
မယ်လ ဒုက္ခသည်စခန်းအတွင်း နိုင်ငံတကာ ဒုက္ခသည်များနေ့ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မယ်လ ဒုက္ခသည်စခန်းရှိ ကချင်တိုင်းရင်းသား များကလည်း ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် ဒေသခံလူထု ဒုက္ခရောက်နေကြသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့၏ ဆန္ဒများကို ပြောဆိုသည်။
ကချင် ဒုက္ခသည်တဦးက “ကချင်အပါအ၀င် တိုင်းရင်းသားတွေကို မတရားထိုးစစ်ဆင် တာတွေ ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီစခန်းကနေ တဆင့် နိုင်ငံ တကာက သိရှိအောင် ကျနော်တို့ နှိုးဆော်တာ ဖြစ်တယ်။ နိုင်ငံတကာကလည်း ကချင်မှာ ဖြစ်နေတဲ့ အနေအထားတွေကို ၀ိုင်းဝန်းပြီးတော့ ကန့်ကွက်နိုင်ဖို့အတွက် ကျနော်တို့က ဆန္ဒ ထုတ်ဖော်တာပါ” ဟု ပြောသည်။
မယ်လစခန်းတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထွက်ပြေး ရောက်ရှိလာသည့် ကချင်တိုင်းရင်းသား ၃၀၀ နီးပါးရှိကြောင်း ၎င်းက ဆိုသည်။
ယနေ့ ကျင်းပသည့် အခမ်းအနားကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့ ၁၃ ဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။
မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဆိုသည့် မကြာသေးခင်က ထိုင်းအစိုးရ၏ ပြောကြားချက်ကြောင့် ဒုက္ခသည်များအားလုံး စိုးရိမ်ကြောက်လန့် နေကြသည်ဟု လားဟူ ဒုက္ခသည် တဦးက ပြောသည်။
လီဆူး ဒုက္ခသည် တဦးကလည်း “ကျမတို့ရဲ့ အနာဂတ်ဟာ လက်ရှိ အခြေအနေအရ ထိုင်းအစိုးရရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ကျမတို့ မြန်မာဒုက္ခသည် အားလုံးကို လူသားချင်း စာနာစေချင်ပါတယ်” ဟု ဆိုသည်။
မဲဆောက်အခြေစိုက် UNHCR ရုံး၏ လက်ထောက်တာဝန်ခံ Mr. KUL THONG LIM က ဒုက္ခသည် များအား မြန်မာပြည် ပြန်ပို့မည့် အစီအစဉ်သည် ထိုင်းအစိုးရ၏ မူဝါဒ ဖြစ်သော်လည်း ချက်ချင်း အကောင်အထည် ဖော်ရန် မဖြစ်နိုင်သေးကြောင်း၊ အချိန် ယူရဦးမည် ဖြစ်ကြောင်း ပြောသည်။
သူက “သုံး၊ လေးနှစ်အတွင်းမှာ ဖြစ်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး” ဟု ဆိုသည်။
ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက် ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိသည့် မယ်လ ဒုက္ခသည် စခန်းတွင် ကရင်၊ ကချင်၊ ချင်း၊ ကယန်း၊ မွန်၊ ပအိုဝ်း၊ နာဂ၊ ရှမ်း၊ လီဆူး၊ လားဟူ၊ ဗမာ၊ ရခိုင် အပါအ၀င် မြန်မာတိုင်းရင်းသား ၅၀၀၀၀ ခန့် နေထိုင်လျှက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့် ရှိသည်ဟု ဒုက္ခသည်များကိစ္စ ဆောင်ရွက်ပေးနေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ မှတ်တမ်းများအရ သိရသည်။
No comments:
Post a Comment