Tuesday, July 17, 2012

ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ


ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ
စိန်သံလုံး

“ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ” ဆိုတဲ့ စကားရှိပါတယ်။ ကြံ့ဖွတ်ကို ပြောတာတော့ မဟုတ်ဘူးနော်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့သူ မဖြစ်ဘဲ ဖွတ်ဆိုတဲ့ကောင်က မြစ်ရဲ့ဘုရင် မိချောင်းဖြစ်သွားလို့ မြစ်စိတ်မချမ်းသာ ဖြစ်ရတဲ့ကိစ္စကို စကားပုံအဖြစ် သတ်မှတ်ခဲ့တာပါ။

ခုလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကို မျှော်မှန်းပြီး အများပြည်သူဘက်က ရပ်တည်မယ့် ဒုတိယသမ္မတအသစ်ကို မျှော်မှန်းစောင့်စားနေတုန်းမှာ တမတ်သားအဖွဲ့က ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို နာမည်စာရင်းတင်လိုက်တယ်ဆိုတော့ ... ဆိုတော့ ... ဆိုတော့ မြန်မာပြည်သူလူထုရဲ့ ကံကြမ္မာက စိုးရိမ်ရေမှတ်ကို ရောက်သွားတာပဲ။

အဲဒီ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဆိုတာက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်လုပ်နေသူပဲ။ သူက အချိန်တိုအတွင်းမှာ ရာထူးတွေ ဆက်တိုက် တက်လာသူဖြစ်တယ်။ ၁၉၉၅ ခုနှစ်က ဒု-ဗိုလ်မှူးကြီးမြင့်ဆွေက ၂၀၀၇ ခုနှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို ရရှိနေချိန်မှာပဲ ကစထမှူး (တိုင်းမှူးချုပ်) တာဝန်နဲ့ ရွှေဝါရောင်သံဃာ့အရေးအခင်းကို နှိမ်နင်းခဲ့သူဖြစ်တယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်က ရက်စက်တတ်သူ မဟုတ်ပေမယ့် အထက်က အမိန့်ပေးလာရင် ချင့်ချင့်ချိန်ချိန် မစဉ်းစားဘဲ (ကိုယ်ပိုင်ဦးနှောက်မသုံးဘဲ) ခိုင်းတာလုပ်တတ်သူ ဖြစ်တယ်ဆိုပြီး တပ်မတော်သားအသိုင်းအ၀ိုင်းကတောင် နှာခေါင်းရှုံ့ရတဲ့သူ ဖြစ်တယ်။

“ဒီမိုကရေစီနိုင်ငံကို ဦးတည်လျှောက်လှမ်းနေပါပြီလို့ အမေရိကန်နဲ့ EU ကို လှည့်စားနေတာ ဟိုက မသိဘူးထင်လို့လား။ သိသမှ သိပ်သိပေါ့။ ဟိုက စောင့်ကြည့်နေတာ၊ ဘယ်လောက်ထိ လိမ်ကြမလဲဆိုတာကို ပြုံးပြုံးကြီး ကြည့်နေတာများ အကောင်းမှတ်လို့ ...”
 

ပြောရရင်တော့ သူ အဲဒီ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးရခဲ့တာဟာ ‘တော်’ လို့ ရခဲ့တာလို့ ပြောရပါမယ်။ ဘယ်လိုတော်တာလဲဆိုတော့ စစ်ရေးအရ ဘာမှသမိုင်း မရှိပေမယ့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အမျိုးတော်လို့ ရာထူးကြီးကြီးကို နှစ်ပိုင်းအတွင်း ရခဲ့တာပါ။ ဒေါ်ကြိုင်ကြိုင်ရဲ့အမျိုး သထုံဇာတိဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဟာ ခိုင်းတာလုပ်တဲ့နေရာမှာ စိတ်ချရလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရာထူးအထိ ပေးခဲ့တာပါ။

မကြာခင်ကပဲ လျှပ်တစ်ပြက် ဂျာနယ်ကို ယာယီပိတ်ထားဖို့နဲ့ အယ်ဒီတာချုပ် ကိုမြတ်ခိုင်ကို ရခိုင်ပဋိပက္ခ ပိုမိုကြီးထွားအောင်၊ ဆူပူမှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားရုံးမှာ တရားစွဲခဲ့တာ သူပါ။ သမ္မတကြီးက မီဒီယာတွေကို စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ပြီး လေးလေးစားစား နေရာပေး ဆက်ဆံနေချိန်မှာ အမြီးက လှန်ချိုးခဲ့သူဖြစ်ပြီး မရောင်ရာဆီလူးတဲ့ မြင့်ဆွေလို့ လူသိများလာသူပါ။

မရောင်ရာဆီလူးတယ် ဆိုတာကတော့ ရခိုင်ပြည်နယ်ကိစ္စ ရခိုင်ပြည်နယ် အစိုးရက အရေးမယူဘဲ ဘာမှမဆိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီးက ၀င်ရောက်တရားစွဲတာ၊ ရုံးတင်တာ ပုံစံမမှန်ဘူး ဖြစ်နေတာကို ဆိုလိုတာပါ။ သွေးရိုးသားရိုး မဟုတ်တာ သေချာတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဘာမှ ၀င်ပြောခွင့် မရှိတာကလည်း ထူးဆန်းနေတယ်။ အုပ်ချုပ်ရေးပိုင်းက ဂျာနယ်ကို ယာယီပိတ်ပြီး အပြစ်ပေးရုံနဲ့ မပြီးသေးဘဲ တရားစွဲ၊ ရုံးတင်၊ ထောင်ချဖို့ ကြိုးစားနေတာဟာ “အရပ်ရပ် နေပြည်တော် ကြားလို့မှ မတော်” လို့ပဲ ပြောရတော့မှာပါ။ အခုအချိန်ဟာ အရင်က အကျင့်ဟောင်းတွေအတိုင်း မကျေနပ်ရင် ဖမ်းချင်သလို ဖမ်းပြီး ထောင်ချချင်သလို ထောင်ချနေတဲ့ခေတ် မဟုတ်တော့ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အခြေခံဥပဒေ ပုဒ်မ (၃၇၄) အရ ဥပဒေနဲ့အညီ ခုခံချေပခွင့် ရှိစေရမည်လို့ ပြဌာန်းထားပါတယ်။ စာအိတ်ပေးပြီး ထောင်ချတဲ့ ‘မတရားတဲ့ခေတ်’ ကုန်သွားပါပြီ။

အဲဒီ ဒု-ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဆိုတာ ဘာနဲ့တူသလဲဆိုတော့ ရှူးတိုက်ရင် လိုက်ကိုက်တတ်တဲ့ သတ္တ၀ါလိုမျိုးပဲ။ ကိုယ်ပိုင်အရည်အချင်း မရှိတာ သေချာတယ်။ အပေါ်ကလည်း ဒီလိုလူမျိုးပဲ သဘောကျတယ်။ တိုင်းပြည်ကို ကြေညာထားတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီတဲ့။ အခု မြင့်ဆွေကို ဒုတိယသမ္မတဖြစ်ဖို့ လုပ်နေတာဟာ တမတ်သားကိုယ်စားလှယ်တွေ မဟုတ်ဘူး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ။ သူ့တပည့်ရင်းကို စအဖ အကြီးအကဲ နေရာပေးပြီး နောက်က အကွက်တွေ ရွှေ့နေတာကလည်း ငြင်းမရတဲ့ကိစ္စပဲ။ မင်းအောင်လှိုင်ကို ဗိုလ်ချုပ်မှူးကြီးရာထူး မပေးတာကိုပဲ ကြည့်။ ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ အထက်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရှိနေသေးတယ်ဆိုတာ ထင်ရှားတဲ့ သက်သေတခုပဲ။

ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်။ ဒီမိုကရေစီအခွင့်အရေးတွေ ပေးနေတယ်လို့ အသံကောင်း ဟစ်နေကြပေမယ့် ဆဲဗင်းဇူလိုင်ကိစ္စနဲ့ ကျောင်းသားကျောင်းသူတွေကို တရက်ဖမ်းတာ၊ အခမ်းအနားတွေ လုပ်ခွင့်မပြုတာ၊ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေးတွေ နိုင်ငံရေးသမားတွေနောက် တကောက်ကောက်လိုက်နေတာ၊ ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးတွေကအစ ကန့်သတ်ထိန်းချုပ်တာတွေ ဥပမာ - BURMA နဲ့ MYANMAR ကိစ္စ ရေးကြီးခွင်ကျယ် လုပ်နေတာတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရလို့ ခေါ်လို့မရတဲ့ နောက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြိုးကိုင်နေတဲ့ အစိုးရဆိုတာ ထင်ထင်ရှားရှား ပေါ်လွင်နေပါပြီ။

ဒီမိုကရေစီနိုင်ငံကို ဦးတည်လျှောက်လှမ်းနေပါပြီလို့ အမေရိကန်နဲ့ EU ကို လှည့်စားနေတာ ဟိုက မသိဘူးထင်လို့လား။ သိသမှ သိပ်သိပေါ့။ ဟိုက စောင့်ကြည့်နေတာ၊ ဘယ်လောက်ထိ လိမ်ကြမလဲဆိုတာကို ပြုံးပြုံးကြီး ကြည့်နေတာများ အကောင်းမှတ်လို့ ...။

နိုင်ငံတခုမှာ ခေါင်းဆောင်က အရေးကြီးပါတယ်။ ဒုတိယသမ္မတဆိုတာ ဒုတိယခေါင်းဆောင်ပါ။ အရည်အချင်းရှိဖို့ လိုသလို စဉ်းစားချင့်ချိန်နိုင်တဲ့ ဦးနှောက်မျိုးလည်း ရှိဖို့လိုပါတယ်။ ခိုင်းတာ လုပ်ပြီး အရာရာမှာ ခေါင်းညိတ်တတ်တဲ့ ပုတ်သင်ညိုလို လူမျိုးကတော့ တိုင်းပြည်မှာ လူကြီးမဖြစ်သင့်ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးမှာ ၀န်ကြီးချုပ်ဘ၀နဲ့ ဘာတွေ လုပ်ပေးနိုင်လို့လဲ။ မေလ တလလုံး ဖြစ်ခဲ့တဲ့ အလုပ်သမားတွေ နစ်နာမှု ဆန္ဒပြပွဲတွေကိုလည်း ဖြေရှင်းပေးနိုင်လို့လား။ အဲဒီလို လူက တနိုင်ငံလုံးနဲ့ဆိုင်တဲ့ ဒု-သမ္မတ ဖြစ်ခဲ့ရင်တော့ ...။ နောက်ပြီး အရင်လူဟောင်းတွေချည်းပဲ နေရာယူထားတဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ရပ်နဲ့ ပြည်သူလူထုကို မျက်လှည့်ဆက်ပြနေဦးမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ရှေ့ရေးကတော့ ရင်လေးစရာပါပဲ။ ။

No comments: