Sunday, July 8, 2012

ကျောင်းသားခေါင်းဆောင်အချို့ အက်စ်ဘီနှင့်စရဖမှ ခေါ်ဆောင်

ကြားဖြတ်သတင်း၊ 

ည ၁၀နာရီခွဲ၊ ဇူလိုင် ၆၊ ၂၀၁၂ YPI 

ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ပြောသည်။ 

ယင်းသို့ခေါ်ဆောင်သွားသည်အချိန်နှင့် မရှေးမနှောင်းတွင် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့လည်း လုံခြုံရေး အဖွဲ့များ ကားများဖြင့် လာရောက်ကာ ယခုသတင်းရေးသားချိန်၌ ရုံးတွင်း ၀င်ရောက်သွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ 

ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအား မည်သည့်အကြောင်းကြောင့် ဟု မသိရှိရသော်လည်း မနက်ဖြန်တွင်ကျရောက်မည့် ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန် ခေါ်ဆောင်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။ 

မနက်ဖြန်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမတွင်ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက်အထိမ်းအမှတ် အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက် နှစ်လည်နေ့မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။

No comments: