေ့မွန်း တည့်ချိန်က ကဘားထ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်မဟာ(၇)ခရိုင်ဥက္ကဌ ဖဒိုစောအောင်မော် အေးက ယခုလိုပြောသည်။

“လေးယောက်ကျပြီး ခုနှစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အထဲမှာတော့ တစ်ပွင့် တစ်ယောက် ပါတယ်ပေါ့နော်။ သေတဲ့အထဲမှာတော့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ ဒုတပ်ကြပ် တစ်ယောက်ပါတယ်။”

လွန်ခဲ့သည့် ငါးရက်ခန့်က ဒေါနတောင်ခြေအနီးတွင် တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် စစ်အစိုးရတပ်မှ နယ် မြေရှင်းလင်းရေးလုပ်ဆောင်သည့်တပ်ဖွဲ့နှင့် ယခုလို ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။



“အဲဒီဒေါနတောင်ခြေမှာ ကျနော်တို့နဲ့တောင် တိုက်ပွဲတစ်ခါဖြစ်လိုက်သေးတယ်။သူတို့ဖက်က နယ်ခြား စောင့်တပ်ကတောင်မှ တစ်ယောက်ကျသွားသေးတယ်။ အဲဒီအဆက်နဲ့ သူတို့က ဆက်သွားနေတာပေါ့ နော်။ ဆက်သွားတော့ ကျနော်တို့ အဖွဲ့နဲ့ ထပ်တိုးလို့ ထပ်ဖြစ်သွားတာ။”

မနက်ဖြန်တွင် ကျရောက်မည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် KNU က စစ်အစိုးရနှင့် တစ်ရက်တာ ယာယီအ ပြစ်ခတ်ရပ်စဲရန် ကြေငြာချက် ထုတ်ပြန်တောင်းဆိုထားသော်လည်း ဒေသတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား ခဲ့သည်။

တစ်ရက်တာ ယာယီအပစ်ခတ်ရပ်စဲရေးကို KNU ဖက်မှ တစ်ဖက်သတ်ပြုလုပ်ခြင်းသာဖြစ်ပြီး အကယ်၍ စစ် အစိုးရတပ်မှ စစ်ရေးအရလှုပ်ရှားလာပါက ပြန်လည်တိုက်ခိုက်သွားမည်ဟု ယခုလ(၁၅)ရက်နေ့က KNU ၏ ထုတ်ပြန်ကြေငြာချက်၌ ဖော်ပြထားသည်။

လတ်တလောအခြေအနေအရ ဒေသတွင်းစစ်အင်အားတိုးမြှင့်လာခြင်း မရှိသေးသော်လည်း လာမည့် အောက်တို ဘာလ (၇) ရက်နေ့တွင် စစ်အစိုးရက ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးများဆင်နွဲရန် သတင်းများထွက်ပေါ် နေကြောင်း ဖဒိုစောအောင်မော်အေးက ပြောသည်။

ယခုလ (၁၃) ရက်နေ့မှ(၁၅)ရက်နေ့အတွင်း မြ၀တီမြို့တောင်ဖက်ရှိ ဝေါ်လေဂွင်အတွင်း စစ်အစိုးရတပ်နှင့် KNU တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ ဗိုလ်မှူးတစ်ဦးအပါအ၀င် ရဲဘော်အများအပြား ကျဆုံးဒဏ်ရာရခဲ့သည်ဟု ကရင်သတင်းစဉ်သတင်းတစ်ရပ်၌ ဖော်ပြ ထားသည်။

No comments: