Thursday, June 7, 2012

ကရင်ပြည်နယ်သည် ဒီမိုကရေစီလမ်းစမှာသာ ရှိနေသေးကြောင်း နန်းစေးအွာပြော

ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကော်မတီနှစ်ခုဖြစ်သည့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီအပါအ၀င် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ့်ရေးရာကော်မတီအဖွဲ့ဝင်ဖြစ်သူ ဒေါ်နန်းစေးအွာ (ဖလုံစဝေါ်ပါတီ) ကို ကရင်ပြည်နယ် လွှတ်တော်ရေးရာများနှင့်စပ်လျဉ်းပြီး မြန်မာအင်ဒီပဲန်ဒင့် မှ မေးမြန်းချက်များဖြစ်သည်။

ဖလုံစဝေါ် ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာ

မေး။    ပြီးခဲ့သည့်လွှတ်တော် တတိယပုံမှန်အစည်းအဝေးပွဲမှာ ဆရာမအနေနဲ့ ဘာတွေတင်ပြဆွေးနွေးခဲ့ပါသလဲ။

ဖြေ။     ဘားအံသံလွင်တံတားဟာ ကရင်ပြည်နယ်အတွက် အရေးပါ ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်ရောက်နေပြီဖြစ်တဲ့ ကရင်ပြည်နယ်အတွက် အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် သံလွင်တံတားကို ၂၄ နာရီကာလပတ်လုံး ဖွင့်ထားပေးဖို့ သို့မဟုတ် တံတားပိတ်ချိန်ကာလကို လျှော့ပေါ့ ပေးဖို့ဖြစ်တယ်၊ နောက်တစ်ခုက ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပေါ်မှာ တပ်မတော်ယူနီဖောင်းဝတ် စစ်သား တစ်ယောက်၊ နှစ်ယောက်ထဲနှင့် အကောက်ကြေးကောက်တဲ့ ဂိတ်ွ(ဝါးတားဂိတ်)တွေ အများကြီး ရှိပါတယ်။ ကူးသန်းရောင်းဝယ်ရေး လုပ်နေသည့် ပြည်သူတွေအတွက် မလိုလားအပ်ဘဲ ပေးနေရတဲ့ အကောက်ကြေး ဖြစ်တယ်ဆိုတာ တင်ပြခဲ့ပါတယ်။

မေး။    ကရင်ပြည်နယ်အရေးကိစ္စမှာ ဘယ်ကိစ္စဟာ အရေးကြီးဆုံးလို့ သဘောထားပါသလဲ၊ အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းသွားမယ်လို့ ထင်လဲ။

ဖြေ။     ကျွန်မတို့ ပြည်နယ်သူ/သားတွေအတွက် အရေးကြီးဆုံး လိုအပ်နေတာက စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးပါ၊ ငြိမ်းချမ်းရေး မရသေးသရွေ့ ကျွန်မတို့ ဘာမှလုပ်လို့မရသေးပါဘူး၊ ငြိမ်းချမ်းရေး ရပြီး သွားရင်တော့ မြေမြှုပ်မိုင်းရှင်းလင်းရေးကို ဦးစားပေး လုပ်ဆောင်ရပါမယ်။ ၆၅ နှစ်လုံးလုံး ကျွန်မတို့ ပြည်နယ်သူ/သားတွေ ခြေပြတ် လက်ပြတ် လူစင်မမီတဲ့ဘဝကို ရောက်ခဲ့ရတဲ့သူ မနည်းပါဘူး၊အခု အချိန်ထိလဲ ခံစားနေရတုန်ပါပဲ၊ ပြီးမှသာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးကို လုပ်ရပါလိမ့်မယ်၊ ငြိမ်းချမ်းရေးအတွက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့်အတူ ကျွန်မတို့ လက်တွဲပူးပေါင်းဆောင်ရွက်ကြမှာပါ။

မေး။    ဆရာမတို့တက်နေတဲ့ လွှတ်တော်က ကရင်ပြည်နယ်အတွက် တကယ်အရေးပါပြီး တကယ် လိုအပ်တယ်လို့ထင်လား။

ဖြေ။     ကျွန်မတို့ ကရင်ပြည်နယ်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်သေးပါဘူး၊ လမ်းစမှာပဲ ရှိနေသေးတယ်၊ ဒီမိုကရေစီက ဘာလဲ၊ ဒီမိုကရေစီရဲ့ အနှစ်သာရက ဘာလဲ၊ ဒီမိုကရေစီရဲ့ ကျင့်စဉ် က ဘာလဲဆိုတာ ကျွန်မတို့ပြည်သူတွေ တော်တော်များများ နားမလည်ကြသေးဘူး၊ ဒါကြောင့် လွှတ်တော်အစည်းအဝေးပွဲ မတက်ခင် ပြည်သူ့အသံကို နားထောင်ဖို့ ကျွန်မတို့ရွာတွေကို ဆင်းရပါတယ်။ ဒေသပြည်သူတွေရဲ့ လိုအပ်ချက် ဆန္ဒတွေကို ကျွန်မတို့ လွှတ်တော်ကို တင်ပြရပါ တယ်။ လွှတ်တော်က ဆုံးဖြတ်ချက်တွေကို ကျွန်မတို့ပြည်သူကို အသိပေးတဲ့ အနေနဲ့ ရွာတွေဆင်းပြီး၊ ဆွေးနွေးဟောပြောပါတယ်။ ဒီနေရာမှာ တချို့သော အုပ်ချုပ်ရေးဝန်ထမ်းတွေက ကျွန်မတို့ကို ပြည်သူ့ ကိုယ်စားလှယ်အနေဖြင့် မမြင်ဘဲ၊ ပါတီဝင်အနေဖြင့်ပဲ မြင်ကြပါတယ်။ ဒါဟာ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်သူတွေက သူတို့ရဲ့ဆန္ဒသဘောထားကို သတ္တိရှိရှိနဲ့ ဖော်ပြရဲအောင် အဲဒီဆန္ဒတွေ လိုအပ်ချက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး ကရင်ပြည်နယ်အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရအောင်ဆွဲတင်ရမှာက ကျွန်မတို့ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေပဲဖြစ်ပါတယ်။

မေး။    ကရင်ပြည်နယ်ရဲ့ သယံဇာတတွေက ရလာမယ့် ဘဏ္ဍာငွေ တွေကို ပြည်နယ်အစိုးရက ဘယ်လောက်သုံးခွင့်ရှိမလဲလို့ ထင်ပါသလဲ။ အဲဒီအတွက် ဘာတွေတောင်းဆိုဖို့ရှိလဲ သိချင်ပါတယ်။

ဖြေ။     အဲဒါကတော့ ပြည်ထောင်စုအစိုးရရဲ့ ခွဲဝေပေးမှုပေါ်မူတည်ပါတယ်။

မေး။    ဘားအံစက်မှုဇုန်စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်နယ်အတွက်  ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။

ဖြေ။     ကျွန်မတို့ဒေသခံပြည်သူအများစု သို့မဟုတ် ကရင်ပြည်နယ် ရဲ့ ကျေးရွာတိုင်းမှာရှိတဲ့ အိမ်တစ်အိမ်မှာ အနည်းဆုံး ၂ ဦး၊ ၃ဦး လောက်ဟာ ထိုင်းနိုင်ငံဘက်မှာ သွားလုပ်ရပါတယ်။ ဘယ်သူမှလည်း ကိုယ့်အိမ်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ခွဲခွာပြီးတော့ မသွားချင်ကြပါဘူး။

စားဝတ်နေရေးအဆင်မပြေလို့သာ သူတစ်ပါးဥပဒေ သူတစ်ပါးနိုင်ငံ သူတစ်ပါးလူမျိုးရဲ့ လက်အောက်မှာ အနှိမ်ခံအနိုင်ကျင့်ခံပြီးတော့ ဝမ်းစာ အတွက် သွားကြရတာပဲ၊ တကယ်လို့ စက်မှုဇုန်ကြီးသာ ပြီးသွားပါက ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီး တိုးတက်လာပြီး၊ စီးပွားရေးအရ ကောင်းမွန်လာမယ့် အသွင်သဏ္ဌာန်တစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။

ဒေါ်နန်းစေးအွာသည် ၁၉၉၄ ခုနှစ်တွင် အလယ်တန်းပြ ဆရာမ အဖြစ်မှ အငြိမ်းစားယူခဲ့ပြီး Save the Children(UK) ဌာနတွင် စီမံကိန်းလက်ထောက်အရာရှိ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တွင် တိုင်းရင်းသားရေးရာ အဖွဲ့ခေါင်းဆောင်နှင့် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းတွင် ဘဏ္ဍာရေးမှူး ဒုတိယဥက္ကဋ္ဌတို့အဖြစ်  တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ မတ်လအတွင်းကလည်း ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရပါသည်

No comments: