Monday, April 16, 2012

ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့အကြား စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေး ရရှိနိုင်ရန် ကြိုးစားလျက် ရှိကြ


ပြည်တွင်းငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းချက်တရပ်အနေဖြင့် ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ထို့အပြင် မြန်မာသမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနဲ့လည်း တွေ့ဆုံကာ ကရင် အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ 
နောက်ပြီး ပဲခူးတိုင်း ကျောက်ကြီးနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့များတွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်ခဲ့ကာ ပဲခူးတိုင်း ကျောက်ကြီးဒေသရှိ ပြည်သူများအတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက အကူအညီပေးနိုင်မယ့် အစီအစဉ်များကိုလည်း ရှေ့ပြေး စမ်းသပ် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အခုတခေါက် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ် တိုင်းအဆင့် မြန်မာအာဏာပိုင်များနဲ့ ဆွေးနွေးခဲ့သလို ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ထိုသို့ ချမှတ်တဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲမှာ code of conduct ဆိုတဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ စောင့်ထိန်းလုပ်ကိုင်ရမယ့် ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများကို ချမှတ်ဖို့ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက “ကျမတို့ မြန်မာ့သမိုင်းက စေ့စပ် ဆွေးနွေးပွဲတွေကို ပြန်ကြည့်လိုက်ရင် code of conduct လိုက်နာရမယ့် ကျင့်ဝတ်တွေကို ချမှတ်နိုင်တဲ့အဆင့်အထိ ရောက်တဲ့ ဆွေးနွေးပွဲတွေ တခါမှ မရှိခဲ့ဖူးသေးပါဘူး။ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်။ ပထမဦးဆုံးအကြိမ် ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အစိုးရဘက်ကလည်း သူတို့အတွက် အသစ်အဆန်း ဖြစ်နေတယ်ဆိုတာကို ၀န်ခံတယ်။ တိုင်းမှူးတွေ၊ တပ်မတော်အရာရှိတွေကလည်း ဒါကို လက်ခံပါတယ်။ အရင်က ကျင့်ဝတ်တွေ ချမှတ်နိုင်တာမရှိဘဲနဲ့ ညွှန်ကြားချက်ပဲ ရှိတယ်။ တိတိကျကျ ကျင့်ဝတ် မချမှတ်နိုင်ခဲ့တော့ အမှားအယွင်းတွေ ရှိခဲ့တာ ၀မ်းနည်းစရာကောင်းပေမယ့် အဆန်း မဟုတ်ဘူး။ အခုက အမှားတွေ တတ်နိုင်သမျှ နည်းနိုင်သမျှ နည်းအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားတဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်က အခရာ ဖြစ်လာတယ်။ ချမှတ်ရေးဆွဲဖို့ကလည်း နှစ်ဦးနှစ်ဘက် လိုက်နာရမှာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဘက် ရေးဆွဲ ချမှတ်နိုင်ဖို့ သဘောတူပါတယ်“ လို့ ရှင်းပြပါတယ်။ အခုအခါမှာ ထိုသို့ ရေးဆွဲ ချမှတ်နိုင်ဖို့ ပြင်ဆင်နေကြပြီး မေလအတွင်းမှာ ထပ်မံ တွေ့ဆုံ ဆွေးနွေးနိုင်ကောင်း ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ကရင် အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့သလို ဒေသခံ တိုင်းရင်းသားပြည်သူများနဲ့ တွေ့ဆုံပြီးလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာများ ရှင်းလင်း တင်ပြခဲ့ရာ ဒေသခံပြည်သူများက လက်ရှိ အခက်အခဲများနဲ့ ပတ်သက်ပြီး တင်ပြကြတယ်လို့ သိရပါတယ်။ ထိုကိစ္စများနဲ့ ပတ်သက်လို့ကတော့ နော်မေဦးက “ဥပမာ ကျောက်ကြီးနယ်မြေဟာ ၁၉၇၅ - ၇၆ ခုနှစ်လောက်ကတည်းက ဖြတ်လေးဖြတ်ဒဏ်နဲ့ ပြည်တွင်းစစ်ဒဏ်ကို တချိန်လုံး ခံလာခဲ့တဲ့ နေရာဖြစ်တယ်။ ဒီကနေ့အထိ ရွာပုန်းရွာရှောင်တွေ ရှိနေဆဲ ပဲ။ ရွာသူရွာသားတွေ တယောက်စ၊ နှစ်ယောက်စ အဆွဲခံရ၊ အဖမ်းခံရတာ ရှိနေဆဲ ပဲ ဆိုတာ ပြောပြတယ်။ သူတို့ အတွေ့အကြုံအရ လက်ရှိအစိုးရအပေါ်မှာ သူတို့ သံသယတွေ ရှိနေတာ၊ မပြောင်းလဲသေးတဲ့ အခြေအနေတချို့အပေါ်မှာ သူတို့ ယုံကြည်မှု နည်းနေတာ တွေ့ရတယ်“ လို့ ပြောပြပါတယ်။ နော်မေဦးက ဆက်လက်ပြီး ဦးသိန်းစိန်နဲ့ တွေ့ခဲ့တာနဲ့ ပတ်သက်လို့ “ပြည်သူတွေရဲ့ ဘ၀လုံခြုံမှု အာမခံနိုင်ဖို့အတွက်၊ စားနပ်ရိက္ခာ လုံခြုံဖို့အတွက် အဓိကဖြစ်တယ်လို့ ဆွေးနွေးခဲ့တာ ရှိတယ်။ အဲဒီအပေါ်မှာ ကျမတို့ ပြည်သူလူထုနဲ့ ကရင်အမျိုးသား အစည်းအရုံးနဲ့ ဆက်သွယ်မှုရှိပြီး ပြည်သူလူထု လိုအပ်နေတဲ့အပေါ်မှာ မူတည်ပြီး ကျမတို့က ဦးဆောင်မှု ပေးနိုင်မယ်ဆိုတာ ရှင်းပြတယ်။ ဒါက ဘာနဲ့ ဆက်နွယ်နေသလဲဆိုတော့ KNU ကို မတရားသင်း ကြေငြာထားတာနဲ့ သွားပြီး ဆက်နွယ်နေတယ်။ သမ္မတကြီးက ဒီကိစ္စကို သူ တခါမှ မစဉ်းစားခဲ့မိဘူး ပေါ့ လေ။ ဒါ ပထမဦးဆုံးအကြိမ် ပေါ့။ ဒါပေမယ့်လည်း သမ္မတလုပ်ပိုင်ခွင့် အတိုင်းအတာအတွင်းက ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးပါ့မယ်ဆိုတာကို ပြောခဲ့တယ်“ လို့ ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့လည်း “ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က KNU ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေကို ကြိုဆိုတယ်။ များစွာလည်း အောင်မြင်ဖို့အတွက် မျှော်လင့်တဲ့အကြောင်း ပြောတယ်။ တပြိုင်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က စိုးရိမ်ကြောင့်ကျမှုတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ အရေးကြီးတဲ့ အချက်တချက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတယ်။ လုပ်ငန်းစဉ်တရပ်လုံးမှာ တပ်မတော်က မားမားမတ်မတ် ရပ်တည်ပြီး ပါလာဖို့ လိုတယ်ဆိုတာကို ပြောတယ်။ ဒါကလည်း အင်မတန် အရေးကြီးတယ်။ ကျမတို့ကိုယ်တိုင် အဲဒီလိုပဲ ယူဆတယ်“ လို့ ပြောသွားပါတယ်။ ကရင် အမျိုးသား အစည်းအရုံးနဲ့ မြန်မာအာဏာပိုင်တို့အကြား နောက်ထပ် ဆွေးနွေးမှုများကို မေလအတွင်း ပြုလုပ်သွားနိုင်ဘွယ်ရှိပြီး မေလကုန်ပိုင်းမှာတော့ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်နိုင်ရန် လိုက်နာရမယ့်ကျင့်ဝတ်တွေကို အပြီးသတ် ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကရင် အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆိုင်ရာများကို ဆွေးနွေးနိုင်သော်လည်း ကချင်တိုင်းရင်းသားများနဲ့ မြန်မာအာဏာပိုင်တွေကတော့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားများနဲ့ မြန်မာအာဏာပိုင်များရဲ့ တိုက်ပွဲများနဲ့ ပတ်သက်ပြီး နော်မေဦးက “အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တတိုင်းပြည်လုံး အပတ်အခတ် ရပ်စဲရေးဆိုတာ ထည့်သွင်း ဆွေးနွေးခဲ့တယ်။ တကယ့်တကယ် လက်တွေ့မှာ အပစ်အခတ် ရပ်တယ်ဆိုတာ တဖက်ထဲ ရပ်လို့ မဖြစ်ဘူး။ နှစ်ဘက်စလုံးက ရပ်မှ ဖြစ်တာ။ ဒိထက်ပိုပြီးတော့ ကျမတို့က ကချင်ကိုယ်စား အပစ်အခတ် ရပ်ပါမယ်လို့ ကရင်က သွားပြောလို့ မရဘူး။ ကျမတို့ ရပ်တည်ချက်ကတော့ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲပြီးတော့မှ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုရင် ကချင်ပြည်မှာ စစ်ဖြစ်နေလို့လည်း ကရင်ပြည် မအေးချမ်းဘူး။ ကရင်မှာ စစ်ဖြစ်နေလို့လည်း ရှမ်းပြည် မအေးချမ်းဘူး။ ဒါ ကျမတို့အားလုံး သဘောပေါက်တယ်။ ဒါပေမယ့် လက်တွေ့မှာ အပစ်အခတ် ရပ်စဲတယ်ဆိုတာက စစ်ဖြစ်နေတဲ့အဖွဲ့ နှစ်ဖွဲ့စလုံးက လက်တွဲချင်မှသာ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ဖြစ်လာမှာ ဖြစ်ပါတယ်“ လို့ ပြောပြသွားပါတယ်။

No comments: