Wednesday, July 15, 2009

ဒီကေဘီအေနှင့် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ကေပီအက်ဖ်) ကေအဲန်ယူထံ လာရောက်ပူးပေါင်း

ဖါးစည်သံ ။ ဇူလိုင် ၁၃ ရက် ၂၀၀၉
ကရင်ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်အချို့သည် လာမည့် ၂၀၁၀ တွင် နအဖ၏အစီအမံဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရမည့်ကိစ္စကို လက်မခံနိုင်သဖြင့် မိခင်အဖွဲ့အစည်းနှင့် ပြန်လည်ပူးပေါင်းခဲ့ကြသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU ကပြောသည်။
ယခုလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ဒီကေဘီအေနှင့် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ကေပီအက်ဖ်) မှ တပ်ရင်းမှူးတဦးအပါအဝင် အဖွဲ့ဝင် ၇၀ သည် လက်နက် ၇၁ လက်နှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်းရှိ တပ်စခန်းများသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။

ယခုလာရောက်ပူးပေါင်းသူများနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၏ အထွေထွေအတွင်းရေး မှူး နော်စီဖိုးရာစိန်က “သူတို့အဓိကပြန်လာရတဲ့အကြောင်းကတော့ နအဖရဲ့အစီအမံနဲ့ နယ်ခြားစောင့်တပ်လုပ်ရမှာ ရယ်၊ ကရင်အချင်းချင်း ပြန်တိုက်ရမှာရယ်ကို မလုပ်ချင်တာကြောင့် သူတို့ပြန်လာပူးပေါင်းကြတာ ဖြစ်တယ်။
သူတို့ကို နွေးနွေးထွေးထွေးလက်ခံ ကြိုဆိုခဲ့ပါတယ်” ဟု ပြောသည်။
ပြန်လာသူများထဲတွင် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့၏ အမှတ် ၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောလေးဝါး နှင့် အဖွဲ့ဝင် ၄၅ ဦး လက်နက် ၃၈ လက်၊ လမ်းလျှောက်စကားပြောစက် ၁၀ လုံးနှင့်အတူ ပါရှိပြီး ဒီကေဘီအေ တပ်ရင်း ၉၀၁ နှင့် ၉၀၆ မှ တပ်ဖွဲ့ဝင် ၂၅ ဦး လက်နက် ၃၃ လက်၊ စကားပြောစက် ၅ လုံးနှင့်အတူ လာရောက်ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။
လာရောက်ပူးပေါင်းသူများ၏အဆိုအရ ကရင်အမျိုးသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရမည့် ကိစ္စရပ်များကို မနှစ်မျို့ သဖြင့် ယခုကဲ့သို့ လာရောက်ပူးပေါင်းရခြင်း ဖြစ်သည်ဟု ဒီကေဘီအေအဖွဲ့ဝင် တဦးကပြောသည်။
ပြန်လည်ပူးပေါင်းလာသူ ကေပီအက်ဖ် အမှတ် ၃ တပ်ရင်းမှူးစောလေးဝါးနှင့်ပတ်သက်၍ မြန်မာအာဏာပိုင်များသည် ကရင်ခွဲထွက်အဖွဲ့အသီးသီးနှင့် ကရင်ပြည်နယ်အတွင်း ဝါဒဖြန့်ပြောဆိုရာတွင် စောလေးဝါး၏ဇနီး သည် မူးယစ် ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတဦးဖြစ်ပြီး အရေးယူခံရမည်ကို ကြောက်ရွံ့သဖြင့် ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဝါဒဖြန့်ပြောဆိုလျက်ရှီသည်။
ယခင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၁၆ ၏ တပ်ရင်းမှူးဟောင်းဖြစ်သူ ဟောင် သရောငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် စောသူးမူဟဲ ဦးဆောင်သည့်အဖွဲ့ ၄၉၆ ဦးသည် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကေအဲန်ယူမှခွဲထွက်ပြီး ယခင် နဝတ ထံတွင် လက်နက်ချခဲ့ပြီး ထိုနှစ်မှာပင် ကေပီအက်ဖ် အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
ထိုစဉ်က စောသူးမူဟဲနှင့်အဖွဲ့ဝင်များ လက်နက်ချသည့်အခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသရာ တွင် ယခင် နဝတ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တက်ရောက်ခဲ့ပြီး အခန်းအနားကျင်းပရာကွင်း မြေပြင်တွင် ခင်းကျင်းပြသထားသည့် လက်နက်ခဲယမ်းများနှင့် ကရင်အမျိုးသားအလံပေါ်သို့ စစ်ဖိနပ်ဖြင့်နင်းကာ လမ်းလျှောက် ကြည့်ရှုခဲ့သည့်အတွက် နိုင်ငံတကာရောက်ကရင်များက ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကို ကန့်ကွက်ဆန္ဒပြ ခဲ့ကြသည်။
၁၉၉၄ ခုနှစ်က ကေအဲန်ယူမှခွဲထွက်ပြီး နအဖနှင့် ပူးပေါင်းသွားသည့် ဒီကေဘီအေ၊ ၉၇ ခုနှစ်တွင် နအဖနှင့်ပူးပေါင်း သွားသည့် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့အပါအဝင် နအဖနှင့်ပူးပေါင်းသွားသည့် ကရင်ခွဲထွက်အဖွဲ့ ၆ ဖွဲ့ရှိသည်။
ဖါးစည်သံ

No comments: