Friday, November 18, 2011

ရန်ကုန်မြို့ပြင်သစ် သံရုံးက ဖိုးလပြည့်ကို ဗီဇာထုတ်ပေး – Than Shwe’s grandson receives visa from French embassy in Rangoon


မိုးမခအထောက်တော် အမှတ် ၀၁၃
နိုဝင်ဘာ ၁၇၊ ၂၀၁၁
မြန်မာပြည်ကို နှစ်ပေါင်းများစွာ ချုပ်ကိုင် စိုးမိုးခဲ့သော ဦးသန်းရွှေ၏ နာမည်ကျော် မြေးဖြစ်သူ ဖိုးလပြည့် (ဓာတ်ပုံ - မိုးမခ)

ရန်ကုန်မြို့ပြင်သစ်သံရုံးက ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်အား ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ယနေ့ ရေးသားလိုက်သည်။

အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်ထားသူများစာရင်းတွင် ထင်ရှားစွာ ပါဝင်သည့် ဖိုးလပြည့်သည် မည်သည့်အကြောင်းကြောင့် ထိုသို့ ဗီဇာရရှိသွားခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားခြင်း မရှိချေ။
သို့သော်လည်း ပြင်သစ်သံအရာရှိတဦးက “ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးအဖြစ် မြန်မာပြည်ကို အနှစ် ၂၀ နီးပါး ချုပ်ကိုင်ခဲ့သူ ဦးသန်းရွှေ၏ မြေးဖြစ်သော ဖိုးလပြည့်သည် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဗီဇာပိတ်ပင်ခံထားရသည့်ဖိုးလပြည့်အား ရန်ကုန်မြို့ပြင်သစ်သံရုံးက ဗီဇာထုတ်ပေးသည်ဆိုသောအချက်မှာ မထူးဆန်းပါဟု အနောက်တိုင်းသံရုံးတခုတွင် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ဖူးသူ မြန်မာပြည်သားတဦးက မိုးမခကို ပြောသည်။
ဖိုးလပြည့်၏ နိုင်ငံကူးလက်မှတ်တွင် ကိုယ်ရေးအချက်အလက်များ ပြောင်းလဲရန်ပင်မလိုဘဲ နာမည်ရင်းဖြင့် ဗီဇာ လျှောက်နိုင်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သည့် စစ်အရာရှိကြီးတချို့ကို ဥရောပသို့ ရောက်ခဲ့ပြီးဖြစ်ကြောင်း ရှင်းပြသည်။
အနောက်နိုင်ငံများအနက် ဗြိတိန်နိုင်ငံ နှင့် အမေရိကန်တို့ကသာ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒကို တိတိကျကျ ကျင့်သုံးဟန်ရှိကြောင်း သူက ပြောပြသည်

No comments: