Sunday, July 17, 2011

ဆရာတော် ဦးပညာသာမိ ၅၁နှစ်ပြည့် မွေးနေ့မင်္ဂလာပွဲ ကျင်းပပြီးစီး

ဇူလိုင်လ ၁၅ရက်။ စောညွှန့်သောင်း (ကေအိုင်စီ)
တောင်ကလေးကျောင်းတိုက် မုခ်ဦးဝင်ပေါက်
ယမန်နေ့က သက်တော် ၅၁နှစ်ပြည့်မြောက်သည့် တောမှီရဟန်းတစ်ပါးဖြစ်သူ တောင်ကလေးဆရာတော် ဦးပညာသာမိ၏ မွေးနေ့မင်္ဂလာပွဲကို ဖားအံမြို့အရှေ့ဘက် တောင်ကလေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ မွေးနေ့မင်္ဂလာပွဲကို အကျဉ်းချုံး ကျင်းပခြင်းသာဖြစ်ပြီး ဖားအံနှင့် လှိုင်းဘွဲမြို့နယ်နှစ်ခုမှ လူထုပရိဿတ်များ လာ ရောက်အားပေး ချီးမြှင့်ခဲ့ကြသော်လည်း အစိုးရဌာနဆိုင်ရာ အရာရှိများ လာရောက်ခြင်းမရှိကြောင်း သွားရောက်ခဲ့သူများက ပြောသည်။

“ဒီနှစ် ဆရာတော်မွေးနေ့က အဖြစ်သဘောလောက်သာ လုပ်ကြတာ။ ခါတိုင်းနှစ်လို မဟုတ်ဘူး။ ဆရာတော်လည်း ကြီးကြီး ကျယ်ကျယ် မလုပ်စေချင်ဘူး။ အထိမ်းအမှတ်လောက်ပါ။ ရပ်ဝေးကလူတွေလည်း သိပ်မလာဖြစ်ဘူး။ ဖားအံနဲ့ လှိုင်းဘွဲနယ် လောက်သာ လာကြပါတယ်။ အစိုးရဋ္ဌာနဆိုင်ရာ လူတွေလည်း သိပ်မတွေ့ဘူး။”ဟု ပြောသည်။

ယခုနှစ် ဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတွင် ထူးခြားမှု အနည်းငယ်ရှိကြောင်း ရွာခံတစ်ဦးက အခုလို ပြောဆိုလိုက်သည်။
ဆရာတော်မွေးနေ့ လာရောက်သည့် ဓမ္မစင်္ကြာအဖွဲ့များ
သူက “ဒီနှစ်မွေးနေ့မှာ ထူးခြားတာကတော့ ဆရာတော်ရဲ့ ဓမ္မာရုံအရှေ့မှာ ထိုင်စောင့်နေတဲ့ပုံ ခွေးရုပ်နှစ်ကောင်ကို ထားထား တယ်။ ပြီးတော့ နွားနှစ်ကောင်လည်း မွေးထားသေးတယ်။ နွားတွေကတော့ အရှင်တွေပါ။ အနောက်ပန်းရုံမှာ မျောက်ပုံတွေ၊ ငှက်ပုံတွေ လုပ်ထားတာကိုလည်း တွေ့ရတယ်။ ဘာအဓိပ္ပါယ်လဲတော့ ဘယ်သူမှ မသိကြဘူး။”ဟု ဆိုသည်။

မွေးနေ့မတိုင်ခင် ဇူလိုင်လ ၁၃ရက်နေ့ညနေတွင် တောင်ကလေးစေတီ၌ ဒါယိကာ ဒါယိကာမများက ပန်းများ၊ သစ်သီးဝလံ များ လှူဒါန်းပူဇော်ခြင်း၊ ဖားအံမြို့နှင့် တောင်ကလေးမှ ဓမ္မစင်္ကြာအဖွဲ့များက လာရောက်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

၁၄ရက်နေ့ မွေးနေ့နံနက်တွင် ဓမ္မစင်္ကြာအဖွဲ့များက အလှည့်ကျ ရွတ်ဆိုပူဇော်ကြပြီး မွေးနေ့ပွဲသို့ လာရောက်သည့် ဧည့်ပရိ ဿတ်များကို ဆရာတော်က တရားဘာဝနာများ နာကြားစေကာ မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးသည်ဟု သိရသည်။

ဆရာတော် ဦးပညာသာမိ၏ မွေးနေ့မှတ်တမ်း ရိုက်ကူးရေးကိုမူ တောင်ကလေးဆရာတော်မှ ဖွင့်လှစ်ထားသည့် ကရင်ပညာ ကျေးရွာ (ဖလုံပွန်ညာ့တဝေါင့်) တာဝန်ခံ ဆရာတော် မောင်နဲဟိမှ ဦးဆောင်သည့် P.E.D.U မီဒီယာအဖွဲ့မှ ရိုက်ကူးပေးခဲ့ သည်ဟု သိရသည်။

No comments: