Thursday, May 10, 2012

ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဆီး လွှဲပြောင်းရယူနိုင်ရန် ထိုင်း ဒု ၀န်ကြီးချုပ် မြန်မာနိုင်ငံကို သွားမည်

 
 ၂၀၁၂ မေလ ၈ ရက်နေ့ ထိုင်းနိုင်ငံသတင်းများတွင် “ထိုင်း မူယစ်ဆေးဝါး အရာရှိတွေနဲ့ မြန်မာအာဏာပိုင်တွေရဲ့ ဆွေးနွေးမှု အဆင်မပြေ ဖြစ်ရင် မူးယစ်ဆေးဝါး ထုတ်လုပ်သူလို့ ထိုင်းနိုင်ငံက သံသယရှိနေတဲ့ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဆီး လွှဲပြောင်း ရယူနိုင်ရန်အတွက် မြန်မာနိုင်ငံကို သွားရောက်နိုင်ရန် ပြင်ဆင်မှာဖြစ်ကြောင်း ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း (Chalerm Yubumrung) က ပြောကြားလိုက်တယ်“ လို့ ဖော်ပြထားပါတယ်။ အခု ပြောကြားချက်ဟာ ထိုင်း မူးယစ်ဆေးဝါး ထိမ်းချုပ်မှု အဖွဲ့က ဧပြီ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေငြာခဲ့တဲ့ မူးယစ်ရာဇာ ၂၅ ဦး စာရင်းမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင် ဗိုလ်ချုပ် စောလှဘွယ် (ခ) ဗိုလ်ချုပ် နှုတ်ခမ်းမွှေးအမည် ပါဝင်ခဲ့ပြီး ထိုကိစ္စနဲ့ ပတ်သက်လို့ ဒီကေဘီအေဘက်က သတင်းစာရှင်းလင်းပွဲ ပြန်လည် ပြုလုပ်ပြီးနောက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုင်း အစိုးရရဲ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး ထိုင်းတာဝန်ရှိသူတွေအနေနဲ့ ဒီကေဘီကေ ထိမ်းချုပ်ရာဒေသက သံသယရှိတယ်ဆိုတဲ့ နေရာတွေကို ၀င်ရောက် ရှာဖွေနိုင်ကြောင်း ဗိုလ်ချုပ်နှုတ်ခမ်းမွှေးဘက်က ဖိတ်ခေါ်ခဲ့ပါတယ်။ သို့သော်လည်း ထိုင်း အစိုးရဘက်က တုန့်ပြန်ခြင်း မရှိတဲ့နောက် မေလ ၁ ရက်နေ့တွင် ဒီကေဘီအေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထိုကိစ္စမှတဆင့် ထိုင်း မြန်မာ နယ်စပ် ဆက်ဆံရေးကို ထိခိုက်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ထို့အပြင် စွတ်စွဲမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ မူးယစ်ဆေးဝါးဆိုင်ရာ အဖွဲ့များ လာရောက် လေ့လာ ကြည့်ရှုဖို့ ဖိတ်ခေါ်မယ်လို့လည်း ဒီကေဘီအေဘက်က ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ ကန့်သတ်မှုကြောင့် ထို သတင်းစာရှင်းလင်းပွဲကို ထိုင်း မီဒီယာ အများအပြား တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ထို့နောက်မှာ ဒီကေဘေအေက သူတို့ ထိမ်းချုပ်ထားတဲ့ ထိုင်း မြန်မာနယ်စပ်ဂိတ်များကို ပိတ်ပစ်လိုက်ပါတယ်။ ထိုင်းနိုင်ငံဘက်က ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ဖမ်းမိရင် ဆုငွေ ဘတ် တသန်းပေးမယ်လို့ ကြေငြာထားပြီး ချက်ခြင်း လက်ငင်း ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်ရင် ထိုင်းနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ဖြတ်ပစ်ဖို့ကိစ္စဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ထိုင်း ဒု ၀န်ကြီးချုပ်က ပြောဆိုထားပါတယ်။ ဒီကေဘီအေ ထိမ်းချုပ်ရာဒေသ ထိုင်း မြန်မာနယ်စပ်အနီး ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ဖမ်းဆီးမိတဲ့ စိတ်ကြွဆေးပြား ၉.၄ သန်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို အခုလို ဆုငွေထုတ်ကာ ဖမ်းဆီးဖို့ ကြေငြာခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးအဖွဲ့ဟာ မြန်မာအစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ဖိအားပေးခြင်းကို ငြင်းဆန်တဲ့ ဒီကေဘီအေအဖွဲ့ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မြ၀တီမြို့ကို ခေတ္တ သိမ်းပိုက်ခဲ့သူများလည်း ဖြစ်ပါတယ်။ ထို့နောက်ပိုင်း မြန်မာအစိုးရတပ်များနဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးတို့ရဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်များအကြား ကာလအတန်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြပါတယ်။ ကရင်အမျိုးသား တပ်မတော်က ခွဲထွက်ခဲ့တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်များနဲ့ မြန်မာစစ်အစိုးရတို့ ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ဒီကေဘီအေ ထိမ်းချုပ်ရာဒေသများတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ ထို ထုတ်လုပ်မှုဟာ မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောတူခဲ့တဲ့ ဒီကေဘီအေ တပ်မှူးများက ထုတ်လုပ်တာလား၊ ဒါမှမဟုတ် ဘယ်သူ ထုတ်လုပ်တာလဲဆိုတာကတော့ သေချာ ရေရာ မသိသေးပါဘူး။ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးတပ်များဟာ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ သဘောမတူခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ပြသတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်တဲ့အတွက် သဘောထားတင်းမာတဲ့ မြန်မာအာဏာပိုင်များက ထိုင်းအစိုးရကို တဖက်လှည့်နဲ့ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်း ထုတ်စေတာလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်များအရ အတိမ်းအစောင်းမခံနိုင်တဲ့ အခုအချိန်မှာ ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ထိုင်းဘက်က ဆုငွေထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပြဿနာများ ဖြစ်လာမှာကိုတော့ စိုးရိမ်နေကြရဆဲ ဖြစ်ပါတယ်။

No comments: