Thursday, May 19, 2011

နေပြည်တော်ကလိမ်လည်မှု

18 May 2011

မေလ်ထဲကပါ


ကျွန်တော်တို့ မိသားစု ခံစားခဲ့ရတာလေးတွေကို တခြားသူတွေ သင်ခန်းစာ ရဖို့ ဒီဘလော့လေးကို ရေးဖွဲ့လိုက်ပါတယ်။

ကျွန်တော် တို့က မန္တလေး ၇၉ လမ်း ၊ ၂၉ x ၃၀ ကြား မှာ မိုးကုတ် ရွှေနှင်းတောင် အမည်နှင့် ထမင်းဆိုဖွင့်တယ် ဗျ. ကျွန်တော်တို့ ဆိုင်လေးက သိပ်မျက်နှာစာမကျယ်လို့ မမြင်ရပေမယ့် စားသုံးသူ ပေါပါတယ်။

၉-၅-၂၀၁၁ ရက်နေ့ ကပေါ့ဗျာ . ကံကြမ္မာဆိုး စ၀င်ရောက်တာပါပဲ . ။ အဲ့အချိန်မှာ ကျွန်တော် နဲ့ ကျွန်တော့် အမေ မရှိဘူး . ။ အပြင်သွားနေတာပေါ့. ။ ဆိုင်မှာ အဖေ ရယ် ၊ အစ်မ ရယ် ကျန်ခဲ့တယ်. ။ အိမ်က ကျွန်တော့်ဆီ ဖုန်းဝင်လာတယ်ဗျာ . လိုရင်းကိုပြော မယ်ဗျာ . စာဖတ်သူ စိတ်ညစ်မှာစိုးလို့ . ။

အဖေက ပြောတယ်. ။

'ဆိုင်ကို ဖုန်းဆက်တယ်ကွ . နေပြည်တော် ကတဲ့ . ။ သူတို့ ဆီမှာ ထမင်း လိုက်ချက်ပေးရမယ်. တဲ့
တစ်ပွဲ ကို ၂၅၀၀ နှုန်းနဲ့ . ။ တစ်ရက်ကို ပွဲ ၄၀၀ တဲ့.။ တစ်နှစ် စာချုပ် ချုပ်ရမယ်လို့လဲ ပြောတယ်. ။ အဲ့ဒါ အဖေက ခဏနေမှ ဖုန်းပြန်ဆက်ပါ . တိုင်ပင်လိုက်ပါဦးမယ် လို့ ပြောလိုက်တယ်. ။ အဲ့ဒါ အမေ့ကို ပြောတာ .အမေ ခုပြန်လာခဲ့တော့ " တဲ့.

အမေ နဲ့ အဖေ ဖုန်းပြောလို့ ပြီးပြီးချင်း အိမ်ကို တန်းမောင်းသွားလိုက်ပါတယ်. ။ အိမ်ရောက်တော့ တိုင်ပင်တာပေါ့. ။ နောက်ဆုံး အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ကြတယ်. ။

ခဏနေတော့ ဖုန်းပြန်လာတယ်ဗျ. အိမ်မှာဖုန်းနှစ်လုံးရှိပါတယ်. ။ ဒါပေမယ့် ဆိုင်ကိုအဆက်အသွယ်လုပ်နေတာက ဆိုင်ကဖုန်းနဲ့တော့မဟုတ်ဘူး . ။ ကျွန်တော်တို့ ဆိုင်နဲ့ တစ်အိမ်ခြားတဲ့ PCO ဖုန်းဆိုင်လေးကပါ။ ( အဲ့ဆိုင်က ဖုန်းနံပါတ်ကို ၂၀၀၉ ခုနှစ်ထုတ် မန္တလေး လမ်းညွန်မှာ ထည့်သုံးခဲ့ဖူးတယ်. နောက်တော့ အိမ်က ဖုန်းတွေကိုပဲ လမ်းညွန်ထဲ ထည့်သုံးတော့တာပါ။ ) ဖုန်းလာတော့ အမေသွားကိုင်တယ်. ။ လုပ်ငန်းသဘောတူတယ်ပေါ့. ။ အဲ့တော့ တစ်ဖက် လူက ဖုန်းပြန်ချိန်းတယ် . မနတ်ဖြန် နေ့လည် ၂ နာရီ ဖုန်းပြန်ဆက်မယ် တဲ့.။

ဒီလိုနဲ့ ဗျာ နောက်နေ့ ၂ နာရီ မထိုးခင် အိမ်ကဖုန်းကို ဖုန်းလာတယ်. ။ သူတို့ ဆက်တာ .။ သူ့ကိုသူ မိတ်ဆက်တယ်. ။ ကျွန်တော်က ဗိုလ်ကြီးမျိုးအောင် ပါ တဲ့.။ အစ်မ တို့က နေပြည်တော် စစ်ဋ္ဌာနချုပ်မှာရှိတဲ့ လူကြီးတွေကို ထမင်းချက်ပေးရမှာပါတဲ့ .။ ဘယ်သူတွေကို ကြွေးရမယ်ဆိုတာကိုတော့ အပြင်ကို မပေါက်ကြားစေတာကြောင့်အစ်မတို့ နောက် နေပြည်တော်ကိုေ၇ာက်လာမှပဲ အသိပေးမယ်. တဲ့ ။ နောက် ခဏနေရင် အဘ လာလိမ့်မယ် . သူနဲ့ စကားပြော ပါဦး .. လို့ ပြောတယ်. ။

ကျွန်တော်တို့ စိတ်ထဲမှာကလည်း အဘ ဆိုတာကို သူတို့ရဲ့အကြီးအကဲ ပဲလို့အောက်မေ့ မိလိုက်တယ်. ။ နေပြည်တော် မှာ ဆိုတော့လည်း ဟုတ်ချင်ဟုတ်မှာပေါ့ လို့ ထင်ထားလိုက်တယ်. ။

ခဏနေတော့ ဖုန်းပြန်လာတယ်ဗျ. အဘ ဆိုသူပဲ . ။ သူကပြောတယ်.
"အစ်မတို့ ဆိုင်က တော်စားကောင်းတယ်ပြောတယ် ဗျာ . ဒီမှာ တာဝန် ထမ်းနေတဲ့ ဗိုလ်တွေ ၁၀ ယောက် မေးရင် ၇ ယောက်လောက်က အစ်မဆိုင်ပဲ ပြောနေလို့ပါ ။ ဒီမှာချက်တဲ့သူက လူကြီးအပြောင်းအရွှေ့ကြောင့် ပြောင်းသွားတာ . အခုတော့ သူတို့ကို အပြင်ကမှာကျွေးနေရတယ်. ။ အစ်မတို့ တကယ်လုပ်နိုင်မလားမသိဘူးဗျာ . အစ်မတို့က ချက်ပြုပ်ပေးရုံပါပဲ . စားပွဲထိုးဖို့က ဒီမှာ ဗိုလ်လေးတွေ ထိုးမှာ ။ ပန်းကန်တွေလည်း ဒီမှာ ရှိပြီးသား ။ အစ်မတို့က ချက်ပြုပ်ပေးဖို့ အိုးပဲယူလာရုံပဲ . အစ်မတို့ နေဖို့ကိုလည်း ပေးပါတယ်. ။ ဒါပေမယ့် အစ်မတို့ အာမခံကြေးငွေ သိန်း ၅၀ ယူလာရပါမယ်.။ မနတ်ဖြန် နံနတ် ၇ နာရီ နေပြည်တော် ဘောဂသီရိ ကားကွင်းမှာ လာကြိုပေးပါမယ်. ။ အစ်မတို့ဘက်က ဘယ်သူတွေ ပါမလဲ . ။ ဘာကားနဲ့လာမလဲ . ။ သေချာပေးပါ "
လို့တောင်းတော့ အမေက အမေ၊ အဖေ ၊ ကျွန်တော် သုံးယောက် လာမယ် ဆိုပြီး ပြောပါတယ်. ။ အဲ့လိုပြောတော့ မှတ်ပုံတင်နံပါတ်တွေ တောင်းတယ်. ။ ကျွန်တော်က လူငယ်ဖြစ်နေတဲ့ အတွက် နိုင်ငံရေးကင်းရှင်းလားလို့လဲမေးတယ်. ။ နောက် မနတ်ဖြန် နေပြည်တော်ကို လာရင် မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုစရင်းမိတ္တူတွေ ယူလာဖို့လည်းပြောတယ်. ။ နောက် ကျွန်တော့်အစ်မက သူ့ယောက်ခမ ကားယူသွားမယ် ဆိုပြီး SUNNY ကား ၊ ကားနံပါတ ဗ/ **** ဆိုပြီးပြောလိုက်တယ်. ။

သူတို့က ဖုန်းနံပါတ် ၀၉ ၄၈၈၈၅၈၁၃ လို့ပြောတယ်. ။ နေပြည်တော်ကို မလာတတ်မှာစိုးလို့ ဖုန်းတစ်ညလုံးဖွင့်ထားပေးမယ် လို့လည်းပြောပါတယ်.။ နောက်ပြီး ဗိုလ်တွေက ကျွန်တော်တို့ ဆိုင်ကို ကြိုက်တယ် ဆိုတာလည်း ဟုတ်တယ်ဗျာ. ကျွန်တော်တို့ ဆိုင်က ဘူတာကြီးအနောက်ဘက် ကုန်းဆင်းမှာ ဆိုတော့ ဗိုလ်လောင်းသင်တန်းဆင်းရင် အိပ်စရာမရှိလို့ တစ်ညလုံး ဆိုင်အပေါ်ထပ်မှာ အိပ်ကြ တာလည်း အများကြီး ။ ကျွန်တော်တို့ အိမ်မှာတည်းရင်း အပွင့်တွေ တစ်တန်းကြီးဖြစ်သွားတာတွေလည်း အများကြီးပဲ ဆိုပါတော့. ။

အဲ့နေ့ညပဲ ကျွန်တော်တို့လည်း ပိုက်ဆံ အသည်းအသန်ရှာရတယ်. ။ ကျွန်တော်တို့ က ပိုက်ဆံရှိတဲ့ သူတွေမဟုတ်ပါဘူး ။ တစ်ရက်လုပ် တစ်ရက်စားတွေပါပဲ .။ သိန်းငါးဆယ် က အာမခံကြေးငွေ ဖြစ်လို့ အလုပ်ထွက်ရင် ပြန်ရမှာပဲ ဆိုပြီး သူများနားက အတိုး နဲ့ ခဏဆွဲလိုက်တယ်. ။ ည ၇ နာရီလောက်က မန္တလေးက ထွက်ပါတယ်. ။ အဲ့နေ့က ၁၁-၅-၂၀၁၁ ရက်နေ့ပေါ့. ။

နောက်နေ့မနက် ၁၂-၅-၂၀၁၁ မနက် သုံးနားရီလောက် နေပြည်တော်ကို ရောက်တယ်. ။ နေပြည်တော်ကို ဘယ်သူမှ မရောက်ဖူးကြပါဘူး ။ အဲ့တော့ ဟိုမေး ဒီမေးနဲ့ စည်ပင်တည်းခိုရိပ်သာ ကို သွားကြတယ်. ။ သွားတုန်းကတော့ အဖေ ၊ အမေ ၊ ကျွန်တော့အစ်မ နဲ့ သူ့ယောကျာင်္း ၊ ကလေး ၂ ယောက် နှဲ့ ကျွန်တော် တို့ပါ. ။ မမ တို့က လိုက်လည်တာပေါ့. ။ သူတို့က တည်းခိုရိပ်သာမှာ နေခဲ့ပြီး ကျွန်တော်တို့က စစ်တပ်ကနဲ့ တွေ့မယ်လို့ စိတ်ကူးထားကြပါတယ်. ။

မနက် ၇ နာရီ မထိုးခင်မှာပဲ ကျွန်တော်တို့ တည်းခိုရိပ်သာက နေ ဘောဂသီရိ ကားကွင်းကို ထွက်လာတယ်. ။ ဘောဂသီရိရောက်တော့ ရှိုင်း စားသောက်ဆိုင်မှာ စောင့်နေလိုက်တယ်. ။ ဖုန်းဆက်တော့ ခဏလေးပါ တဲ့ တန်းစီ ရဦးမှာမို့လို့ပါ လို့ပြောတယ်. ကျွန်တော်တို့ စောင့်နေပြီး ၈ နာရီ ၁၅ လောက်မှာ Light Truck ကား (ကားနံပါတ် မမှတ်မိ) ရောက်လာတယ်. ။ လူ သုံးယောက်ဆင်းလာပြီး တစ်ယောက်ကတော့ ကားပေါ်မှာ ကျန်ခဲ့ပါတယ်. ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ကားပေါ်က ထိုင်စောင့်နေတာပါ ။ သူတို့က လာမေးတယ်ဗျ . ဒေါ်လဲ့လဲ့ဝင်း တို့လားတဲ့ ။ ကျွန်တော်တို့ က ဟုတ်တယ် လို့ပြောတယ်. ။ နောက် စားသောက်ဆိုင်ထဲကို ပြန်ဝင်သွားကြပါတယ်.

စားသောက်ဆိုင်ထဲရောက်တော့ အစားအသောက် ချက်ပြုတ်ရင် Chemical တွေ မသုံးဖို့ နဲ့ ကျွန်တော်တို့ကို B ပိုး C ပိုး စစ်ဆေးဖို့လိုသေးကြောင်းပြောတယ်. ။ ပြီးတော့ သူတို့ကို လာဘ်ပေးဖို့ ပြောတယ်. ။ အမေက ငါးသိန်း ပေးပါမယ်လို့ ပြေားထားပါတယ်. ။ တစ်ယောက်က ပြောတယ် . ကျွန်တော်က မြစ်ကြီးနားက ပြောင်းလာတာပါတဲ့ ။ အဲ့ဒီမှာ စားပေါက်ရှိတယ်. ။ ဒီမှာက ဒီလို အလုပ်ဖြစ်မှ စားရတာ လို့ပြောပါတယ်.။ အမေကလည်း ဒါမျိုး သိတယ်လေ. ။ဒီတော့ ပွင့်လင်းတယ်လို့ပဲ ကျွန်တော်တို့ မှတ်ချက်ချလိုက်ပါတယ်. ။

နောက် သွားဖို့ပြင်တော့ နှစ်ယောက်ပဲ လိုက်ခဲ့ဖို့ပြောတယ်. ။ အဘ နဲ့တွေ့ ရျမှာဖြစ်လို့ လူများရင် မကောင်းဘူးလို့ ပြောပါတယ်. ။ ဒီတော့ ကျွန်တော် နေခဲ့ပြီးအဖေ နဲ့ အမေ လိုက်သွားကြပါတယ် ။ ကျွန်တော်က တော့ ဘောဂသီရိ ကားကွင်းမှာပဲ စောင့်ကျန်ရစ်ခဲ့တယ်. ။

ကားပေါ်တတ်တော့ အဖေ့ကို အနောက်မှာ ထိုင်ခိုင်း တယ်. ။ အမေ့ကို ကျတော့ ရှေ့ခန်းအလယ်မှာ ထိုင်ခိုင်းပြီး မောင်းထွက်သွားကြပါတယ်. ။

နောက် တစ်နာရီလောက်အကြာမှာ အမေတို့ ပြန်ရောက်လာတယ်. ။ ဒါပေမယ့် ကားနဲ့မဟုတ်တော့ဘူး ။ ဆိုင်ကယ် နဲ့ ဖြစ်နေတယ်. ။ အမေ့ကို မေးကြည့်တော့ အမေက သူတို့အဘက လှမ်းခေါ်လို့ အမေတို့ကို ဆိုင်ကယ်ငှားပေးလိုက်တာလို့ပြောပါတယ်. ။ အဖေက အဲ့ကနေ စပြီး မသကာင်္တော့ဘူးပေါ့. ။ အဘ နဲ့ တွေ့ခဲ့ရပြီး ပိုက်ဆံလည်း ပေးခဲ့ရကြောင်း ၊ ပိုက်ဆံပေးခဲ့ရပုံမှာ စာချုပ် စာတမ်း တစ်စုံတစ်ရာမရှိဘဲ ပေးခဲ့ရကြောင်း ၊ နောက် ရုံးခန်းထဲမှာ မဟုတ်ဘဲ အဘဆိုသူက ကားနဲ့လိုက်လာပြီး ဆိုင်တစ်ဆိုင်သို့သွားကာ အဆိုပါ ဆိုင်မှာပဲ ပိုက်ဆံပေးခဲ့ရကြောင်း လုပ်ငန်းပါမစ်ကို နေ့ ၂ နာ၇ီလက်မှတ်ထိုးထုတ်ပေးမည်ဖြစ်ကြောင်း ၊ ထိုသူတို့မှာ စစ်တပ်အတွင်းမှ ကကကြည်း (၁) ၊ သပြေ (၂) မှ ဖြစ်သည်ဟု ပြောကြောင်း အဖေက ပြောပြပါတယ်. ။

ဒီလို သကာင်္မကင်းဖြစ်တာနဲ့ ကျွန်တော်တို့လည်း နေပြည်တော်မှာ ရှိတဲ့ မရှိမဲ့ရှိမဲ့ အမျိုးဆီသွားရပါတော့တယ်. ။ သူက GE ကဆိုတော့ စစ်တပ်အကြောင်းနည်းနည်း နားလည်မှာပေါ့.

သူ့ဆီရောက်တော့ အားလုံးပြောပြတယ်.သူကလည်း ဟုတ်တယ်. ဒီလိုပဲ စစ်တပ်နဲ့အလုပ်လုပ်ရတာ ပါးစပ်စာချုပ်ပဲ ရှိကြောင်း ၊ ပါမစ် ချက်ချင်းရရန် မလွယ်ကြောင်း ၊ အဖေတို့ သွားခဲ့တဲ့ နေရာ အနေအထားကို ပြောပြတော့လည်း စစ်တပ်ဝင်းထဲဖြစ်နိုင်ကြောင်းပြောပါတယ်. ။ ကကကြည်း ဆိုသည်မှာလည်း ကြည်းအုပ်ချုပ်ရေးဖြစ်ကြောင်း ၊ သပြေ (၂) ဆိုသည်မှာလည်း တကယ်ရှိကြောင်း ထို့ကြောင့် စိတ်ပူ ရန်မလိုကြောင်းပြောခဲ့ပါတယ်. ။

နေ့ ၁၂ နာရီရောက်တော့ အမေက ဖုန်းဆက်ကြည့်တယ်. ။ လာရတော့မလား ဘောဂသီရိ ကိုဆိုတော့ ဒီနေ့ မလာဖြစ်တော့ဘူး ။ လူကြီးခရီးစဉ် ရှိလို့ လို့ပြောပါတယ်. ။ သူတို့တွေ တောင်ပေါ် ရောက်နေတယ် လို့လည်း ပြောပါတယ်.။ နောက် တနင်္ဂနွေ နေ့ နေပြည်တော်ကို ပြန်လာဖို့ နဲ့ ၁၇-၅-၂၀၁၁ ( ယနေ့ ) အလုပ် စ၀င်ဖို့ ပြောပါတယ်. ။

ဒါကြောင့် အမေက ပြန်ပြီးအစ်ကို တစ်ဝမ်းကွဲဆီကိုဖုန်းဆက်ကြည့်တော့ လူကြီးခရီးစဉ် တကယ်ရှိနေကြာင်း ၊ တရုတ်ပြည်မှ ဧည့်သည်တော်တွေ လာနေတာဖြစ်ကြောင်း ပြောပြပါတယ်. ။တောင်ပေါ် ဆိုတာကလည်း အပြင်လူမ၀င်ရတဲံ စစ်တပ်ဝင်းထဲက နေရာတစ်နေရာ ဖြစ်တယ်လို့ ပြောပါတယ်.။ ဒီလိုနဲ့ စိတ်ချစွာပဲ နောက်နေ့ မနတ် အစော ထပြန်လာခဲ့ပါတော့တယ်.

ဒါပေမယ့် ပိုက်ဆံပေးလိုက်တဲ့ အိတ်ထဲမှာ ကျွန်တော့် ယာဉ်မောင်းလိုင်စင် ပါသွားတာကြောင့် သိမ်းထားပေးဖို့ ဖုန်းဆက်တော့ ဖုန်းက ဆက်လို့မရတော့ပါဘူး . ။ လုံးဝ မကိုင်တော့ဘူး ။ ဒီတော့ ပြန်ရင်းကားပေါ်မှာတင်ပဲ အစ်ကို့ကိုဖုန်းဆက်မေးတော့ လူကြီးတွေနဲ့လိုက်နေရတယ်ဆိုရင် ဖုန်းပိတ်ထားရတယ်လို့ပြောပါတယ်. ။ ဒီတော့ ကျွန်တော်လည်း Vir ပဲ လုပ်ထားတယ်ထင်တယ်လို့ ပြောခဲ့ပါသေးတယ်. ။

မန္တလေး ပြန်ရောက်တော့ လုံးဝ ဆက်သွယ်လို့မရတော့ပါဘူး ။ ဖုန်းက စက်ပိတ်ထားတယ်လို့ပဲ ပြောနေပါတယ်. ။ ကျွန်တော်တို့လည်း အဆက်အသွယ်မရဘဲ တနင်္ဂနွေ လာခဲ့ ဆိုတာနဲ့တင် နေပြည်တော်ကို ထပ်မတက်ရဲတော့ဘူး ။ ဒီတော့ မန်းကနေပဲ စုံစမ်းနေပါတယ်. ။ မနေ့ကအထိ စုံးစမ်းကြည့်နေတာပါ။ မနေ့က ဖုန်းနံပါတ်ကို စုံစမ်းရင်တော့ ရမှာပဲ ဆိုပြီး စုံစမ်းကြည့်တော့ ဖုန်းနံပါတ်က ၀၉ ၄၈ နဲ့ စရင် တစ်ခါသုံး ဖုန်းတွေလို့ပြောတော့မှ တကယ်အလိမ်ခံရမှန်းသိလိုက်ရပါတယ်. ။ အဖေက မနေ့ကတည်းက နေပြည်တော်ကို လိုက်သွားပါတယ်. ။

အမေတို့ကို သေချာမေးကြည့်တော့ အမေတို့ကိုခေါ်သွားတုန်းက လမ်းမှာ ဆီဖြည့်သေးတယ်လို့ ပြောပါတယ်. ။ ဆီဖြည့်တော့ ဆီဆိုင်က လူက "ဆရာတို့ ဘယ်ကလည်းဗျ" လို့မေးတော့ ငါတို့က သပြေ ၂ က လို့ပြောခဲ့တယ်တဲ့.။ ပြီးတော့ အမေတို့ကို ဒီမှာ နေရပြီး ဒီမှာ ချက်ပြုတ်ရမှာလို့ တိုက်အ၀ါညစ်ရောင်တစ်ခုကို လက်ညိုးထိုးပြခဲ့ပါတယ်တဲ့ .။ နောက် သူ့ဘေးက ကွင်းကို ဒီမှာက စစ်ရေးပြတာ လို့လည်း ပြောပြခဲ့ပါတယ်တဲ့ ။ ပြီးတော့ နည်းနည်းသွားပြီး ဈေးတစ်ခုကို ဒါက တပ်ဈေး လို့လည်း ပြောပါတယ်တဲ့။ အပြန်ကျတော့ လမ်းတစ်နေရာမှာ ဆိုင်ကယ်နဲ့ ပြောင်းပြီးပို့ဖို့ ကားရပ်လိုက်တော့ အနီးအနားက ဆိုင်ကယ် Taxi လိုက်တဲ့ထဲက လူတစ်ချို့က "ဆရာကြီး ဘယ်နှစ်ယောက်လဲ" လို့လှမ်းမေးပါတယ်တဲ့။

ဒီကနေ့ အဖေ နဲ့ အစ်ကို ၀မ်းကွဲ တို့ သေချာသွားကြည့်တော့ အဖေတို့ ပိုက်ဆံပေးခဲ့တဲ့ နေရာက ရွာတော်ဈေး ခေါ် မင်္ဂလာ ဈေးက အာကာထက် ထမင်းဆိုင် မှာ ဖြစ်ပါတယ် . ။ အဖေတို့ကို ဒီမှာချက်ပြုတ်ရမယ် ဆိုတာကတော့ ဇေယျာသီရိ ကုန်တိုက် ဖြစ်ပြီး စစ်လေ့ကျင့်ကွင်း လို့ပြောခဲ့တာကတော့ ဇေယျာသီရိ အားကစားကွင်း ဖြစ်နေပါတယ်. ။

ဗိုလ်ကြီးမျိုးအောင် ဆိုသူကတော့ သပြေ ၂ မှာ တကယ်ရှိနေပေမယ့် အဖေတို့တွေ့ခဲ့တဲ့ မျိုးအောင် ဆိုသူမဟုတ်တာကိုလည်း တွေ့ခဲ့ရပါတယ်. ။

လိမ်ခံရတယ်ဆိုတာ ၉၀ % သေချာနေပြီပေါ့ဗျာ . ။လိမ်သူတွေက ပျော်နေကြပေမယ့် သူများပိုက်ဆံကို အတိုးယူပြီး လုပ်ထားတဲ့ ကျွန်တော့်တို့မှာတော့ သေမလောက်ပါပဲ . ။ မတော်ရင် တရားတဘော့င်နဲ့ ရင်ဆိုင်ပြီး မင်းပြစ်မင်းဒဏ်ကိုလည်း ခံရဦးမှာပါ ။ မသိနားမလည်သူတွေကို စစ်တပ်အမည်ခံပြီး ဒီလိုလုပ်စားနေတာတွေရှိနေပါတယ်. ။ စစ်တပ်က ဆိုတော့ မလိမ်လောက်ဘူး လို့ ယုံစားမိခဲ့တာတွေ မှားပြီပေါ့. ။အမေ့မှာလည်း အိပ်ယာထဲ ဘုန်းဘုန်းလဲလျှက်ပါ. ။ သိန်း ၅၀ ဆိုတာ ကျွန်တော်တို့ ၂ နှစ်လောက်ရှာဆပ်ရမယ်လို့ ယေဘုယျ တွက်ကြည့်ကြပါတယ်. ။ သားအမိတွေ ဖတ်ဖတ်ပြီး ငိုရတာလည်း မျက်လုံးတွေတောင် မဖွင့်ချင်တော့ပါဘူးဗျာ. ။နေပြည်တော် ဆိုတာ ကြီးကျယ်ပေမယ့် ဒီလို စစ်တပ်အမည်ခံ လိမ်စားသူတွေရှိနေပါတယ်. ။ ကျွန်တော်တို့ တွေးသလောက် ဒီလိုလိမ်လည်မှုမျိုးက စစ်တပ်ထဲကလူ တစ်ယောက်မပါဘဲ လိလ်လို့မရပါဘူ။ .။ ဘာလို့လည်းဆိုတော့ သူပြောသလို ထမင်းဟင်းချက်တဲ့သူ ပြန်သွားတာ တွေကလည်း မှန်နေပါတယ်. ။ အပြင်ကမှာစားနေရတာလည်း မှန်နေပါတယ်. ။ ပြီးတော့ စစ်တပ်က လုပ်သလို စည်းကမ်းတကျ လုပ်သွားပါသေးတယ်. ။ အပြင်လူမ၀င်ရတဲ့ နေရာက အခေါ်အဝေါ်တွေ ကိုလည်း သူတို့ သိနေပါတယ်. ။

ကျွန်တော်တို့ကို ငွေရေးကြေးရေးက လွဲပြီး ကူညီနိုင်တာများရှိရင် ကူညီပေးဖို့ တောင်းခံချင်ပါတယ်ဗျာ . ။ တကယ်ဒုက္ခရောက်နေပြီ . ။ စုံးစမ်းနိုင်တာများရှိရင် ဒါမှ မဟုတ် အပေါ်မှာ ပြထားတဲ့ ဖုန်းနံပါတ်နဲ့ ပါတ်သက်ပြီး တစ်ခုခုများ သိရှိခဲ့ရင် အကြောင်းကြားပေးကြဖို့ တောင်းခံချင်ပါတယ်. ။ ဒီဘလော့ကို ဋ္ဌာန ဆိုင်ရာတစ်ခုခုက ဖတ်မိရင်လည်း အကူအညီပေးစေချင်ပါတယ်ဗျာ .

သတင်းထူးရင် ကျွန်တော့်ကို ဆက်သွယ်ဖို့ကတော့

သူရဖြိုး
ဖုန်း ၀၉ ၄၃၀၄၆၁၉၆

ရွှေနှင်းတောင်
ဖုန်း ၀၉၉၁၀၂၂၆၃၄ ကိုဆက်သွယ်ပေးပါ.

No comments: