Thursday, July 4, 2013

ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် ရဲတိုက် ဖမ်းဆီးခံရ

သရုပ်ဆောင် ရဲတိုက်ကို  ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှာ မူးယစ်းဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် ၁ ကျပ်သားနဲ့အတူ ကျောက်တံခါးမြို့နယ် ဧရိယာအတွင်း မနက် ၃ နာရီဝန်းကျင်မှာ ဖမ်းဆီးရရှိခဲ့တယ်လို့ မြို့နယ်ရဲစခန်း ရဲအုပ် သန်းဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့မနက်မှာ သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သူက ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားဖြစ်ပြီး  ပရိသတ် အားပေးမှု ရနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလပိုင်းကလည်း သူဟာ ရန်ကုန်မြို့က စိန့်မေရီဘုရားရှိခိုးကျောင်းရှေ့မှာ ဘုရားကျောင်းက တာဝန်ရှိသူတချို့ကို ဒူးထောက်ဆန္ဒပြခဲ့တဲ့အတွက်  ထိန်းသိမ်းခံခဲ့ရပါသေးတယ်။
ဘုရားကျောင်းက သူ့ကို ဘုရားကျောင်းထဲဝင်ခွင့်မပေးလို့ဆိုရာက တကိုယ်တော်ဆန္ဒပြခဲ့တာဖြစ်ပြီး ဘုရားကျောင်းဘက်က တာဝန်ရှိသူတွေကလည်း ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားဝတ်ပြုတဲ့အလေ့နဲ့ ဆန့်ကျင်နေလို့ သူ့ကိုဝင်ခွင့်မပေးခဲ့တာပါ။

နောက်ဆုံးမှာ သရုပ်ဆောင်ရဲတိုက်ကပဲ စိန့်မေရီဘုရားကျောင်းကို သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့လို့ ဘုရားကျောင်းဘက်က အမှုရုပ်သိမ်းပေးခဲ့ပါတယ်။

No comments: