Sunday, July 8, 2012

ကချင်နှစ်ခြင်း အသင်းတော် ဦးဆောင်ပြီး လူ ၁၀၀၀ ခန့် မြစ်ကြီးနားတွင် ဆန္ဒပြ (ရုပ်သံ)


ကချင် KBC က သူ့ လူမျိုးအတွက် သူတို့  မားမားမတ်မတ်ရပ်တည်နေတယ်။ ကချင်လူမျိုးတွေမှာ ယုံကြည်ရာ ဘာသာတရားတစ်ခုတည်းကိုပဲ ပုံအပ်အသက်ရှည်နေတာမဟုတ်ပဲ အမျိုးသားရေးအသိ နိုင်ငံရေးအသိ မြင့်မားနေတာကို တွေ့ ရပါသည်။ ကရင် KBC နှင့် တခြား ကရင် အင်္ဂလီကန်၊ ရိုမာန်ကက်သလစ်၊ မက်သဒစ်၊ စနေအသင်းတော်များ အစသဖြင့် ခရစ်ယာန်ဂိုဏ်းတွေက ကချင်လူမျိုးတို့ ၏ အမျိုးသားရေးအသိ နိုင်ငံရေးအသိ နိုးကြားမှုကို အတုယူသင့်ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကြောင့် အိုင်ဒီပီ ဘ၀ရောက်ရပါ၏။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဒုက္ခသည်စခန်းရောက်လာပါ၏။ တတိယနိုင်ငံသို့ ရောက်သွားပါ၏ ဆိုတဲ့ အတွေးလောက်နဲ့ ဂိတ်ဆုံးရင် ကျနော်တို့ ရဲ့ အနာဂတ်တော့ မတွေးဝံ့စရာပါ။

သမိုင်းဝင် နာမည်ကြီး ရွှေဝါရောင်တော်လှန်ရေးတုန်းကလည်း ကရင်ရဟန်းတွေ ငြိမ်နေတာ လည်း ကောင်းတဲ့ လက္ခဏာတစ်ခုမဟုတ်ပါ။


ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကချင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာများ ဦးဆောင်၍ ဒုက္ခသည်များလုံခြုံရေးနှင့် အစိုးရမှ ဖမ်းဆီးထားသောဒုက္ခသည် ဦးလထော်ဘရန်ရှောင်အားလွတ်ပေးရန် လူ ၁၀၀၀ ခန့် ငြိမ်းချမ်းစွာတောင်းဆို၍ တန်းစီဆန္ဒဖော်ထုတ်သည့်မြင်ကွင်း



ကချင်နှစ်ခြင်း အသင်းတော် ဦးဆောင်ပြီး လူ ၁၀၀၀ ခန့် မြစ်ကြီးနားတွင် ဆန္ဒပြ - ဆက်လက်ဖတ်ရှုရန်

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကချင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာများ ဦးဆောင်၍ ဒုက္ခသည်များလုံခြုံရေးနှင့် အစိုးရမှ ဖမ်းဆီးထားသောဒုက္ခသည် ဦးလထော်ဘရန်ရှောင်အားလွတ်ပေးရန် ယနေ့ မနက် ၉ နာရီမှစ၍ လူ ၁၀၀၀ ခန့် ငြိမ်းချမ်းစွာတောင်းဆို၍ တန်းစီဆန္ဒဖော်ထုတ်နေသည်။

ထိုသို့ စီတန်းလှည့်လည် ဆန္ဒပြရာတွင် ဦးဘရန်ရှောင်၏ အမျိုးသမီးမှ “ကျွန်မ၏ ခင်ပွန်းဦးဘရန်ရှောင်ကို လွတ်ပေးပါ” ဟူသော စာသားကိုကိုင်ကာ ၎င်းနောက်မှ ဦးဆောင်သူ သိက္ခာတော်ရ ဆရာများ နှင့် ထိုနောက်တွင် ပါဝင်သူများ ကချင်ထဘီနှင့် အကျီဖြူများကို ၀တ်ဆင်ကာ လှည့်လည်ဆန္ဒပြခြင်းဖြစ်သည်။

ဆန္ဒဖေါ်ထုတ်လှည့်လည် ခြင်းကို ဂျန်မိုင်ကောင် ဘုရားကျောင်းမှစပြီး ဒူကထောင်လမ်းဘက်မှ တန်းစီကာ မြို့တော်ခန်းမနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးရုံးလမ်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ရုံး(အောက်ရုံး)ရှေ့၊ ခရိုင်အုပ်ချုပ်ရေးရုံး၊ မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့ နှင့် ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့တို့တွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် လှည့်လည်ဆန္ဒတောင်းဆိုနေကြောင်း ပါဝင်ဦးဆောင်သူ ဆရာအောင်မြတ်ပြောသည်။

“အခုတော့ ဒီအစိုးရပန်းခြံနောက် အံတော်ရှင် ဘုန်းကြီးကျောင်းဘက်မှာရောက်နေပြီ အပြန်ဘက်တော့ ဟုတ်ပြီ” ဟု ဆရာအောင်မြတ်ပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် “ဦးဘရန်ရှောင်ကို ချက်ချင်းလွတ်ပေးပါ၊ IDP များရဲ့ လုံခြုံမှုပေးရေး၊ မတရားဖမ်းဆီးခြင်းမလိုလား၊ ပြည်တွင်းကို ငြိမ်းချမ်းမှုပေးရေး၊ စသည့်အချက် ၄ ချက်ဖြင့် တောင်းဆို ဆန္ဒဖော်ထုတ်တောင်းဆိုနေခြင်းဖြစ်သည်။

ယခုကဲ့သို့ ကချင်ပြည်သူများသည် မိမိဆန္ဒအား ငြိမ်းချမ်းစွာဖော်ထုတ်တောင်းဆိုခြင်းသည် ကချင်ပြည်နယ်မြစ်ကြီးနားတွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မနက် ၉ နာရီမှ စတင်ပြုလုပ်ကာ ညနေ ၃ နာရီထိ တန်းစီလှည့်လည်သွားမည်ဖြစ်ကြောင်းသိရသည်။

“အစိုးရတို့က ကန့်ကွက်တာတော့မရှိဘူး။ ဟိုတနေ့ကတော့ မလုပ်ခိုင်းသေးဘူးတဲ့။ ဒါပေမဲ့ ဒီနေ့ အခုချိန်ထိတော့ ဘာကန့်ကွက်တာတွေက မရှိသေးဘူး” ဟု ဆန္ဒပြရာတွင်ပါဝင်သက်ရောက်သူတစ်ဦး ပြောသည်။


No comments: