Thursday, July 4, 2013

စနိုးဒင်း၏ နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှုကို နိုင်ငံအများအပြား ငြင်းဆို”

 
အမေရိကန်၏ ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖွင့်ဟဖော်ထုတ်သူ အက်ဒွပ် စနိုးဒင်းအတွက် နိုင်ငံရေး ခိုလှုံခွင့်နှင့် ငြိမ်းချမ်းစွာ နေထိုင်ရမည့် အခြေအနေမျိုး ရောက်မလာနိုင်သေးချေ။ ၎င်း၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းဆိုမှုကို လက်ခံစဉ်းစားမည်ဟု ပြောဆိုထားသည့် ဘိုလီးဗီးယား သမ္မတ အီဗို မွန်ရာလက်စ်၏ လေယာဉ်သည် အခြေအနေ အရပ်ရပ်ကြောင့် သတ်မှတ် လမ်းကြောင်းမှ သွေဖီကာ ဩစတြီးယား နိုင်ငံတွင် ဆင်းသက်ခဲ့ရသည်။

မွန်ရာလက်စ်က မိမိသည် စနိုးဒင်း၏ နိုင်ငံရေး ခိုလှုံခွင့်ကို လက်ခံ စဉ်းစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နာရီပိုင်း အကြားတွင် ယင်းအခြေအနေနှင့် ကြုံရခြင်း ဖြစ်သည်။ ဘိုလီးဗီးယား သမ္မတ၏ လေယာဉ်ပေါ်တွင် စနိုးဒင်း လိုက်ပါသွားသည်ဟုလည်း သံသယ သတင်းစကားများ ထွက်ပေါ်နေသည်။

ဘိုလီးဗီးယား နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဒေးဗစ် ချိုကွီဟွန်ကာက ပြင်သစ်၊ အီတလီနှင့် ပေါ်တူဂီတို့သည် ၎င်းတို့၏ လေပိုင်နက်ကို ဖြတ်သန်းခွင့် မပေးသဖြင့် သမ္မတ၏ လေယာဉ်မှာ လမ်းကြောင်းပြောင်းခဲ့ရကြောင်း စွပ်စွဲခဲ့သည်။ "သမ္မတ လေယာဉ်ဟာ ဗီယန်နာမှာ မဖြစ်မနေ ဆင်းသက်ဖို့ တွန်းအားပေး ခံခဲ့ရတယ်"ဟု ချိုကွီဟွန်ကာက လာပက်ဇ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းက လေယာဉ်သည် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီး သမ္မတ၏ အသက်အန္တရယ်ပင် စိုးရိမ်ရကြောင်းလည်း ဆိုသည်။

"လေယာဉ်ပေါ်မှာ မစ္စတာ စနိုးဒင်း ပါလာတယ်ဆိုတဲ့ သက်သေမပြနိုင်တဲ့ ကောလာဟလတွေက တော်တော်ကို ပျံ့နှံ့နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလို လိမ်လည် လီဆယ်မှုကြီးကို ဘယ်သူ အစလုပ် ဖန်တီးခဲ့လဲ့ မတွေးတတ်တော့ဘူး"ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဩစတြီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အလက်ဇန္ဒား ရှာလန်ဘာ့ဂ်က ဗီယန်နာတွင် လေယာဉ်ဆင်းသက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး စနိုးဒင်းသည် လေယာဉ်ပေါ်တွင် ပါမလာခဲ့ဟု AFPသို့ ပြောကြားခဲ့သည်။ ၎င်းက လေယာဉ်သည် အဘယ်ကြောင့် ဩစတြီးယားကို ရွေးချယ် ဆင်းသက်သည်ကို မသိရှိကြောင်းနှင့် လာပက်ဇ်သို့ မွန်ရာလက်စ် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်းလည်း ဆိုသည်။

ဘိုလီးဗီးယားက ပြင်သစ်သည် လေပိုင်နက် ဖြတ်ကျော်ခွင့် မပေးခဲ့ဟု စွပ်စွဲထားသော်လည်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ် ရုံးတို့က အဆိုပါ ကိစ္စကို လုံးဝ မသိရှိဟု ငြင်းဆိုထားသည်။

ဘိုလီးဗီယားသည် စနိုးဒင်းက နိုင်ငံရေး ခိုလှုံခွင့် တောင်းဆိုထားသည့် နိုင်ငံပေါင်း (၂၁)ခုတွင် အပါအဝင်ဖြစ်ပြီး ရုရှားက မိမိတို့ထံ တောင်းခံထားမှုကို စနိုးဒင်းဘက်မှ ရုတ်သိမ်းသွားပြီဟု ဆိုသည်။ အမေရိကန်နှင့် ဆက်ဆံရေး အေးခဲလာနိုင်သော အခြေအနေကြောင့် အခြားနိုင်ငံ အများအပြားသည်လည်း စနိုးဒင်း၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုကို လက်ခံခြင်း မရှိချေ။

ဂျာမနီ၊ နယ်သာလန်၊ ပိုလန်တို့သည် စနိုးဒင်း၏ အားထုတ်မှုကို ငြင်းဆန်ထားပြီး အိန္ဒိယက ယင်းအတွက် လိုက်လျောစရာ အကြောင်းမရှိဟု ဆိုသည်။ ဘရာဇီးလ်ကမူ တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်သွားမည် မဟုတ်ကြောင်း ပြောကြားထားသည်။ ဩစတြီးယား၊ ဖင်လန်၊ အိုက်စ်လန်နှင့် နော်ဝေးတို့ကမူ စနိုးဒင်း၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းဆိုမှုသည် စည်းမျဉ်းနှင့် မလျော်ညီဟု ဆိုသည်။

အိုင်ယာလန်နှင့် စပိန်တို့ကလည်း အလားတူ ကြေညာချက်များ ထုတ်ပြန်ခဲ့ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက မိမိတို့သည် မီဒီယာများက ဖော်ပြနေမှုနှင့် စပ်လျဉ်းပြီး တစ်စုံတစ်ရာ မသိရှိဟု ရှောင်လွှဲ ပြောကြားခဲ့သည်။ ပြင်သစ်နှင့် ဆွစ်ဇာလန်တို့က နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှု မရှိခဲ့ကြောင်း ပြောဆိုထားပြီး အီတလီကမူ တောင်းဆိုမှုကို စဉ်းစားနေကြောင်းသာ မှတ်ချက်ပေးခဲ့သည်။

လက်ရှိ အနေအထားအရ စနိုးဒင်းအတွက် မျှော်လင့်ချက်သည် ဘိုလီးဗီးယားနှင့် အခြား လက်တင် အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ဗင်နီဇွဲလားတို့သာ ရှိနေပြီး ယင်းနိုင်ငံ သမ္မတ နီကိုလက်စ် မာဒူရိုကလည်း ၎င်းကို လိုလားသည့် အရိပ်အယောင်မျိုး ပြသထားသည်။ ၎င်းသည် ရုရှားတွင် စွမ်းအင်ကဏ္ဍ အစည်းအဝေး တစ်ခု တက်ရောက်စဉ် စနိုးဒမ်း၏ အမေရိကန် ထောက်လှမ်းရေး လုပ်ဆောင်ချက်များ ဖွင့်ဟမှုကို ချီးကျူးခဲ့သည်။

သမ္မတ မာဒူရိုက "ခုလိုတွေ ဖြစ်နေတာ ဘာကြောင့်လဲ။ စနိုးဒင်းက ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ဗုံးလည်း တစ်လုံးမှ မထောင်ခဲ့ဖူးဘူးလေ"ဟု ဆိုသည်။ သို့သော်လည်း ၎င်းက မိမိသည် စနိုးဒင်းကို လေယာဉ်တစ်စင်းပေါ် တင်ကာ မော်စကိုမှ ခေါ်ထုတ်သွားရန် စီစဉ်နေသည် ဆိုခြင်းကိုမူ ငြင်းဆန်ပယ်ချသွားသည်။
 
FB သတင်းစာမျက်နှာမှ

No comments: