Thursday, May 10, 2012

သူ့မယားလိုချင်လျင် သူ့လင်ကို လှံနဲ့ထိုး


By (မင်းစိုးစံ)
May 08 2012

ခေါင်းစည်းကတော့ နည်းနည်းရိုင်းတယ်။
အခုအခြေအနေက ဒီခေါင်းစည်းနဲ့ပဲ ထိုက်တန်ပြီး သင့်တင့်လျှောက်ပတ်တယ်။
သူ့မယားလိုချင်လို့ သူ့လင်ကို လှံနဲ့ထိုးနေတာ ဘယ်သူလဲဆိုတာကိုတော့ ကျုပ်လည်းမသိပါဘူး။

မကွယ်မ၀ှက်ပြောကြစတမ်းဆိုလျင် အမတ်ကြီးလက်ဝဲသုန္ဓရ ရေးထားတဲ့ အမျက်ဖြေလင်္ကာတွေထဲက တပိုင်း တစလိုပါပဲ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ သူတယောက်မှာ ပျက်လင့်ကစာ ဓမ္မတာတည်း ဆိုသ
လိုပေါ့။

ထိုင်းနိုင်ငံရဲ့ စီးပွါးရေးတိုးတက်ဖွံ့ဖြိုးဘို့အတွက် ကျုပ်တို့ ကရင်လူမျိုးတွေရဲ့ ဘ၀တွေ၊ အသက်တွေ၊ ချွေးတွေ
သွေးတွေ၊ ကိုယ်ခန္ဓာ အစိပ်အပိုင်းတွေ၊ အသွေးအသားတွေ၊ မျက်ရည်တွေ မရေမတွက်နိုင်အောင်ပေးဆပ်ခဲ့
ကြရတယ်။
ယုံရဲ့လား။

ကျုပ်ဖြတ်သန်းလာခဲ့ရတဲ့ ကာလတခုတည်းမှာပဲ မှတ်မိသလောက်ဆို မနည်းမနောပါ။
လွန်ခဲ့တာတွေကို ပြောချင်လို့မဟုတ်ပါဘူး၊ ပြောလိုက်လျင် ကျုပ်တို့တတွေရဲ့ ပျက်ဆီးသွားခဲ့ရတဲ့ ဘ၀တွေ၊ ထိုင်းမြေပေါ်မှာကျခဲ့တဲ့ သွေးတွေ၊ မျက်ရည်တွေ၊ ဆုံးရှုံးခဲ့ရတဲ့ အသက်တွေ၊ ကိုယ်အင်္ဂါအစိပ် အပိုင်းတွေ
ပြန်ပြီးအသစ်ဖြစ်လာစရာ ရှင်သန်လာစရာမရှိတဲ့အပြင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အဖြစ်မျိုးကလွဲပြီး ဘာမျှထူးခြားမလာပါဘူး။

မဲဆောက်ကနေ ဘန်ကောက်ကိုသွားတဲ့ လမ်းကြောင်းတစ်လျှောက် အသွေးအသားတွေပေးဆပ်လိုက်ရတဲ့
မြန်မာနိုင်ငံရဲ့ သမီးကောင်းရတနာလေးတွေ ဘယ်လောက်များခဲ့သလဲ၊ အစားအသောက်ထုတ်လုပ်တဲ့ စက်ရုံ
တွေမှာ အသက်ဆုံးရှုံးခဲ့ကြရသူတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခဲ့ကြရသူတွေ စာရင်းပြုစုထားတာမရှိပါဘူး။
များမှများ၊ ဘာလျော်ကြေးမျှ မရပါဘူး။

အိမ်ဖေါ်မလေးတွေ အိမ်ရှင်ထီးရဲ့ သားမယားပြုကျင့်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားကြတာ ကြားဘူး
ပါသလား။
သူ့လင်ယောက်ျားက ကိုယ့်ကိုသားမယားပြုကျင့်လို့ဆိုပြီး ဇနီးဖြစ်သူရဲ့အကူအညီရကောင်းရဲ့ဆိုပြီး သွားပြောမိ
လျင်  
ငါ့ယောက်ျား အပြင်မှာသွားပျော်လျင် ပိုက်ဆံလည်းကုန်တယ် ရောဂါလည်းကြောက်ရတယ် အခန့်မသင့်
လျင် အငယ်မယားတွေနဲ့ ဝေစုခွဲရတတ်တယ်၊ ဒါကြောင့် နင်တို့ကို အခုလို ငှားထားတာပေါ့ မုနော်
လို့ အပြောခံခဲ့ရတဲ့ ကရင်မလေးတွေ ဘယ်လောက်ရှိခဲ့သလဲ၊

လိင်ဖျော်ဖြေရေးလုပ်ငန်းမှာ အလိုမတူပဲ အတင်းအကြတ် ရောင်းစားခံရတဲ့မိန်းကလေးတွေကို လုပ်အားခ မပေးတာတွေ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ရစရာရှိတဲ့လုပ်အားခတောင်းမိလို့ အသတ်ခံရတဲ့ မြန်မာနိုင်ငံသား
တွေ၊ ကျည်ဆံယူမလား ဒီအတိုင်းပြန်မလား ဆို တဲ့နာကျည်းစရာအစော်ကားခံခဲ့ရမှုတွေ၊ အဲဒါတွေအားလုံး
ဟာ ထိုင်းနိုင်ငံစီးပွါးရေးတိုးတက်ဘို့အတွက် ကျုပ်တို့တတွေ လူမသိသူမသိ ပေးဆပ်ခဲ့ရတဲ့ အချက်တွေထဲ
က အသေးအဖွဲ ကိစ္စလေးတွေပါ။

၁၉၈၀ မတိုင်မှီတုန်းက ကော်မူးရာနဲ့ မဲဆောက်ကြား ကားလမ်းပေါ်မှာ အသတ်ခံခဲ့ရတဲ့ ကရင်သူဌေးတွေ ဘယ် လောက်ရှိခဲ့သလဲ၊ ဓါးပြတိုက်ခံရလို့ ငွေကြေးဆုံးရှုံးခဲ့ရတဲ့ ကရင်ကုန်သည်တွေဘယ်လောက်ရှိခဲ့သလဲ၊
အခု အင်မတန်ခန့်ညားထည်ဝါတဲ့ မဲဆောက်မြို့ဆိုတဲ့နေရာမှာ အဆောက်အဦးတွေဆောက်ဖြစ်ဘို့ မြေကြီး
တွေ ဘယ်ကရတယ်ထင်သလဲ။

မဲဆောက်ဆိုတာ အလျင်တုန်းက ရေအိုင်တွေရေကန်တွေနဲ့ပြည့်နှက်နေတာပါ၊ကျုပ် တို့ ကန်ဇွန်းရွက်စားချင်
လျင် ၀ယ်စားဘို့မလိုပါဘူး မဲဆောက်ကရေအိုင်တွေမှာ သွားခူးစားပါတယ်။
ရန်ကုန်က ကမာရွတ်လိုနေရာမျိုးနဲ့တူတဲ့ မဲဆောက်မှာ တချိန်တုန်းက ရေအိုင်တွေချည်းပဲဆိုတာ ဘယ်သူယုံ
မှာ လဲ၊ အဲဒီလို အစစအရာရာ အရာရာအစစ ပေးဆပ်ခဲ့ရတဲ့အတွက် အခုဆိုလျင် မဲဆောက်မြို့ကြီးဖြစ်လာခဲ့
သလို ထိုင်းနဲ့ မြန်မာအတွက် စီးပွါးရေးအချက်အခြာကျတဲ့ ခန်းနားထည်ဝါတဲ့ နယ်စပ်မြို့တမြို့ဖြစ်လာခဲ့ပါပြီ။

ထိုင်းသူဌေးတွေက ကျုပ်တို့ကရင်တွေကို သူတို့လုပ်ငန်းတွင်ကျယ်ဘို့အတွက် ရေခဲဗူးတွေထဲမှာ ယာမား (မြင်းဆေး) နဲ့ ရေကို စိမ်ပြီးတိုက်လေ့ရှိပါတယ်၊ ဆံပြုတ်တွေထဲ ထည့်ကျွေးပါတယ်၊ အဲဒီလိုနည်းနဲ့ ကရင်
တွေရဲ့ ဘ၀ ကို ဖျက်ဆီးပစ်ခဲ့တာပါ။
ယာမား ဆိုတာဗမာလို မြင်းဆေးလို့ခေါ်ပြီး ကရင်လို သီးက်ုသှေ် လို့ခေါ်ပါတယ်၊ အဲဒီကနေ ယာဘါ့ ဆိုပြီးဖြစ် လာတော့ ဗမာလို အရူးဆေးလို့ခေါ်ပြီး ကရင်လို သီးဆု္ဖႜဴၟ လို့ခေါ်ပါတယ်။

အဲဒီတော့ မြင်းဆေးကြောင့်ဘ၀ပျက်ပြီး လမ်းဘေးရောက်နေတဲ့ ကရင်တစ်ယောက်ပြောတာက မဲဆောက်မြို့
ဆိုတာ ငါ့ပိုက်ဆံနဲ့တည်ထားတဲ့ မြို့ကွ တဲ့။
သူငယ်ငယ်လေးထဲက မဲဆောက်ကို ရောက်နေခဲ့တာကိုး။

ကရင်ကုန်သည်တွေကို ထိုင်းကားသမားနဲ့ ထိုင်းပုလိပ်တို့ပေါင်းပြီး ငွေညှစ်တာကြောင့် ကရင်ကုန်သည်တွေ ဘယ်လို ဘ၀ပျက်ခဲ့ရသလဲဆိုတာ ရေးပြရဦးမလား၊ ထိုင်းက အသိအမှတ်ပြုထားတဲ့ လက်မှတ်ကိုကိုင်ထား လျက်က မဲပ ပုလိပ်ဂိတ်မှာ ငွေပေးခဲ့ရတာတွေ၊ ဆိုင်ကယ်နဲ့ပုလိပ်ကို ငွေပေးရတာတွေ၊အဲဒါတွေကြောင့် ကရင် အမျိုးသားစီးပွါးရေးသမားတွေလက်ထဲက အ၀ယ်သမားတွေထိုင်းလက်ထဲ ရောက်ကုန်ပြီး ကရင်စီးပွါးရေးသမား အတော်များများ ထိုင်းတပည့်ဖြစ်သွားရတာတွေ။
ကျုပ်တို့ကရင်တွေကို နာလန်မထူနိုင်အောင် ထိုင်းတွေရဲ့ နည်းပေါင်းစုံနှိပ်ကွပ်ပုံတွေကတော့ မေ့လို့မရနိုင်တဲ့ တကယ့် အဖြစ်အပျက်တွေပါ၊
အဲဒီအကြောင်းအရာတွေက ကျုပ်တို့အခုပြောပြောနေတဲ့ ဒုက္ခသည်စခန်းဆိုတာ မပေါ်သေးခင်ကာလက အဖြစ်အပျက်တွေပါ။

ထိုင်းမြန်မာနယ်စပ် တိုက်ပွဲတွေအရှိန်မြင့်လာတဲ့အခါမှာတော့ ဒုက္ခသည်စခန်းထဲကို ၀င်လာပြီး၊ သူတို့သတ် ချင်တဲ့လူကို ခပ်တည်တည် ပစ်ခတ်သတ်ဖြတ်သွားတာတွေ၊ အဲဒီအချိန်တုန်းက UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တာဝန်ယူတဲ့ကာလမဟုတ်သေးသလို ထိုင်းကလည်း စစ်ဘေးဒါဏ်
ကြောင့် ခေတ္တ၀င်ရောက်ခိုလှုံနေသူများ လို့သာသတ်မှတ်ထားတဲ့ကာလပါ။

စခန်းထဲကနေ မဲဆောက်ကိုသွားမယ်ဆိုလျင် ထိုင်းနယ်ခြားစောင့်တပ်(အောစော်)ကို ဘတ်တဆယ်ပေးမှ သွား ခွင့်ရှိတာမျိုးတွေ၊ နေ့စားအလုပ်လုပ်ဘို့ ခွေးတိုးပေါက်က ထွက်လို့ဆိုပြီး နားရင်းတီးခံရတဲ့ ကရင်ဒုက္ခသည်တွေ၊ အဲဒီလို လူ့ဂုဏ်သိက္ခာမဲ့စွာနဲ့ ညှိုးညှိုးငယ်ငယ် နေထိုင်လာခဲ့ကြရတဲ့အပြင် ဘန်ကောက်မှာ ရိုးရိုးကုတ်ကုတ် လုပ်ကိုင်စားသောက်ဘို့ ထွက်သွားကြတဲ့ ကရင်မိန်းကလေးငယ်တွေထဲက ကံဆိုးတဲ့မိန်းကလေး တချို့ဆိုလျင် လည်း လိင်စိတ်ကြွဆေးတွေကျွေးပြီး လူမှန်းသူမှန်းမသိဖြစ်လာတော့မှ ဒုက္ခသည်စခန်းထဲ မှောင်ရိပ်ခိုလာချ သွားလို့ အပေါ်ပိုင်းဗလာကျင်းနေတဲ့ကိုယ်ခန္ဓာနဲ့ မိုးရေထဲလျှောက်ပြေးနေရှာတဲ့ မိန်းကလေးငယ်လေးရဲ့ အဖြစ်
က ကြည့်ရက်စရာကိုမရှိပါဘူး။
(HIV ဝေဒနာသည် မိန်းကလေးတစ်ယောက်ပြောပြခဲ့တဲ့ အတွေ့အကြုံကို အဆင်သင့်တဲ့တနေ့ ရေးပြပါဦးမယ်)

ဒါတွေကိုပြန်ရေးပြရတာကတော့ RFA မြန်မာပိုင်းဌာနက ဦးတင်အောင်ခိုင်နဲ့ DKBA ဗိုလ်ချုပ်စောလားပွယ် တို့ ဆက်သွယ်မေးမြန်းခန်းက ဖြေသွားတဲ့အဖြေတခုကြောင့်ဖြစ်ပါတယ်။

သူတို့ဘာ့ကြောင့်အခုလိုစွပ်စွဲတယ်လို့ထင်သလဲခင်ဗျ 

အဲဒါ စီးပွါးရေးအရပေါ့ ကရင်ပြည်နယ်ကရှိတဲ့ သယံဇာတရော စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်တွေကို သူတို့လိုချင်လို့ အခုလိုစွပ်စွဲတာလို့ ကျနော်မြင်တယ်။
ဟုတ်သည် မဟုတ်သည် ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကတော့ ကာယကံရှင်တွေအသိဆုံး။
ကျုပ်သိရတဲ့ အချက်တစ်ချက်ကတော့ တပ်မဟာ ၆ ခွင်(ဂွင်)ထဲမှာ အဘိုးတန်သတ္တုတွေထဲက တခုဖြစ်တဲ့ ယူရေနီယံဓါတ်သတ္တုသိုက် ရှိတယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်စောလားပွယ်ဦးဆောင်တဲ့ ကလိုထူးဘော ကရင်အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး စောဂုဏ်
အောင် နဲ့ ဘီဘီစီ မြန်မာပိုင်းဌာနက သတင်းထောက်ဦးကိုကိုအောင်တို့ ပြောဆိုကြတဲ့အထဲက ပြောသွားတာ တခုက

ကျနော်တို့ဗမာပြည်မှာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့အခြေအနေတွေက တခါတရံမှာ ဒီလူတစ်ယောက်ကို ဟုတ်လား ရှင်းပစ်ချင်တာမျိုး ဒီလူတစ်ယောက်ကို နာမည်ပျက်စေချင်တာမျိုး ဖြစ်လာတဲ့အခါမျိုးမှာ ပွင့်ပွင့်လင်းလင်းပြော ရလျင် တရားခံဖြစ်သွားအောင် ဒီလိုနည်းမျိုးတွေနဲ့လုပ်တဲ့ အခြေအနေတွေ အများကြီးရှိတယ်ဆိုတဲ့ဥစ္စာလည်း 
ဒါ ဗမာပြည်သူပြည်သားတိုင်းသိရှိကြပါတယ်ခင်ဗျား။ 

အဲဒီစကားလုံးတွေကို ထောက်ခြင်းဖြင့် သူ့မယားကိုလိုချင်လျင် သူ့လင်ကိုလှံနဲ့ထိုးဆိုတဲ့ စကားမျိုးကို လက်တွေ့ ဖန်တည်းနေတာများလားဆိုတာ တွေးစရာကောင်းလှပါတော့တယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

No comments: