Sunday, January 15, 2012

ပြည်သူတွေ အကျိုးရှိမယ့်အရာကို လုပ်ဆောင်မယ် (ဒေးဗစ်ထော)

Published on January 10, 2012 by
လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကရင်ပြည်နယ် ဘားအံမြို့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှာ​ ဖြစ်ပါတယ်။
ဒေးဗစ်ထော
မနက်ဖြန် ဇန်န၀ါရီ ၁၁​ ရက်နေ့မှာပဲ ကရင်အမျိုးသားအစည်းအရုံး​ ​ငြိမ်းချမ်းရေးကောင်စီအဖွဲ့နဲ့​ အတူ တပ်မဟာခရိုင်က ကိုယ်စားလှယ်ပေါင်း ၁၉ ဦး ဘားအံမြို့ကို ထွက်ခွာသွားဖို့​ ရှိပါတယ်။
ကရင် ​အမျိုးသားအစည်းအရုံး​ အနေနဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့​​ ​တွေ့တဲ့အခါ ဘာတွေ ဆွေးနွေးမလဲ၊ ဘာကြောင့် ကော်မတီဝင် အပါအ၀င် ခရိုင်တပ်မဟာ ကိုယ်စားလှယ်တွေပါ​ သွားရောက် ဆွေးနွေးလဲဆိုတာနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ​ သွားရောက်​ဆွေးနွေးမယ့်​ ​ကေအန်ယူငြိမ်းချမ်းရေး​ ​ကော်မတီ​ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောကို ဆက်သွယ်​ မေးမြန်းထားပါတယ်။
မနေ့တုန်းက အန်ကယ်တို့ အစည်းအဝေး လုပ်ပြီးတော့ သွားမယ့်အဖွဲ့တွေကို ရွေးလိုက်ပြီဆိုတော့ ဘယ်သူတွေကို ရွေးလိုက်တာလဲ။ ဘယ်နှယောက် သွားမှာလဲ ဆိုတာကို ပြောပြပေးပါလား။
“အဖွဲ့ခေါင်းဆောင်ကတော့ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ် စောမူတူးစေးဖိုး ဖြစ်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကျနော်ကတော့ အတွင်းရေးမှူးတယောက်အပြင် ဒု-အဖွဲ့ခေါင်းဆောင်လို့ ပြောလည်းရပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဖွဲ့ဝင်ဖြစ်တဲ့ စောရောဂျာခင် ပါတယ်။ ပဒိုစောအားတိုး ပါတယ်။ နောက် ပဒိုစောအောင်မောင်​အေး ပါတယ်။ ၇ ယောက်ရှိတဲ့အထဲမှာ ၅ ယောက်ပါတယ်။ ခရိုင်ဥက္ကဋ္ဌအနေနဲ့ မြိတ် ထားဝယ်က ဆိုရင် ပဒိုစောကွယ်တူးဝင်း၊ ညောင်လေးပင်ခရိုင်ကဆို ပဒိုစောလေးလော်​ဆော​၊ တောင်ငူခရိုင်ကဆိုရင် ပဒိုစောအယ်ဝါး၊ ဒူးပလားယား ခရိုင်အုပ်စုက ပဒိုစောရွှေမောင်း၊ နောက် တပ်မဟာ ၇ က တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ ၁ ရဲ့ ရုံးထိုင်မှူးကတော့ ဗိုလ်မှူးစောအိသာ၊ နောက် တပ်မဟာ ၆ ရဲ့ ရုံးထိုင်မှူးကတော့ ဗိုလ်မှူးစောရှီးရှို၊ ဗိုလ်မှူးဂျော်နီကို ကူဖို့အတွက်က ဗိုလ်ကြီးဆတ်​ဆေး​​၊​ နောက် ဗဟိုကော်မတီဝင်ဖြစ်တဲ့ ပဒိုသော​သီဘွဲ၊ ပဒိုစောလှထွန်း၊ စောတာမူလာ၊ စောအောင်ဝင်းရွှေ၊ ဆေးမှူးအနေနဲ့ ဆရာဂျီးဂျီ၊ နောက်ဆုံး ၁၉ ယောက်ကတော့ ဗိုလ်ကြီးဆာဆေး ဖြစ်ပါတယ်။”
အန်ကယ်တို့ ဘယ်နေ့စသွားမှာလဲ။
“ကျနော်တို့ ၁၂ ရက်နေ့ တွေ့မှာဖြစ်တဲ့အတွက် ၁၁ ရက်နေ့မှာ သွားပါမယ်။”
အသွားအလာ ကိစ္စက ဘယ်လိုပုံစံနဲ့ သွားကြမှာလဲရှင်။
“အသွားအလာကိစ္စမှာ ကျနော်တို့ ဒီဘက်ကနေပြီးတော့ ထိုင်းအာဏာပိုင်တွေက ကျနော်တို့ကို မြ၀တီဘက်ကမ်းအထိ ရောက်အောင် ပို့ပေးမယ်။ မြ၀တီဘက်ကနေ ဟိုဘက်ကို ၀န်ကြီးဦးအောင်မင်းနဲ့ တခြားသော ခေါင်းဆောင်တွေက စီစဉ်မှုအရ ကျနော်တို့ ခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။”
အန်ကယ်တို့အနေနဲ့ ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီက တာဝန်ရှိသူတွေရယ်၊ နောက်တပ်မဟာက တာဝန်ရှိသူတွေရယ်၊ ခရိုင်ကတာဝန်ရှိသူတွေရယ်၊ ပါဝင်ပြီးတော့ ခေါ်သွားရခြင်းက၊ အဓိက ဘာအကြောင်းတွေ ဆွေးနွေးမှာလဲ။ နောက် ဘယ်လိုမျိုး မျှော်လင့်ထားလဲဆိုတာ အန်ကယ်ပြောပြပေးပါရှင့်။
“ကျနော်တို့ လူစုံတက်စုံနဲ့ သွားရတဲ့အကြောင်းကတော့ တချို့ နယ်မြေကိစ္စတွေက ကာယကံရှင်တွေက ပါဝင်ပြီးတော့ ဆွေးနွေးမှပဲ ရှင်းရှင်းလင်းလင်းနဲ့ သိကြမယ့် အနေအထား ရှိပါတယ်။ ကျနော်တို့ နယ်မြေ အားလုံးကို ကျနော်တို့အနေနဲ့က အသေးစိတ် မသိနိုင်တော့ နယ်မြေခံတွေပါတော့ ဆွေးနွေးပွဲမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ပိုပြီးတော့ နားလည် သဘောပေါက်လိမ့်မယ်ဆိုတဲ့ အချက်ရယ်၊ နောက်တချက်က ကျနော်တို့ဘာတွေ ဆွေးနွေးတယ်ဆိုတာ နယ်မြေခံတွေက ပါဝင်ခြင်းအားဖြင့် သူတို့နယ်မြေအတွင်းမှာ ရှိနေတဲ့ တပ်ရင်းတို့၊ မြို့နယ်နဲ့ လူထုတွေကို ပြန်လည် ရှင်းပြတဲ့အခါ လွယ်ကူတယ်။ ကျနော်တို့ ဗဟိုကချည်းပဲဆိုရင် သွားလိုက်ရှင်းဖို့က တော်တော်အချိန်ယူရမယ်။ သူတို့ပါလာတော့ သူတို့နယ်မြေကို ပြန်ရှင်းပြတာ လွယ်သွားတာပေါ့။”
၂၀၀၄ တုန်းက သွားတဲ့ဆွေးနွေးပွဲနဲ့ အခုသွားမယ့်ဆွေးနွေးပွဲမှာ အခုတခေါက်က ပိုပြီးတော့ လူစုံတက်စုံရှိတယ်။ ဒီလို အစိုးရနဲ့ဆွေးနွေးပြီးတဲ့အခါ တခါတည်း အပစ်အခတ်ရပ်စဲဖို့ကို လက်မှတ်ရေးထိုးခဲ့မှာလား။ ဘယ်လိုမျိုး စီစဉ်ထားလဲရှင့်။
“ကျနော်တို့ကတော့ ဒီဆွေးနွေးပွဲမှာ တဖက်ရဲ့ တင်ပြချက်အရဆိုရင် အပစ်အခတ်ရပ်စဲရေး၊ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းမှာဆိုရင် တယောက်နဲ့ တယောက် အကြောင်းကြားရေး ဆိုတဲ့ကိစ္စ၊ နောက် နိုင်ငံရေးကိစ္စကို ဆွေးနွေးဖို့ ရက်သတ်မှတ်ဖို့ရယ်ဆိုတဲ့ အချက်လေးချက်ကို အဆိုပြုထားတာ ရှိတယ်။ အဒီအပေါ်မှာ အခြေခံပြီးမှ ကျနော်တို့ ကေအန်ယူဘက်ကတော့ အပစ်အခတ် ရပ်စဲရေးကို လုပ်တဲ့အပိုင်းမှာ လိုအပ်တဲ့ အချက်လေးတွေကို တင်ပြဖို့ စီစဉ်ထားတာ ရှိပါတယ်။ အဲဒီဟာကတော့ အဓိက လူထုကိစ္စပါပဲ။ လူထုဆိုတာက ကျနော်တို့ ဒီပြည်သူလူထုတွေက အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ သူတို့အတွက် ဘယ်လောက် အကျိုးရှိတယ်။ ဘယ်လောက် သူတို့အတွက် ကာကွယ်တယ် ဆိုတဲ့ဟာကို ရှိမှသာလျှင် သူတို့ကလည်း အပစ်အခတ် ရပ်စဲရေးပေါ်မှ ယုံကြည်စိတ်ချမယ်၊ နောက်ပြီးတော့ ပါဝင်ပြီးတော့ ကူညီမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် လူထုကတော့ သူတို့အတွက် အကျိုးစီးပွား မရှိတဲ့ အပစ်အခတ် ရပ်စဲရေးကို ထောက်ခံမှာ မဟုတ်ဘူး။ အဲဒါတော့ သေချာတယ်။”
ကေအန်ယူ အနေနဲ့ကလည်း ငြိမ်းချမ်းရေးစပြီးတော့ ဆွေးနွေးပြီးကတည်းက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမယ်ဆိုပြီး နောက်ပိုင်းမှာ လူထုရဲ့ သဘောထားကို လိုက်လံ ကောက်ယူတာမျိုးတွေ ရှိတယ်လေ။ အများအားဖြင့် လာတဲ့ သဘောထားတွေက ဘယ်လိုမျိုးရှိလဲရှင့်။
“လူထုသဘောထားတွေကို ကြည့်မယ်ဆိုရင် လူထုတွေက ငြိမ်းချမ်းရေးကို အင်မတန်မှ လိုလားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးမရှိဘဲနဲ့ စစ်မက်ပဲ ဖြစ်ပွားနေရင် ဘာပဲပြောပြော သူတို့ရဲ့ ဘ၀လုံခြုံရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ ပြန်လည် ထူထောင်ရေးပဲဖြစ်ဖြစ်၊ ဘယ်လိုမှ မလုပ်နိုင်တာကို တွေ့ရှိရတော့ တနေ့တခြား ကျနော်တို့လူထုတွေက ဆင်းရဲတဲ့ဘ၀တွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် သူတို့တွေအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်။ တချို့အကြံပေးချက်တွေကတော့ တခါမှ အပစ်အခတ် ရပ်စဲရေးမလုပ်ခဲ့တဲ့ ကေအန်ယူကို သတိပေးတာတွေ စိုးရိမ်မှုရှိတာတွေတော့ ရှိပါတယ်။ ကျနော်တို့လည်း သူတို့ရဲ့ အကြံပြုချက်တွေကို အရေးတယူ သဘောထားပြီးတော့ သူတို့ အကြံပေးချက် အတိုင်းပဲ ကျနော်တို့ လုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ ရှိနေတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ ဒီပဋိပက္ခဖြစ်တဲ့ နယ်မြေမှာရှိတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျနော်တို့ အလေးထားပါတယ်။ သူတို့ရဲ့ကိစ္စက ကျနော်တို့ရဲ့ ကိစ္စပါပဲ။ ကျနော်တို့ အဖွဲ့အစည်းက ပြည်သူလူထုအတွက် ရပ်တည်တဲ့အဖွဲ့အစည်း ဖြစ်တဲ့ အတွက်ကြောင့်၊ ပြည်သူလူထု အကျိုးမရှိတဲ့ အလုပ်ကိုတော့ ကျနော်တို့ မလုပ်ပါဘူး။ ကျနော်တို့အနေနဲ့ ပြည်သူတွေ အကျိုးရှိမယ့်ဟာကိုပဲ ရည်ရွယ်ပြီး လုပ်ဆောင်သွားမယ် ဆိုတာကို သတင်းစကား​ ပါးချင်ပါတယ်။”

No comments: