Monday, November 15, 2010

မြ၀တီတွင် လုံခြုံရေးချထားမှု မရုပ်သိမ်းသေး

နိုဝင်ဘာလ ၁၄ရက်။ ကေအိုင်စီ



ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က နအဖ စစ်အစိုးရတပ်နှင့် ဒီကေဘီအေတို့အကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ရပ်တန့်သွား ခဲ့သော်လည်း မြ၀တီမြို့တွင်း နေရာအနှံ့အပြား၌ စစ်တပ်မှ လုံခြုံရေးချထားကာ စောင့်ကြပ်လျှက်ရှိကြောင်း သိရသည်။

အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “လုံခြုံရေးတွေကတော့ အပြည့်ပါပဲ။ လမ်းဆုံတွေ၊ တောင်ကုန်းတွေ၊ တိုက်တွေပေါ်မှာ စစ် တပ်တွေက ဟိုတစု၊ ဒီတစု စောင့်ကြည့်နေတာပဲကော။ မြင့်တဲ့နေရာတွေမှာလည်း သူတို့ရှိနေတယ်။ ရဲတွေတော့ စောင့်တာ မတွေ့ရဘူး။”ဟု ဆိုသည်။

ယင်းသို့ မြ၀တီမြို့တွင် လုံခြုံရေးကို ချထားနေကြသူများမှာ စစ်တပ်မှဖြစ်ပြီး နယ်ခြားစောင့်တပ်များမှာ လုံခြုံရေးစောင့်နေမှု မရှိသော်လည်း မြို့တွင်း၌ လှည့်လည်သွားလာနေသည်ဟုလည်း မြင်တွေ့သူများက ပြောသည်။

“နေရထိုင်ရတာကတော့ စိတ်အချကြီး မဟုတ်သေးပါဘူး။ ဘယ်တော့ ထဖြစ်အုံးမလဲပဲ လူတွေက နားစွင့်နေကြတုန်း။ ည ဘက်ဆိုလည်း ကိုယ့်အိမ်ထဲမှာ မီးကို တပွင့်ထဲ ဖွင့်ထားရဲတာ။ အရင်လို တအိမ်လုံး ထိန်နေအောင် မဖွင့်ရဲဘူး။ ဘာဖြစ်လာ မယ်မှန်း မသိဘဲနဲ့လေ။ ပြောသံကြားတာက ဒီ ၁၃၊ ၁၄၊ ၁၅ရက်တွေမှာ သတိထားရမယ်လို့ ပြောနေကြတာပဲ။”ဟု ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ၌ ကုန်များကို ယခင်ကလို ညဘက်တွင် ကုန်တင်ကုန်ချမှုများ ပြန်လည် ပြုလုပ်နေ သလို မြ၀တီ-ကော့ကရိတ် ကားလမ်းလည်း ပြန်လည်သွားလာနေပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ရက်ကလည်း စစ်တပ်နှင့် ရဲများက မြ၀တီမြို့တွင် ရပ်ကွက်တခုချင်းစီအလိုက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ခေါ်ယူကာ နယ်ခြားစောင့်တပ်(BGF)နှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ၏ နေအိမ်များကို မနက်မှ ညနေအထိ စစ်ဆေးမေးမြန်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု နီးစပ်သူတစ်ဦးက ပြောပြသည်။

“သူတို့က အဖွဲ့အစည်းထဲက လက်ကျန်လူတွေကို လိုက်စစ်တာ။ BGF အိမ်လား၊ ဒီကေဘီအေအိမ်လားပေါ့ မေးတယ်။ လက် ရှိကော လုပ်နေသေးလားပေါ့။ ကျနော့်သူငယ်ချင်း ဒီကေဘီအေတယောက် သူက အောက်ပြန်ဆင်းသွားတယ်။ လာမေးတော့ သူ့ညီမပဲရှိတယ်။ သူ့အခန်းက သော့ခတ်ထားတော့ သော့ကိုရိုက်ဖျက်လိုက်တယ်။ နောက် အခန်းထဲမှာရှိတဲ့ သေနတ်ကျည် ဆံတွေကို သိမ်းယူသွားတယ်။ အဲဒါက အမှတ်(၅) ကျွန်းတောဘက်မှာ။”ဟု ဆိုသည်။

ထိုသို့ စစ်ဆေးခံရသည့် အခြားအိမ်ရှင်မတစ်ဦးက “သူတို့လာတာ ရပ်ကွက်လူကြီးနဲ့ စစ်သား လေးငါးဆယ်ယောက်၊ ရဲက လေးငါးယောက်ပါပဲ။ အိမ်ပေါ်တက်လာတာ ရဲဘော်လေးတွေပဲ။ သူတို့က ကျမယောက်ျားကိုမေးတယ်။ နောက် ကိုယ်ပိုင်နံ ပါတ်တွေ မေးတယ်။ ကျမလည်း မသိဘူး။ နောက်ပြီး သူ့အရာရှိနာမည်ကို မေးတယ်။ နောက် အခန်းထဲဝင်ရှာတယ်။”ဟု ပြော သည်။

အလားတူ ဘုရားသုံးဆူဘက်တွင် ပစ်ခတ်မှုများ တိတ်ဆိတ်သွားပြီး ထိုင်းဘက်ခြမ်းထွက်ပြေးသည့် လူထုမှာ နေရပ်ပြန်သွား ကြပြီးဖြစ်သော်လည်း နအဖ စစ်တပ်မှ လုံခြုံရေးချထားနေဆဲဖြစ်သည်ဟု ဘုရားသုံးဆူမြို့တွင် နေထိုင်သူများက ပြောသည်။

လက်ရှိအချိန်ထိ မြ၀တီဈေး၌ ဈေးသည်ဈေးဝယ်များသာ သွားလာရောင်းဝယ်မှုရှိပြီး ဌာနဆိုင်ရာ ရုံးများ။ စာသင်ကျောင်းများ နှင့် ဘဏ်များ ဖွင့်လှစ်ခြင်းမရှိသေးသလို အိမ်ဆိုင်၊ စတိုးဆိုင်ကြီးများလည်း မဖွင့်သေးကြောင်း သိရသည်။

No comments: