Wednesday, April 25, 2012

အိမ်ဖော်ကို သတ်ရန်ကြိုးစားမှုဖြင့် ထောင်ဒဏ်ကျခံရသော မလေးရှားအိမ်ရှင်

 မြန်မာစစ်အစိုး၏ဥပဒေနဲ့တော့ကွာတယ်နော်။
(Maid Nirmala Bonat’s Case)

မလေးရှားနိုင်ငံသူ Yim Pek Ha (အသက် -၄၀- နှစ်၊ ကလေးငယ် ၄- ဦးမိခင်)၊ သူ၏ အိမ်ဖော် Ms. Nirmala Bonat ကို ရေနွေးပူဖြင့် ပက်ခြင်း၊ မီးပူဖြင့် ကပ်ခြင်း နှင့် ရိုက်နှက်ခြင်းတို့ကြောင့် ၂၀၀၄- ခုနှစ်တွင် တရားစွဲခံခဲ့ရသည်။


Ms. Bonat ရေနွေးနှင့် အလောင်းခံရသည့် ဒဏ်ရာများ

ထိုစဉ်က အသက် ၁၉-နှစ်အရွယ်ဖြစ်သော၊ Ms. Bonat က အိမ်ရှင်သည် သူမအားပြင်းထန်စွာရိုက်နှက်ပြီး ဆဲဆိုသည့်အပြင်၊ ရေနွေးနှင့်ပက်ခဲ့သည် ဟုထွက်ဆိုခဲ့သည်။ ထို့နောက် သူမကို မီးပူဖြင့် ကပ်ခဲ့သည်။ (မီးပူဖြင့် အကြိမ်ကြိမ်ကပ်ခံခဲ့ရသည်။) စတီးရေခွက်ဖြင့် သူမမျက်နှာကို ဖြတ်ရိုက်ခြင်း ခံခဲ့ရ၍ နှာခေါင်းပျက်စီးခဲ့ရပြီး၊ မျက်နှာတွင်ပြင်းစွာ ဒဏ်ရာရခဲ့သည်။ ၀တ်ထားသော အ၀တ်များ လောင်ကျွမ်းပြီး၊ အရေပြားများ Third Degree Burn (အရေပြားရှိ အလွှာနှစ်ခုစလုံးလောင်ကျွမ်းခြင်း) ထိလောင်ကျွမ်းခဲ့သည်။


ခန္ဓာကိုယ်အနှံ လူမဆန်စွာ ရက်စက်ခံရသော Ms. Bonat

သတင်းစာများမှ သူမဒဏ်ရာရပုံများကို ပုံဖြင့်ပြသခဲ့သည်။

Yim Pek Hla ဘက်မှကူညီဆောင်ရွက်ပေးသော ရှေ့နေများအဖွဲ့က Nirmala Bonat ၏ဒဏ်ရာများမှာ သူမကိုယ်တိုင် အိမ်တွင်းမတော်တဆ ဖြစ်မှုကြောင့် လောင်ကျွမ်းဒဏ်ရာရခြင်းသာ ဖြစ်ကြောင်း အခြေအမြစ်မကျစွာ တင်ပြခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

ဤအမှုသည် အင်ဒိုနီးရှား အိမ်ဖော်များ မလေးရှားတွင် ရက်စက်ခံရခြင်းများတွင် အဆိုးဝါးဆုံးဖြစ်သည်။

Ms. Yim ကိုဖမ်းဆီးပြီး နောက်နေ့တွင် အိမ်ရှင်ရှေ့နေများက၊ Ms. Bonat သည် အိမ်ရှင်ထံမှ မလေးရှားရင်းဂစ် ၁၀ ၀၀၀ (တစ်သောင်း) ခိုးယူသည် ဟုအမှုဖွင့်ခဲ့သည်။ ထို့နောက် နောက်အမှုတစ်ခု အဖြစ် ထိုသို့ခိုးယူသည်ကို အိမ်ရှင်သိရှိသောကြောင့် အပြစ်မကျစေရန်၊ သူမကိုယ် သူမ ဒဏ်ရာရအောင် ပြု၍ အိမ်ရှင်ကို လိမ်လည်စွပ်စွဲသည် ဟုတရားစွဲခဲ့သည်။


Yim Pek Ha

ထို့နောက် မကြာမီတွင် ရှေ့နေများ၏ ကြိုးပမ်းမှုကြောင့် Ms. Yim သည် အာမခံ ဖြင့်လွတ်ခဲ့သည်။ (အာမခံအဖြစ်တင်ရသောငွေ- မလေးရှား ရင်းဂစ်- ၈၅ ၀၀၀ ($US 24,300))။ ထို့နောက် Ms. Bonat ကို အင်ဒိုနီးရှားသံရုံးရှိ ဂေဟာသို့ပို့ဆောင်ခဲ့ပြီး၊ သူမသည် ဤအမှုမပြီးမချင်း နိုင်ငံ အတွင်းမှ မထွက်ခွာရ ဟူ၍ အမိန့်ချမှတ်ခံခဲ့ရသည်။ (၂၀၀၈ - ဇန်န၀ါရီလ ထိ)။

Ms. Bonat အပေါ်ဆွဲထားသော အမှုများမှာ လုံးဝမဟုတ်၊ သက်သေမရှိသည့်အပြင်၊ တမင်လုပ်ကြံတရားစွဲကြောင်း ထင်ရှားသဖြင့် အမှုနှစ်ခုလုံးမှ တရားသေလွတ်ခဲ့သည်။

ထို့နောက် Ms. Yim ၏ ရှေ့နေများနှင့် လင်ယောက်ျားက Ms. Bonat ၏ ဒဏ်ရာများမှာ ကိုယ်တိုင်လုပ်ကြံ၍ ဖြစ်သော ဒဏ်ရာများဖြစ်ကြောင်းကို သြစတြေးလျနိုင်ငံ မှုခင်းဆရာဝန် Dr John Andrew Munro ထံမှ ဆေးထောက်ခံစာကို ရအောင်ယူ၍ တရားရုံးကို တင်ပြခဲ့သည်။ သို့သော် တရားသူကြီး Akhtar ကထိုဆေးစစ်လွှာ ကိုပယ်ချ ၍ နိုင်ငံသုတေသနဆေးရုံ တွင် ပြန်လည်စစ်ဆေးခဲ့သည်။


Yim and her husband Hii Ik Tiing

မလေးရှား၏ လိပ်ကဲ့သို့ နှေးကွေးသောတရားဥပဒေ ဆောင်ရွက်မှုကြောင့်၊ အချိန်များစွာကြာခဲ့ရသည်။ တရားရုံးတွင် စစ်ဆေးမှုများသည် ၂၀၀၈- နိုဝင်ဘာ ၂၇ -ရက်တွင်မှ ပြီးဆုံးခဲ့သည်။ ( တရားရုံး ရုံးချိန်းရက်ပေါင်း ၁၁၀ )

AFP က Ms. Bonat အမှုသည် အဆိုးဆုံး အမှုဖြစ်ကြောင်း ရေးသားခဲ့သည်။ (Nirmala's abuse four years ago is the worst-ever reported case in the country [AFP])

သူမသည် အိမ်ရှင်၏နှိပ်စက်နေမှုများကို လပေါင်းများစွာ ခံနေခဲ့ရသော်လည်း မည်သူ့ကိုမှ ဖွင့်မပြောရဲခဲ့ပါ။ ထို့နောက် အိမ်ရာကိုစောင့်ကြပ်သော လုံခြုံရေးဝန်ထမ်းက တွေ့သောကြောင့် ရဲကိုအကြောင်းကြားခဲ့သည်။ ထိုလုံခြုံရေးဝန်ထမ်းသည် တရားရုံးတွင်မျက်မြင်သက်သေ အဖြစ်ထွက်ဆို ခဲ့သည်။ (Aljazeera News)

ထိုအမှုကို ဆေးစစ်မှုအဖြေများ၊ စစ်ဆေးမှုများ၊ သက်သေများ စသည်တို့ကို အဖက်ဖက်မှ ပြည့်စုံအောင် လူ့အခွင့်အရေးအဖွဲ့များနှင့် အင်ဒိုနီးရှား တို့မှ ဆောင်ရွက်ခဲ့ပြီး၊ ၄- နှစ်အကြာ ၂၀၀၈- နိုဝင်ဘာတွင် တရားခံ Ms. Yim Pek Ha  အပြစ်ရှိကြောင်း တရားရုံးမှဆုံးဖြတ်ခဲ့သည်။

Yim သည် Ms. Bonat အား ဆိုးဝါးစွာရက်စက်သော ကာယကံမြောက်ကျူးလွန်မှု အမှု လေးမျိုးကို သူနေထိုင်ရာ Villa Putera, Jalan Tun Ismail, Kuala Lumpur တွင် ၂၀၀၄၊ ဇန်န၀ါရီလ၊ မတ်လ နှင့် ဧပြီလကာလများက ကျူးလွန်ခဲ့၍တရားစွဲခံခဲ့ရသည်။ Ms. Bonat သည်ခန္ဓာကိုယ်အနှံ့ (ရင်သား၊ ပေါင်၊ ကျော) တို့တွင် ဒဏ်ရာများစွာရခဲ့သည်။ (ပုံ)။ မေလ ၁၇ -ရက်နေ့တွင် လုံခြုံရေးဝန်ထမ်းမှ တွေ့ရှိခဲ့၍ လူအများသိရှိပြီး၊ အမှုဖွင့်တရားစွဲနိုင်ခဲ့သည်။

အမှုများ   (၁) ရေနွေးပူဖြင့် ပက်ခြင်း။ (၂၀၀၄- မတ်လတွင် တစ်ကြိမ်)

              (၂) မီးပူဖြင့် ကပ်ခြင်း။ (၂၀၀၄- ဇန်န၀ါရီလအတွင်း တစ်ရက်တည်းတွင် နှစ်ကြိမ် နှင့် ဧပြီလတွင် နှစ်ကြိမ်)

              (၃) ပြင်းစွာရိုက်နှက်ပြီး ကိုယ်ခန္ဓာတွင် ဒဏ်ရာရစေခြင်း။ (အကြိမ်များစွာ)

              (၄) ရေခွက်ဖြင့် ရိုက်၍ နှာခေါင်းကို ပျက်စီးစေခြင်းနှင့် မျက်နှာကို ပျက်စီးစေခြင်း။ (၂၀၀၄- မေလ ၁၇- ရက်နေ့ ညနေ ၃- နာရီ)

နံပါတ် (၄) အမှုကို တရားသေပလပ်ခဲ့သည်။

အမှုသုံးခုအတွက် Ms. Yim Pek Ha ကိုတရားရုံးက ထောင်ဒဏ် ၁၈- နှစ်ချမှတ်ခဲ့သည်။ (၂၀၀၈- နိုဝင်ဘာ -၂၇- ကြသပတေးနေ့)
အမှု (၁) (၂) (၃) တို့သည် ရာဇ၀တ်ဥပဒေ ပုဒ်မ ၃၂၆ အရ အများဆုံး ထောင်ဒဏ်အနှစ်-၂၀၊ (သို့မဟုတ်) ကြိမ်ဒဏ်၊ (သို့မဟုတ်) ငွေဒဏ် တို့ကိုလည်းကောင်း၊ အားလုံးတစ်ပေါင်းတည်း သော်လည်း ခံရမည်ဖြစ်သည်။

အမှု (၄) မှာ အများဆုံး ထောင်ဒဏ် ၇- နှစ်ကျခံရနိုင်သည် (ပလပ်ပီး)။

စိတ္တဇ ရာဇ၀တ်ကောင်ကဲ့သို့သော Ms. Yim Pek Ha ၏ အပြုအမူ….။

တရားရုံးထွက်ဆိုချက်တစ်ခုတွင် Ms. Bonat ပြောသည်မှာ အလုပ်ရှင် Ms. Yim သည် သူမမီးပူတိုက်သည်ကို မသေသပ်ဟု ဆိုကာ ပူနေသော မီးပူ ဖြင့် သူမ၏ ရင်သားများအား အကြိမ်ကြိမ် ဖိကပ်ပြီး၊ ဆဲဆိုရိုက်နှက်ခဲ့သည် ဟုထွက်ဆိုခဲ့သည်။ ထိုတစ်ကြိမ်ထိလည်း မည်သူမှ မသိခဲ့။ နောက်တစ်ကြိမ် ခွက်ဖြင့် မျက်နှာကို ရိုက်၊ ရေနွေးဖြင့် လောင်းသော အခါမှ၊ သူမကို အိမ်ယာလုံခြုံရေးဝန်ထမ်း က တွေ့ရှိခဲ့၍၊ သူမ၏ ငရဲကာလ များပြီးဆုံးခဲ့သည်။

သို့သော် သေရာပါ ဒဏ်ရာ၊ အမာရွတ်၊ နှင့် အခြားရုပ်ပျက်သည်ထိ လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးခံခဲ့ရမှုများကြောင့် သူမသည် တစ်ဘ၀လုံး ဝေဒနာကို ခံစားသွားရပေတော့မည်။


Ms. Bonat ၏ သေရာပါ ဒဏ်ရာများ

တရားသူကြီး Akhtar Tahir က Ms. Yim သည် အန္တရာယ်ရှိသော စိတ္တဇရာဇ၀တ်ကောင်ကဲ့သို့သော အပြုအမူများကြောင့် လူ့အဖွဲ့အစည်းအသိုင်း ၀ိုင်းတွင် မည်သို့မျှခွင့်လွှတ်နိုင်စရာ မတွေ့သည့်အတွက် တရားခံရှေ့နေများ၏ အယူခံ၊ အသနားခံမှုများကို ပယ်ချခဲ့သည်။ ပြစ်ဒဏ်ကိုလည်း ချက်ချင်းကျခံစေရမည် ဟုအမိန့်ချမှတ်ခဲ့သည်။ (၂၀၀၈- Kuala Lumpur တရားရုံး)


Judge Datuk Aktar Tahir


Guilty Yim

တရားရုံးမှ တရားခံအား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် လူအခွင့်အရေးအဖွဲ့များမှ ကျေနပ်ခဲ့ကြသည်။ လူ့အခွင့်အရေးအဖွဲ့များမှ ဤသို့တရားရုံးဆုံးဖြတ်ချက်ကို ထောက်ခံနေစဉ်၊ အမိန့်ချပြီး နောက်တစ်ရက်တွင်၊ Ms. Yim ၏ အမျိုးသား Hii Ik Ting ကရှေ့နေများနှင့် တိုင်ပင်၍ မလေးရှားအထက်တရားရုံးတွင် အာမခံ (မလေးရှားရင်းဂစ် - ၂၀၀ ၀၀၀) တင်ပြအသနားခံခဲ့သည်။ (**)

Ms. Bonat သည် သူမနိုင်ငံ အင်ဒိုနီးရှားသို့ ပြန်လည်ရောက်ရှိသွားပါပြီ။

မလေးရှားနှင့် အင်ဒိုနီးရှားဆက်ဆံရေးမှာ အိမ်ဖော်များအပေါ် ရက်စက်မှုများကြောင့် အလွန်တင်းမာခဲ့သည်။ Ms. Bonat အမှုပေါ်ထွက်လာသော အခါ အင်ဒိုနီးရှားတွင် အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။

ဤအမှုသည် အင်ဒိုနီးရှားမှ မလေးရှားသို့ အိမ်ဖော်လုံးဝမပို့တော့ဟု ဆုံးဖြတ်ချက် ခိုင်မာစေသော နံပါတ်တစ် အမှုဖြစ်သည်။

အင်ဒိုနီးရှား သံတမန်က မလေးရှားရှိ အင်ဒိုနီးရှားသံရုံးသို့ နှစ်စဉ် အိမ်ဖော် ၁၅၀၀ ကျော်သည် အိမ်ရှင်တို့၏ မတရားမှုများကြောင့် လာရောက်ခိုလှုံ ကြကြောင်း၊ အများစုမှာ လစာမရခြင်းကြောင့် ဖြစ်ပြီး၊ အချို့မှာအိမ်ရှင်တို့၏ ရိုက်နှက် မှုကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။

Nirmala Bonat အမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ မလေးရှားသံရုံးရှေ့တွင် လူပင်လယ်ကြီးမျှ ပြည့်နှက်ဆန္ဒပြခဲ့ကြသည်။


Ms. Bonat အမှုကြောင့် အင်ဒိုနီးရှား နိုင်ငံ ဆန္ဒပြပွဲ တစ်ခု

အင်ဒိုနီးရှား အစိုးရ Susilo Bambang Yudhoyono ကဤကိစ္စနှင့် ပတ်သက်၍ တရားမျှတစွာ ဖြေရှင်းရန် မလေးရှားသို့ပြောခဲ့ပြီး၊ မိမိနိုင်ငံသားကို စော်ကားနှိပ်စက်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံအနေနှင့် တရားလိုပြုကာ Ms. Yim ကိုတရားစွဲဆိုခဲ့သည်။

သို့အတွက်ကြောင့် မလေးရှားသည် လူ့အခွင့်အရေးချိုးဖောက်သော၊ တရားမျှတမှုမရှိသော၊ လူသားချင်းစာနာထောက်ထား မှုမရှိသော နိုင်ငံအဖြစ်၊ အရှေ့တောင်အာရှနှင့် အပြည်ပြည်ဆိုင်ရာတွင် သတ်မှတ်ခံရသည်။


လူသားတစ်ယောက် နိုင်ငံတစ်ခုရဲ့ မိန်းခလေး တစ်ဦးပါ.. မလေးရှားမှာ အိမ်ဖော်လာလုပ် လို့ဒီလိုဖြစ်တာပါ....

ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုမရှိသော မလေးရှားနိုင်ငံသို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူများအား မည်သည့်နည်းနှင့်မျှ အိမ်ကျွန်အဖြစ် မလာစေလိုပါ။ ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများ၊ ဒုက္ခသည်များ နှင့် လူ့အခွင့်အရေးအဖွဲ့များကို အမြဲဒုက္ခပေးနှိပ်စက်နေသော မလေးရှားဝန်ကြီးချုပ် Najib နှင့် မြန်မာပြည်သားများကို ကမ္ဘာ့အနိမ့်ကျဆုံးဖြစ်အောင်၊ ကျွန်ဖြစ်အောင် အိုင်တီခေတ်သစ် ဟစ်တလာ ဇာတ်ခင်းနေသော သိန်းစိန်နှင့် အပေါင်းပါတစ်စုတို့အား ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ အားလုံးအင်အားဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ သမိုင်းတွင် မြန်မာမိန်းခလေးများ၏ အိမ်ကျွန်ဇာတ်ကွက် မဖြစ်စေရန် ကာကွယ်ကြပါစို့.. ဟု လေးစားစွာ တိုက်တွန်းရင်း……

ဤအမှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့ နိုင်ငံခြားသားအလုပ်သမားများနှင့် ဒုက္ခသည်များ၏ မိတ်ဆွေကြီး လူ့အခွင့်အရေးရှေ့နေ Charles Hector ၏ ဤအမှုအပေါ် သုံးသပ်ချက်၊ ဥပဒေအကြောင်းအရာများနှင့် Ms. Bonat ဘက်မှနေ၍ လျှော်ကြေးရရန် လူ့အခွင့်အရေး ရှေ့နေများ၏ ကြိုးပမ်းမှုများ၊ မလေးရှားဥပဒေ၏ လူသားချင်းစာနာမှုမရှိပဲ နိုင်ငံသားကိုကာကွယ်ပုံများကို ဆက်လက်ရေးသားပါမည်။

ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားများ မလေးရှားအလုပ်ရှင်၊ အိမ်ရှင်တို့၏ မတရားရက်စက်မှုများကို သိစေလိုခြင်း၊ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ ညီမ၊ အစ်မများ မလေးရှားသို့အိမ်ဖော်အဖြစ် မရောက်လာရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေး ဖြစ်သည်။ ဤအကြောင်းအရာနှင့် ဤစာကို မိတ်ဆွေတို့ကြိုးပမ်းနေမှုများတွင် သဲတစ်ပွင့်အဖြစ်လိုအပ်ပါက ကြိုက်သလို သုံးနိုင်သည်။

 ဆက်လက်ဖော်ပြပါမည်။

No comments: