Wednesday, July 3, 2013

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးအပေါ် အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး (၃၀ ဇူလိုင် ၂၀၁၂)

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး (၃၀ ဇူလိုင် ၂၀၁၂)

Directorate of Defense Industries (DDI) ခေါ် ကာကွယ်ရေးဌာန ပစ္စည်း ထုတ်လုပ်ရေးရုံးရဲ့အရာရှိချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး အပေါ် မြောက်ကိုရီးယားနှင့် မြန်မာကြား လက်နက် ရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ ဒီအရေးယူဆောင်ရွက်မှုဟာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကိုသာ အဓိက ပစ်မှတ်ထားတာ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ ဆက်လက်ယူနေတဲ့ မြန်မာအစိုးရအပေါ် ပစ်မှတ်ထားတာမဟုတ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၈၇၄ ကို လိုက်နာမှာဖြစ်တဲ့အကြောင်း ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက် အရ မြောက်ကိုရီးယားထံက စစ်ပစ္စည်း ဝယ်ယူမှုနဲ့ တခြားအထောက်အကူတွေ ကို တားမြစ်ထားတာ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ မြောက်ကိုရီးယားအစိုးရရဲ့ တရားမဝင် လုပ်ငန်းတွေကို တိုက်ရိုက်အထောက်အကူပြုဖို့ ဝင်ငွေရစေ မယ့် မြောက်ကိုရီးယားထံက စစ်ပစ္စည်းဝယ်ယူမှုကို တားမြစ်ထားတဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို လျစ်လျူရှုခဲ့တယ်လို့ အမေရိကန် ဒုတိယလက်ထောက် ဘဏ္ဍာရေးဝန်ကြီး David S. Cohen က ပြောပါတယ်။

DDI ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဟာ မြောက်ကိုရီးယားထံက မြန်မာ စစ်တပ်အတွက် လက်နက်များ ဝယ်ယူခဲ့တာ ဖြစ်တဲ့အကြောင်းလည်း ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ DDI ကို လည်းမြောက်ကိုရီးယားထံက စစ်ပစ္စည်းဝယ်ယူမှုနဲ့ အမေရိကန်ပြည်ထောင်စုက၂၀၁၂၊ဇူလိုင်လက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ အခုလို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံရသူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ ငွေကြေးလွှဲပြောင်းမှုပြုလုပ်ခွင့်မရှိသလို အမေရိကန် ပိုင်နက်အတွင်းမှာရှိနိုင်တဲ့ သူပိုင်ပစ္စည်းတွေဟာလည်း ချိတ်ပိတ်ခံရမှာ ဖြစ်ပါတယ်။

လက်ရှိ သမတဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ ၂၀၁၃ ခု၊ ဖေဖော်ဝါရီလအထိ နယ်စပ်ရေးရာဌါနပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ယခု လက်ရှိ အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းရဲ့ ၂၀၀၈ ခုနှစ် မြောက်ကိုရီးယား ခရီးစဉ်မှာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးလည်း လိုက်ပါခဲ့ပြီး ထိုစဉ် လက်နက်စက်ရုံတွေကို သွားရောက်လေ့လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

No comments: