Monday, September 19, 2011

ကုလားမနိုင် ရခိုင်မဲတဲ့ ကြံ့ဖွတ်အစိုးရရဲ့တပ်မတော်


ကြံ့ဖွတ်သိန်းစိန်အစိုးရ တပ်တွေဟာ KIA -ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ တကျော့ပြန်တိုက်ပွဲပြန်လည်
ဖြစ်ပွားပြီး များမကြာမီမှာပဲ ကစဥ့်ကလျားမဟုတ်ရုံတမယ် နောက်ပြန်လှည့်တပ်ဆုတ်သွားခဲ့ကြောင်း သိရပါတယ်။

ဒီလိုတပ်ဆုတ်တဲ့နေရာမှာ အစိုးရတပ်ရဲ့ ရှိရင်းစွဲဗီဇအတိုင်း အနီးအနားရွာက ကချင်အမျိုးသမီးတွေကို မုဒိမ်း ကျင့်မှုများ မကြားသိခဲ့ရသော်လည်း လူမဆန်စွာ ကချင်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

အစိုးရတပ်မှ အကျအဆုံးများတဲ့အတွက်  ကုလားမနိုင် ရခိုင်မဲပြီး ယခုလို ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ် 
ကြောင်း KIA က ဆိုပါတယ်။

ဒီအစိုးရတပ်ဟာ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ ခလရ (၃၇)၊ (၂၉)၊(၄၃၈) ပူးပေါင်းအင်အား (၃၀၀) ကျော်ရှိပြီး စက်တင်ဘာ(၁၃)ရက်နေ့မှစတင်ပြီး KIA ဌာနချုပ်နှင့်မလှမ်းမကမ်းက KIA တပ်တွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ နယ်မြေကျွမ်းကျင်မှုနဲ့ ထိရောက်တဲ့ ပြောက်ကျားစံနစ်ဖြင့် KIAဘက်က ပြန်လည်တုံ့ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။

KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းက ဒီတိုက်ပွဲတွေမှာ သိန်းစိန်ကြံ့ဖွတ်အစိုးရဘက်က အကျအဆုံးနဲ့အပြင်းအထန် ဒဏ်ရာရသူပေါင်း(၃၀)ခန့်ရှိကြောင်း ပြောပါတယ်။

အစိုးရတပ်တွေဟာ ဆုတ်ခွာလာရာလမ်းတစ်လျှောက်ရှိ ကျေးရွာတစ်ချို့ကို မီးရှို့ခဲ့ပြီး မနေ့ညမှာတော့ အစိုးရတပ်စခန်းထိုင်ရာအနီးအနားက (နမ်ဆမ်ရန်)ရွာကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

KIO အရာရှိတစ်ဦးက - သူတို့က KIAကိုစစ်ရှုံးပြီး ပြန်ထွက်တော့ မကျေမနပ်ဖြစ်ပြီး မီးရှို့တာ၊ စခန်းနားက ရွာတွေကို လိုက်ပြီး မီးရှို့ပြီးရှင်းတဲ့သဘောပေါ့ - လို့ဆိုပါတယ်။
အလားတူ မနေ့က ညနေပိုင်းကလည်း အစိုးရတပ်တွေဟာ မြစ်ကြီးနားကနေ လိုင်ဇာမြို့ကို လာနေတဲ့ ခရီးသည်တင်ကားတွေ စုဝေး ရပ်နားနေကြတဲ့ နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ကား၂ စီး ပျက်စီးပြီး ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့ ဦးလာနန်းက ပြောပါတယ်။

No comments: