Wednesday, June 15, 2011

အကယ်ဒမီ နွဲ့နွဲ့မူ ကွယ်လွန်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၀ မိနစ်

မဇ္ဈိမသတင်းဌာန ။ ။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်နွဲ့နွဲ့မူ (ခေါ်) ဒေါ်မြသန်းနွဲ့သည် အသက် ၆၁ နှစ်အရွယ် တနင်္လာမနက် ၅ နာရီကျော်တွင် ရန်ကုန်အထွေထွေဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရသည်။

ရုပ်ရှင် မျိုးရိုးစဉ်ဆက်ဖြစ်သည့် သရုပ်ဆောင် မင်းသမီးကြီး ဒေါ်သိန်းရှင်၏ သမီးဖြစ်ပြီး သရုပ်ဆောင်
ဒေါ်ကြည်ကြည်ဌေး၏ တူမလည်း ဖြစ်သည်။

“သမန်းကျား” ဆိုသည့် ရုပ်ရှင်ဇာတ်ကားဖြင့် အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး “နော်ကူးမ” ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။

ဒေါ်နွဲ့နွဲ့မူ၏ အနုပညာပိုင်းနှင့် ပတ်သက်ပြီး ဒါရိုက်တာ ဦးကြည်စိုးထွန်းက “သရုပ်ဆောင်တဲ့နေရာမှာ သဘာဝကျကျ သရုပ်ဆောင်တယ်၊ ကြိုးကြိုးစားစားလည်း သရုပ်ဆောင်တယ်။ နောက် မင်းသမီးထဲမှာဆိုရင် သူက တခြား မင်းသမီးတွေလို သိပ်မလှဘူး၊ နည်းနည်းလည်း ဝ တယ်။ ဒါပေမဲ့ စိတ်သွင်းပြီး သရုပ်ဆောင်တတ်တယ်၊ သူက” ဟု ပြောသည်။

အနုပညာ ရုပ်ရှင် သရုပ်ဆောင်သင်တန်းနှင့် ယဉ်ကျေးမူ တက္ကသိုလ်တွင် အနုပညာသရုပ်နှင့်ပတ်သက်ပြီး အနုပညာ သင်ကြားခဲ့သည်။

နာရေးကူညီမူ အသင်းမှ ဦးကျော်သူက “ဒေါ်နွဲ့နွဲ့မူနဲ့ ဗီဒီယိုကား ရိုက်ဖူးတယ်။ “စွန့်စွန့်စားစား” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ကျနော်က ကရင် KNU ရဲဘော်လုပ်တယ်။ အဲဒီမှာ ကျနော့်အမေအနေနဲ့ သရုပ်ဆောင်ရတာပေါ့နော်။ သူက ကရင်အမျိုးသမီး၊ ကျနော့် အမေလုပ်ရတယ်” ဟု ပြောသည်။

“နော်ကူးမ” ရုပ်ရှင်ဇာတ်ကားတွင် အတူတူ သရုပ်ခဲ့သူလည်းဖြစ်၊ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည့် အကယ်ဒမီ ဦးထွန်းထွန်းဝင်းက “ဦးတို့ လုပ်ဖော်ကိုင်ဘက်တွေဆိုတော့ တော်တော်လေးကို စိတ်မကောင်းပါဘူး။ နော်ကူးမ၊ ငယ်ကျွမ်းဆွေတို့ပေါ့နော်။ စံရွှေမြင့်၊ လေးခင်ခင်တို့ အများကြီးပဲ ရိုက်ခဲ့ကြတာပေါ့နော်။ အနုပညာရှင် အနေနဲ့ နှမြောတာပေါ့နော်၊ တကယ်တော်တဲ့ မင်းသမီးတယောက်ပါ” ဟု ဆိုသည်။

“အနုပညာနဲ့ပတ်သက်လို့ အနုပညာမာန အရမ်းကြီးတယ်။ သူ့အနုပညာကို သူ အရမ်းတက်မက်တယ်၊ တန်ဖိုးထားတယ်။ အဲဒါလေးတခုကတော့ သူ့ရဲ့ ထူးခြားတဲ့ အချက်ပါပဲ” ဟုလည်း သူက ပြောသည်။

ဗုဒ္ဓဟူးမနက် ၁၁ နာရီတွင် စမ်းချောင်းမြို့နယ်ရှိ ခရစ်ယာန်အသင်းတော်မှာ ဝတ်ပြုဆုတောင်းပြီး ရေဝေးရှိ ခရစ်ယာန် သုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်သည်။

ကွယ်လွန်ချိန်တွင် မြေး ၃ ဦးနှင့် တူ၊ တူမ ၁၆ ဦးနှင့် သားတဦး၊ သမီးတဦး ကျန်ရစ်ခဲ့သည်။

No comments: